[Zawgyi]
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ မက်ဒလင်းအောဘရိုက် (Madeleine Albright) ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့က ကင်ဆာရောဂါနဲ့ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုဆိုဗိုစစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ မြောက်ကိုရီးယား အရေးကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ ချမှတ်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့သလို၊ အောင်မြင်တဲ့ ထိပ်တန်း သံတမန်တဦးအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ သာမန်ထက် ထူးခြားတဲ့ သူ့ရဲ့ ဘဝဖြတ်သန်းမှုနဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့ပုံတွေက အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေအတွက် လေးစား ဂုဏ်ယူစရာ၊ အတူယူစရာ ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်သူ Madeleine Albright အကြောင်း တစေ့တစောင်းကို ဒီတပတ်အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
မက်ဒလင်းအောဘရိုက် ဟာ အမေရိကန်ရဲ့ အမြင့်ဆုံး သံတမန်ရာထူးကို သမ္မတ Bill Clinton လက်ထက် ၁၉ ၉ ၆ ခုနှစ်မှာ အဆိုပြု ခန့်အပ်ခံခဲ့ရပြီး အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ အဲ့ဒီအချိန်က အမေရိကန် အစိုးရသမိုင်းမှာ တာဝန်အမြင့်ဆုံး ထမ်းဆောင်ခွင့်ရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၄ နှစ် တာဝန် ထမ်းခဲ့တဲ့ကာလအတွင်း ဘော်လ်ကန်စစ်ပွဲ၊ မြောက်ကိုရီးယား နျူကလီးယားအရေး နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အစွန်းရောက်တွေ ကြီးထွားလာတဲ့ ပြဿနာတွေကို ရှေ့တန်းကနေ ဦးဆောင် တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ရေးဆွဲချမှတ်ရာမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ခဲ့သလို၊ သူ့ရဲ့ အောင်မြင်တဲ့ သံတမန်ရေး စွမ်းဆောင်မှုတွေကြောင့် အမျိုးသမီးဝန်ကြီး “Madam Secretary” ဆိုပြီး လူသိများ ထင်ရှားခဲ့ပါတယ်။
ဝန်ကြီး အောဘရိုက်ဟာ အားလုံးအတွက် စံပြ ပုဂ္ဂိုလ်တဦးပါပဲလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးဒ်လ် (Linda Thomas-Greenfield) က အောဘရိုက် ကွယ်လွန်ချိန် ဝမ်းနည်းကြောင်း သဝဏ်လွှာနဲ့အတူ ပြောကြားခဲ့ပါတယ်။
“သူဟာ အများ လေးစားချင်ခင်တဲ့ စံပြ ခေါင်းဆောင်တယောက်ပါ။ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန် ထမ်းဆောင်မှုတွေက အမေရိကန် ပြည်ထောင်စုကိုရော ကုလသမဂ္ဂကိုပါ ပိုပြီး ခိုင်မာ အားကောင်းစေ ခဲ့ပါတယ်။ ကုလသမဂ္ဂမှာ… ဒီကနေ့ကမ္ဘာကြီးမှာ မေ့ပျောက်မသွားနိုင်တဲ့ အရာတွေကို ချန်ထားပေးခဲ့သူပါ။”
လက်ရှိသံအမတ်ကြီး သောမတ်စ်ဂရင်းဖီးဒ်လ် ရဲ့ နေရာမှာ တချိန်က အောဘရိုက် တာဝန်ထမ်းခဲ့တာပါ။ ကလင်တန် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး တာဝန်မယူခင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းခဲ့တာ ဖြစ်ပြီး သမ္မတ ကာတာ အစိုးရလက်ထက်မှာလည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီမှာ တာဝန်ထမ်းခဲ့ ဖူးပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာချိန်မှာတော့ အဲ့ဒီအချိန်က ဘော်လ်ကန်ဒေသ တခုလုံးကို ခြိမ်းခြောက်ခဲ့တဲ့ ၁၉ ၉ ၈ ခုနှစ် ကိုဆိုဗို စစ်ပွဲ ပဋိပက္ခ အဆုံးသတ်ရေးက သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ ကိုဆိုဗိုအရေး နဲ့ပတ်သက်လို့ အောဘရိုက်က ခုလို ပြောခဲ့ပါတယ်။
