သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာထဲ ကျွန်းပို့ဖို့ စီစဉ်နေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Bhashan Char ကျွန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးများ။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Bhashan Char ကျွန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးများ။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၉)

[Zawgyi/Unicode]

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် ၁၀၀,၀၀၀ ကို ပင်လယ်ထဲက ကျွန်း ဘာဆန်ချာဆီကို ဒီလနိုဝင်ဘာလမှာစပြီး ပို့ဖို့ စခန်းတာဝန်ခံတွေက စီစဉ်နေတဲ့အပေါ်အန္တရာယ်များလှတဲ့ကျွန်းကို မသွားလိုကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားအမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

Bhashan Char ကျွန်း ဆိုတာကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံက တိမ်းရှောင် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေထိုင်တဲ့ လူဦးရေ ထူထပ် များပြားလွန်းလှတဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တချို့ကို ခွဲပြီး ရွှေ့ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်းတကျွန်းဖြစ်ပါတယ်။ ဒီပင်လယ်ထဲက သက်နုကျွန်း တကျွန်းဖြစ်တဲ့ ဒီဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ် ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ ဒုက္ခသည်တွေအတွက် ဆက်သွယ်ရေး၊ နေထိုင်ရေး၊ လုံခြုံရေး အခက်အခဲ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် ဒုက္ခသည်တွေဘက်ကလည်း လုံးဝမသွားလိုကြပါဘူး။

ဒီ Bhashan Char ကျွန်းဆီကို ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရကနေ သူတို့စီမံဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံ ခေါင်းဆောင်တွေကို “Go and See Visit” ခရီးစဉ်ဆိုပြီးခေါ်ပြီး သွားပြသခဲ့တာပါ။

ဒီခရီးစဉ်အပြီး အခုလို ဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ဘာဆန်ချာကျွန်းဆီကို ပို့ဖို့ စခန်းတာဝန်ခံတွေကနေ စာရင်းတွေ လိုက်လံကောက်ခံတဲ့ အစီအစဉ်တွေ စလာတာလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ ဘာဆာကျွန်းကို ပြောင်းရွှေ့လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့စာရင်းတွေကို စခန်းတာဝန်ခံတွေဘက်က စတင်ကောက်ခံနေတဲ့ အကြောင်း ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် ၇ မှာ နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကပြောပြပါတယ်။

"သူတို့ နိုဝင်ဘာလမှာ စပြီးတော့ ရွှေ့ပြောင်းမှုတွေ စလုပ်မယ်ဆိုတာ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တတိယပတ်လောက်မှာ ဒီက ရပ်ကွက်ခေါင်းဆောင်တွေကို စခန်းတာဝန်ခံက ခေါ်ယူပြီးတော့ အစည်းအဝေးလုပ်တာ ဆွေးနွေးတာတွေ ရှိပါတယ်။ ဒီမှာ ရပ်ကွက်အလိုက်ခေါင်းဆောင်တွေရှိတယ် ကျနော်နေတဲ့ စခန်းအတိုင်းအတာ နဲ့ပြောမယ်ဆိုရင် ဒီမှာ ရပ်ကွက်ပေါင်းစုံက ၇ ဦး၊ ၈ဦးလောက်ရှိတယ်။ ရပ်ကွက်ခွဲခေါင်းဆောင်တွေက ၇၀ ကျော်လောက် ရှိပါတယ်။ တခြားစခန်းတွေမှာလည်း ဆွေးနွေးပါတယ်။ ဆွေးနွေးတာတွေကတော့ဘာဆာကျွန်းကို သွားလိုတဲ့ မိသားစုတွေရဲ့စာရင်းပေါ့နော်။ တကယ့်သွားမယ့်မိသားစုစာရင်းကို စခန်းတာဝန်ခံရုံးမှာ သူတို့ကိုညွှန်ကြားထားတာ ကျနော်တို့သိရပါတယ်။"

စခန်းတာဝန်ခံတွေဘက်က ဒီလနိုဝင်ဘာထဲမှာ ကျွန်းကိုပြောင်းရွှေ့မယ့် အစီအစဉ်တွေစမယ်လို့ ပြောဆိုနေတဲ့ အကြောင်းလည်း ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ်ဦးကျော်မြင့်ကလည်းပြောပြပါတယ်။

