(Zawgyi/Unicode)
COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က၂ လကြာ ပိတ်ထားဖို့ ကြေညာထားတာ ဒီရက်ပိုင်းပြည့်တော့မှာဖြစ်ပေမဲ့ ပြန်ဖွင့်ဖို့ မရေရာသေးတဲ့အတွက် ကုန်သွယ်ရေးမှာ အခက်တွေ့နေရတဲ့အကြောင်း ကို ဇော်ထက်ပြောပြပေးမှာပါ။
မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို ၂ လကြာ ယာယီပိတ်ထားဖို့ ဧပြီလ ၂ ရက်နေ့မှာ တရုတ်ဘက်က ကြေညာထားပေမဲ့၊ ကပ်ရောဂါ အန္တရာယ် စိတ်မချရသေးချိန်မှာ ပြန်ဖွင့်ဖို့လည်း မရေမရာ ဖြစ်နေတာပါ။ နယ်စပ်ဂိတ်တွေ ပြန်မဖွင့်နိုင်တဲ့အတွက် ကုန်သွယ်မှုတွေမှာ အဟန့်အတားတွေ ကြုံနေရတယ်လို့လည်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
“ ဒီကနေ့အထိတော့ မသေချာသေးဘူးနော်၊ ဒီနေ့ ၁၃ ရက်တောင်ရောက်လာပြီ၊ ဖွင့်ဖို့ မဖွင့်ဖို့ဆိုတာ ၅၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီနေ့အထိ ဗမာပြည်မှာရှိတဲ့ ‘ လဝက’ တောင် ဘာမှဆက်သွယ် လာတာမရှိဘူး။ ဒရိုင်ဘာအစားထိုးစနစ်နဲ့ သွားနေရတဲ့အတွက် ပြီးခဲ့တဲ့ ၂လ၊ ၃လ ကလိုပဲ ကားတွေက ပိတ်ဆို့မှုတွေ ဖြစ်နေတာပဲ။”
တရုတ်နိုင်ငံကို ကုန်တင်ပို့ရာမှာ မြန်မာယာဉ်မောင်းတွေကို နယ်စပ်ဖြတ်ကျော် ဝင်ခွင့်မပြုဘဲ တရုတ်နိုင်ငံက ယာဉ်မောင်းတွေနဲ့ အစားထိုးမောင်းနှင်ဖို့သာ ခွင့်ပြုထားတာကြောင့် ကုန်စည်စီးဆင်းမှုမှာ အဟန့်အတားတွေ ကြုံနေရတယ်လို့လည်းပြောပါတယ်။
ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကိုတော့ တရုတ်နိုင်ငံက ငှက်ပျောကားတွေ ဝင်ထွက်ခွင့်ရအောင် ဖွင့်ပေးထားပေမဲ့ တခြားကုန်စည်တွေ အားလုံးကိုတော့ ကန့်သတ်ထားဆဲ ဖြစ်တယ်လို့လည်း ကန်ပိုက်တီးကားကြီးအသင်း ဒုဥက္ကဋ္ဌ ဒေါ်တူးက ပြောပါတယ်။
“ ၄ လပိုင်းအထိတောင် သွားလာလို့ရသေးတယ်၊ COVID ဖြစ်တဲ့အချိန်မှာ ခဏပိတ်သွားပြီးတော့၊ ခဏသွားရသေးတယ်။ နောက် လုံးဝပြန်ပိတ်သွားတာ အခုအချိန်အထိပေါ့။ ဖွင့်ခြင်း ပိတ်ခြင်းဆိုတာ တရုတ်တွေရဲ့ တံခါးပဲ မူတည်တယ်၊ အန်တီတို့ဘက်က တံခါးကတော့ မပိတ်ဘူး၊ ပိတ်တာ ဖွင့်တာ မရှိဘူးပေါ့။”
ကပ်ရောဂါကာလမှာ လုပ်ငန်းတွေ အများအပြား ရပ်နားထားရတဲ့ တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားအများအပြားလည်း နေရပ်ပြန်နေရာမှာ ၂ နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းပြီး ဖြေရှင်းနေတယ်လို့လည်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။
“ ဟိုဘက်က ပြန်တော်ပြန်အဖွဲ့တွေကို တဘရိတ်တည်းနဲ့ အများကြီးမလွှတ်ပေးဖို့ဆိုပြီး နှစ်ဘက်ညှိနှိုင်းတာတော့ရှိတယ်။ ကျနော်တို့ ဒီဘက်ကထားမယ့် quarantine center မှာ capacity အရ လူတွေအများကြီးဆိုရင် မနိုင်မနင်းဖြစ်မှာစိုးလို့ ပြန်မယ်ဆိုလည်း ထိန်းထိန်းပြီးလွှတ်ဖို့၊ တကယ်လို့ အဲဒီ ( တရုတ်) ဘက်မှာ အလုပ်ရှိတယ်ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံသားတွေကို အလုပ်စပ်ပေးဖို့ဆိုပြီး အဲလိုလေးတော့ ညှိထားပါတယ်။”
နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့အချိန်မှာ မြန်မာပြည်ထဲ တရားမဝင်ဖြတ်သန်းတဲ့ တရုတ်နိုင်ငံသား ဘယ်သူမဆို ထောင်ဒဏ်ပေးမယ်လို့ ယူနန်နယ်စပ်တလျှောက် ဒေသအစိုးရက ကြေညာခဲ့သလို၊ မြန်မာပြည်သားဆိုရင်လည်း ဒဏ်ငွေ တရုတ်ယွမ် ၁၀၀၀ ပေးဆောင်ရမယ်လို့ ကြေညာထားပါတယ်။
တရက်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းလောက်ကုန်သွယ်မှုရှိနေတဲ့ မူဆယ်ကုယ်သွယ်ရေးက အရင်လေးငါးနှစ်ကထက် များလာပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ကုန်သွယ်မှုတွေ ထိခိုက်နေတာကြောင့် ကူးသန်းရောင်းဝယ်ရေး e-commerce လုပ်ငန်းတွေ တိုးမြှင့်ဖို့လည်း တရုတ်-မြန်မာ တာဝန်ရှိသူတွေ ဒီလထဲ အွန်လိုင်းကနေတွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြပါတယ်။
..................
(Unicode)