“အကြမ်းဖက်မှုတွေ တိုးလာတာက ဘော်လ်ကန်ဒေသအတွက် ဆုတ်ယုတ်မှုပါ။ ဒီစစ်ပွဲ မရပ်သ၍ တင်းမာမှုတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်ပါတယ်။ တတိုင်းပြည်လုံး ပြည်တွင်းစစ် ဖြစ်ပြီး ဘောစနီးယားမှာ ငြိမ်းချမ်းရေး ပျက်သုဉ်းလာနိုင်သလို၊ အိမ်နီးချင်း နိုင်ငံတွေကိုပါ ပျံ့နှံ့လာနိုင်ပါတယ်။”
ဒါကြောင့် ကိုဆိုဗို ပဋိပက္ခ အဆုံးသတ်ရေးအတွက် အောဘရိုက် ဟာ ရှေ့တန်းကနေ ဦးဆောင် တုံ့ပြန်ခဲ့ပါတယ်။ ကိုဆိုဗို အယ်လ်ဘေးနီးယန်း တွေကို လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်နေတဲ့ ယူဂိုဆလပ် ခေါင်းဆောင် ဆလိုဘိုဒန် မီလိုဆဲ့ဗစ်ချ် (Slobodan Milosevic) ကို ဖယ်ရှားဖို့အတွက် ယူဂိုဆလားဗီးယားကို ဝင်တိုက်ဖို့ သမ္မတ ကလင်တန်ကို အောဘရိုက် က တိုက်တွန်းခဲ့ပါတယ်။ ကိုဆိုဗိုဒေသထဲ ကျူးကျော် တိုက်ခိုက်နေတဲ့ ဆာဘီးယား တပ်တွေကို မြောက်အန္တလန်တိတ် နေတိုး မဟာမိတ် တပ်ဖွဲ့တွေ ဝင်တိုက်ပေးတဲ့အထိ ဖြစ်လာအောင် အောဘရိုက် ဦးဆောင် ကြိုပမ်းခဲ့တာကြောင့် “အောဘရိုက်စစ်ပွဲ” လို့တောင် ပြောခဲ့ကြတာပါ။ သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့်ပဲ ကိုဆိုဗိုဒေသမှာ ငြိမ်းချမ်းရေး ရခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူ့ရဲ့ လုပ်ဆောင်ချက်အတွက် ဂုဏ်ယူတယ်လို့ အောဘရိုက် က ပြောလေ့ရှိပါတယ်။
“ကျမအတွက် ဂုဏ်အယူဆုံးကတော့ ကိုဆိုဗိုအရေး ဆောင်ရွက်ခဲ့တာပါ။ ဘော်လ်ကန်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အတွက် ကျမ အများကြီး စိုးရိမ်ခဲ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေး မတူတာကြောင့်နဲ့ လူတွေ သတ်ဖြတ်ခံနေရတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေဖို့ ဆိုတာ သိပ် ခက်ပါတယ်။ ဒီအခြေအနေ ပြောင်းလဲအောင် ကူညီ ဖြေရှင်းပေးနိုင်တဲ့ အနေအထားမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆောင်ရွက်ပေးခဲ့တာက အင်မတန်ကိုပဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ အခုဆိုရင် ကိုဆိုဗို ပြည်သူတွေအနေနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်သွားပါပြီ။ အဲ့ဒီခေတ် မျိုးဆက်တခုလုံးမှာ မွေးဖွားလာတဲ့ မိန်းကလေးငယ်တွေရဲ့ နာမည်တွေလည်း မက်ဒလင်း ဆိုပြီး ဖြစ်သွားပါတယ်။”
သူ ကွယ်လွန်ချိန်မှာတော့ ကိုဆိုဗို ပြည်သူတွေလည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ကိုဆိုဗိုမှာ သူ့အတွက် ဂုဏ်ပြု တည်ဆောက်ထားတဲ့ မက်ဒလင်းအောဘရိုက် ကျောက်ရုပ်တုရှေ့ ကို ကိုယ်တိုင် သွားရောက်ပြီး လွမ်းသူပန်းခွေ ချခဲ့တဲ့ ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) က ခုလို ပြောပါတယ်။
"ဝန်ကြီး မက်ဒလင်းအောဘရိုက် လို နိုင်ငံရေး၊ သံတမန်ရေးနဲ့ သမိုင်းနောက်ခံ အားလုံးကို အကောင်းဆုံး ပေါင်းစပ်ထားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးက အင်မတန် ရှားပါတယ်။ ၁၉ ၉ ၉ ခုနှစ် နွေဦးမှာ ဆားဗီးယားရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ်တန့်အောင် ကိုဆိုဗိုဒေသထဲ နေတိုး မဟာမိတ်အဖွဲ့တွေ ဝင်တိုက်ပေးခဲ့တဲ့ ဖြစ်ရပ်က မက်ဒလင်းအောဘရိုက် ရဲ့ အထင်ကရ အမှတ်တံဆိပ် ပါပဲ။ ဒီအတွက် သူ့ကို ကျနော်တို့ အထူး ကျေးဇူးတင်သလို၊ အမြဲတမ်း ဆက်ပြီး ကျေးဇူးတင် သွားမှာပါ။”