"သူတို့က ဒီလနိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အစီအစဉ်အရ စတင်ပြောင်းရွှေ့သွားမယ်လို့ပြောသွားခဲ့ပါတယ်။ ဘယ်နေ့၊ ဘယ်ရက်ပြောင်းရွှေ့ကြရမယ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူးခင်ဗျ။ ပထမအသုတ်အနေနဲ့ မိမိဆန္ဒအလျောက်သွားမယ့်သူများကို ပြောင်းရွှေ့သွားမယ်လို့ပြောပြီးတော့ ဒုတိယအသုတ် အနေနဲ့ကတော့ ဒုက္ခသည်စခန်းတွေထဲက ပြစ်မှုကျူးလွန်သူတွေရဲ့မိသားစုတွေပါအပါ ဒုက္ခသည် ၁၀၀,၀၀၀ ကို ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မယ်ဆိုပြီးတော့ ပြောနေကြတာလည်း ကြားသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကော့ဇ်ဘဇားခရိုင်မှာ ဒုက္ခသည်တွေ ပြွတ်သိပ်နေတယ်ဆိုပြီးတော့ ဒီလူပေါင်း ၁၀၀,၀၀၀ ကျော်ထဲက ၁၀၀,၀၀၀ ကို ပြောင်းပစ်တာပေါ့။ အဲ့ဒီ့ကျွန်းမှာကလည်း ရိုဟင်ဂျာ ၃၀၀ ကျော် ရှိနေတယ်။ သူတို့လည်း စိတ်မချမ်းမသာနဲ့ နေထိုင်နေရတယ်ဆိုပြီးတော့ သူတို့ဆွေမျိုးတွေကလည်း ပြောပြပါတယ်။"

Bhashan Char ကျွန်း။
Bhashan Char ကျွန်း။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ကို လူသူမနီးတဲ့ အန္တရာယ်များတဲ့ ဒီ Bhashan Char ကျွန်းဆီကို ပြောင်းရွှေ့ခိုင်းမှာကို အတော်လေးကို စိုးရိမ်နေကြတာပါ။ ဇန်တော်လီဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုမောင်ကျော်မြင့်က သူ့သဘောထား ပြောပြပါတယ်။

"အဓိကကတော့ ကျနော်တို့ မသွားချင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘာဆန်ချာကျွန်းဆိုတာဟာ ဘာအသက်အာမခံချက်မှ မရှိဘူးဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းကလည်း ပြောထားတာရှိပါတယ်။ ကျနော်တို့ ဘာဆန်ချာကို လုံးဝမသွားချင်ဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကနေ ကျနော်တို့ ကမ့်တွေထဲက ရိုဟင်ဂျာအယောက် ၄၀ လောက်ကို ဘာဆန်ချာကျွန်းကို visit လွှတ်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ သူတို့ Technology ပိုင်း ဘာမှမသိပဲနဲ့ သူတို့က ဘယ်လိုမျိုး Decision ချမှာလဲခင်ဗျ။ အဲ့ဒါကို မေးခွန်းထုတ်စရာ ရှိနေပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့အသက်အာမခံချက်ကရော ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကျနော်တို့စိုးရိမ်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့ကလည်း ကျနော်တို့ရဲ့မြန်မာနိုင်ငံ ဇာတိကိုပဲသွားချင်ပါတယ်။"

ဒီဘာဆန်ကျွန်းမှာ လူနေဖို့ တိုက်တာအဆောက်အဦးတွေ၊ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ စိုက်ပျိုးခင်းတွေ၊ မွေးမြူစခန်းတွေနဲ့ စနစ်တကျ လူနေနိုင်အောင်စီစဉ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပြောဆိုထားသလိုအရင်တုန်းကလည်း ဒုက္ခသည်တွေကို Bhasan Char ကျွန်းမှာ ပြောင်းရွှေ့ဖို့ ကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ခဲ့ဖူးပေမယ့် ကုလအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်မှုတွေနဲ့ အောင်မြင်မှု မရခဲ့တဲ့နောက် အခုလို ဘာဆန်ချာကျွန်းဆီကို ဒုက္ခသည် ၁၀၀,၀၀၀ ပို့ဆောင်ဖို့ စခန်းတာဝန်ခံတွေဘက်က အစီစဉ်တွေ ပြန်စတင်လာတာပါ။

ဒုက္ခသည်တွေဘက်က နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်လိုကြတယ်လို့ ဆိုပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ဆောင်ရွက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကတော့ နှောင့်နှေးနေဆဲအခြေအနေမှာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG