[Zawgyi/Unicode]
အမေရိကန်နိုင်ငံမှာ တာဝန်ကျနေတဲ့ တရုတ်သံတမန်တွေအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်သတ်ချက်အသစ်တချို့ ချမှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကန့်သတ်ချက်အသစ်တွေထဲမှာတော့ တရုတ်သံတမန်တွေအနေနဲ့ အမေရိကန်တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကိုသွားမယ်၊ ဒါမှမဟုတ် ဒေသခံအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံမယ်၊ ဒါမှမဟုတ် တရုတ်သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံအပြင်ဘက်မှာ လူ ၅၀ ထက်ကျော်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေ ကျင်းပမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ သူတို့လုပ်ဆောင်နေတဲ့ လူမှုကွန်ရက် အကောင့်တွေကို သေသေချာချာ ဖော်ပြဖို့လိုအပ်မှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။
အမေရိကန်မှာ တာဝန်ကျနေတဲ့ တရုတ်သံတမန်တွေအပေါ် ဒီလိုလုပ်ရတာဟာ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံတမန်တွေအပေါ် အဲဒီလို စည်းမျဉ်းကန့်သတ်မှုတွေ ချမှတ်ထားတာကြောင့် ဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။
အမေရိကန်ဘက်က အခုလိုလုပ်တာဟာ သူတို့ရဲ့ သံတမန်ဝန်ထမ်းတွေနဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေအပေါ် မှာ နောက်ထပ် မတရားတဲ့ ကန့်သတ်မှုတွေ နဲ့ အတားအဆီးတွေကို ချမှတ်လိုက်တာဖြစ်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။
အခုလို အမေရိကန်မှာရှိတဲ့ တရုတ်သံတမန်တွေအပေါ်မှာ ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်တာက ကမ္ဘာ့စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးတော့ ဆိုးရွားလာနေတဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ နည်းပညာနဲ့ တရုတ်နိုင်ငံက ပြဌာန်းခဲ့တဲ့ ဟောင်ကောင် အမျိုးသားလုခြုံရေးဥပဒေသစ် အပါအဝင် ကိစ္စရပ် အတော်များများနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်နေကြတာပါ။
[Unicode Version]