မက်ဒလင်း အောဘရိုက် ဟာ ကိုဆိုဗိုအရေးမှာ သာမက မြန်မာအပါအဝင် တခြား နိုင်ငံတကာ ရေးရာတွေမှာ ရှေ့တန်းက ဦးဆောင် တုံ့ပြန်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေထဲ အာဖရိကတိုက် HIV/AIDS ရောဂါ တိုက်ဖျက်ရေး၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီး နဲ့ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့တာအပြင် အရှေ့အလယ်ပိုင်း ဒေသ အစွန်းရောက် ပြဿနာ ကိုင်တွယ်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသူ တဦးဖြစ်သလို၊ ၁၉ ၉ ၅ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ်တွေမှာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ် ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားကို တက်ရောက် ခဲ့သလို၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီခေါင်းဆောင်တွေနဲ့ရော တခြားနိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
သံတမန်ရေးရာ လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီး Albright ဟာ သူ့ ငယ်စဉ်ဘဝကို လွယ်လွယ်ကူကူ ဖြတ်သန်းခွင့် ရခဲ့တာတော့ မဟုတ်ပါဘူး။
၁၉ ၃၇ ခုနှစ်က အဲ့ဒီအချိန် ချက်ကိုစလိုဗားကီးယား နိုင်ငံ Prague မြို့မှာ အောဘရိုက်ကို မွေးဖွားခဲ့ပြီး နာဇီဂျာမနီ ကျူးကျော်မှု ရော၊ ဆိုဗီယက်ရုရှား ကြီးစိုးမှုတွေကိုပါ ကလေးဘဝမှာ ကြုံခဲ့ရသူ ဖြစ်ပါတယ်။ မိသားစုက ဂျူးလူမျိုးတွေ ဖြစ်ပေမဲ့၊ ရိုမန်ကက်သလစ် ဘာသာကို သူ့အသက် ၅ နှစ်အရွယ်မှာ တမိသားစုလုံး ကူးပြောင်းခဲ့ပါတယ်။ ဂျူးလူမျိုးတွေကို နာဇီဂျာမနီတွေက အစုလိုက်အပြုံလိုက် နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ကာလအတွင်း အောဘရိုက် ရဲ့ အဖိုး အဖွား ၃ ဦး နာဇီအကျဉ်းစခန်းမှာ သေဆုံးခဲ့ရပါတယ်။
ဖခင်က သံတမန်တဦး ဖြစ်ပြီး နာဇီ ဂျာမနီလက်အောက် ၁၉ ၃၉ ခုနှစ်မှာ မိသားစုလိုက် ဗြိတိန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။ နာဇီတွေ စစ်ရှုံးတဲ့ ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ချက်ကိုစလိုဗားကီးယားကို ပြန်လည် ပြောင်းရွှေ့ နေထိုင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တိုင်းပြည်မှာ ကွန်မြူနစ်ဝါဒီတွေ အားကောင်းလာချိန် ၁၉ ၄၈ ခုနှစ်မှာတော့ အမေရိကန် ပြည်ထောင်စုကို အပြီးတိုင် ရွှေ့ပြောင်း နေထိုင်ခဲ့ကြပါတယ်။
၁၉ ၅၉ ခုနှစ်မှာ Massachusetts ပြည်နယ် Wellesley ကောလိပ်ကနေ ဘွဲ့ယူခဲ့ပြီး သတင်းထောက်အလုပ် လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကိုလံဘီယာတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို လေ့လာခဲ့ပြီး ၁၉ ၆၈ ခုနှစ်မှာ Master ဘွဲ့လွန် နဲ့ ၁၉ ၇၆ ခုနှစ်မှာ Ph.D ဒေါက်တာဘွဲ့တွေ ရခဲ့ပါတယ်။
နာဇီ ဂျာမနီ လက်အောက်က ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ကလေးငယ်တယောက် ဘဝကနေ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးဖြစ်လာခဲ့တဲ့ မက်ဒလင်းအောဘရိုက် ဟာ အမေရိကန် အမျိုးသမီးတွေ အတွက်သာမက ကမ္ဘာတဝန်းက အမျိုးသမီးတွေအတွက်ပါ လေးစား အတုယူစရာ ရှေ့ဆောင်လမ်းပြတဦး ဖြစ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကတော့ မက်ဒလင်းအောဘရိုက် ဟာ အန္တရာယ်တွေကြားက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အတွက်သာမက အမေရိကန်ရဲ့ စံတန်ဖိုးတွေအတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူ အဖြစ် သတိရနေစေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝန်ကြီး အောဘရိုက် လောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် တစိုက်မက်မက် ကြိုးပမ်းသူ မရှိတဲ့အကြောင်းနဲ့ သူဟာ အာဏာရှင် စနစ်ရဲ့ ဆိုးရွားမှုတွေကို ကိုယ်တိုင် နားလည် သိရှိသလို၊ အကောင်းဆုံး ပြန်လည် ဖော်ပြရေးသားခဲ့သူ ဖြစ်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က အောဘရိုက် ကွယ်လွန်ပြီးနောက် သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အတားအဆီးတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို အောဘရိုက် ကလည်း မကြာခန ပြောပြလေ့ ရှိပါတယ်။ ကျား-မ တန်းတူညီမ ျှ အခွင့်အရေး ရအောင် ကြိုးပမ်းကြဖို့ လူငယ် အမျိုးသမီးတွေ ကို ဘဝတလျှောက် တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
“ဘဝလှေခါး အဆင့်ဆင့် ဘယ်လို တက်လှမ်းခဲ့ရသလဲ ဆိုတဲ့ အတွေ့အကြုံတွေကို ကျမတို့က ပြောပြပေးလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် ဒီအချိန်မှာ အဲ့လိုလုပ်ဖို့ မလိုတော့ဘူးလို့တော့ လူငယ်အမျိုးသမီးတွေ မထင်လိုက်ကြပါနဲ့။ ဆက်ပြီး ကြိုးစားကြ ရဦးမှာပါ။"
နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်းဆောင်ချိန်မှာ အမျိုးသား နိုင်ငံ့ခေါင်းဆောင်တွေက သူ့ကို လေးစားမှု ရှိပါ့မလားလို့ တချို့က မေးခွန်းထုတ်တာတွေ ရှိခဲ့ပေမဲ့ Albright ကတော့ ပထမဆုံး အမေရိကန် အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပြခဲ့ပါတယ်။
မက်ဒလင်းအောဘရိုက်ဟာ အမေရိကန်အစိုးရထဲမှာ အမျိုးသမီးခေါင်းဆောင်တွေ အများအပြား ပေါ်ပေါက်လာအောင် ရှေ့ဆောင်လမ်းပြပေးခဲ့သူလို့ Wisconsin-Madison တက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူ့ရေးရာ ပါမောက္ခ Susan Yackee က ပြောပါတယ်။
“Madeleine Albright နိုင်ငံခြားရေးဝန်ကြီး တာဝန် ယူခဲ့ပြီးတဲ့နောက် အစိုးရအတွင်းမှာ အမျိုးသမီးတွေအတွက် အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ခုဆိုရင် အစိုးရထဲမှာ အမျိုးသမီး ခေါင်းဆောင်တွေ နေရာရလာပါပြီ။ ဒုသမ္မတ Kamala Harris နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi တို့ဆိုရင် အစိုးရထဲမှာ ဒုတိယနဲ့ တတိယ အကြီးဆုံး တာဝန်ယူ ထားတဲ့သူတွေပါ။ သူတို့နှစ်ဦးလုံးက အမျိုးသမီးတွေဖြစ်ပါတယ်။”
မက်ဒလင်းအောဘရိုက်ဟာ ထင်ရှားတဲ့ အဆင့်မြင့် သံတမန်တဦး ဖြစ်သလို၊ စာအုပ်စာတမ်း အများအပြားကို ရေးသားခဲ့တဲ့ အောင်မြင်တဲ့ စာရေးဆရာတဦး ဖြစ်တဲ့အပြင် အောင်မြင်တဲ့ လုပ်ငန်းရှင်တဦးလည်း ဖြစ်ပါတယ်။ သတင်းစာဆရာ ဂျိုးဇက် အောဘရိုက်နဲ့ လက်ထပ်ခဲ့ပြီး သမီး ၃ ဦး ထွန်းကားခဲ့ပြီး သားသမီး မြေးမြစ်များစွာ ကျန်ခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်ချိန်မှာ တော့ Madeleine Albright ဟာ အသက် ၈၄ နှစ်ရှိပြီဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါ ရှင်။
=======================================
[Unicode]