(Zawgyi/Unicode)
ရန်ကုန်မြို့အပါအဝင် နေရာအတော်များများမှာ လူစုလူဝေးနဲ့ သွားလာမှုတွေ ပြန်လုပ်လာကြတဲ့အခြေအနေအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိုးရိမ်ချက်ကို ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။
COVID-19 ရောဂါပိုးပြန့်ပွားမှု တားဆီးရေးအတွက် မြန်မာနိုင်ငံမှာ လူစုလူဝေးနဲ့သွားလာကန့်သတ်မှုတွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ထားပေမဲ့ အခု မေလဆန်းမှာ လူအများအပြား ပုံမှန်လို ပြန်လည်သွားလာနေမှုတွေ ရှိလာတာကြောင့် ရောဂါကာကွယ်ရေးအတွက် မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးလာတာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ချက်တွေအရ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၆၁ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၄၉ ဦး ရှိထားပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုကို အတိုင်းအတာ တခုအထိ ကာကွယ်ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမဲ့ လူထုကြားမှာ ဒီရောဂါကူးစက်မှုက ဆက်ပြီး ရှိနေသေးတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုကို မတ်လကုန်လောက်မှာ ပထမဆုံး ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ပြီး ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်လောက်မှာ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးတွေ့ရှိခဲ့ပြီးတဲ့နောက် ဧပြီလကုန်ပိုင်းလောက်က စပြီး လူနာသစ်တွေ့ရှိမှု လျော့နည်းလာပါတယ်။ အဲဒီလို ဓာတ်ခွဲအတည်ပြုလူနာ လျော့နည်းလာတာနဲ့အမျှ သင်္ကြန်ကာလလွန်အချိန်မှာတော့ မလိုအပ်ဘဲ အပြင်မထွက်ရဆိုတဲ့ ကန့်သတ်မှုကို လိုက်နာသူ နည်းလာတယ်လို့ ရွှေပြည်သာဖျားနာကု အခဲ့ဆေးခန်းက ဒေါက်တာသစ်လွင်က VOA ကိုပြောပါတယ်။
“Mask တပ်ရမယ်၊ လက်ကိုမကြာခဏ ဆပ်ပြာနဲ့ ဆေးရမယ်၊ ဆပ်ပြာနဲ့ ဆေးဖို့အဆင်မပြေရင် Hand Gel နဲ့ ဆေးရမယ်။ အဓိကကူးစက်မှုသည် တဦးနဲ့ တဦးထိတွေ့မှု လူစုလူဝေးဆိုတော့ အခုလမ်းပေါ်လူတွေရောက်လာတာ ကျနော်လည်း မြင်နေရတယ်။ တချို့လက်ဖက်ရည်ဆိုင်တွေ ဖွင့်ကြပြီ၊ လူစုလူဝေးတွေ သွားနေကြတုန်းပဲ၊ Mask တပ်တာတော်တော်နည်းလာပြီ။ ဆိုတော့ awareness က ပြန်ကျနေတယ်။ ဒါကြီးဘယ်တော့ပြီးမလဲ ပြောလို့မရသေးဘူး။ ကမ္ဘာနဲ့ တဝှမ်းမှာလည်း Case တွေက တက်နေတုန်းပဲ၊ သေဆုံးနှုန်းတွေမြင့်နေတုန်းပဲ၊ တချို့နေရာမှာငြိမ်ပြီး တချို့နေရာမှာ ဆက်ဖြစ်နေတုန်းပဲဆိုတော့ ဒါနဲ့ပတ်သက်ရင် ကမ္ဘာကိုလည်း ကြည့်ဖို့လိုတယ်၊ မြန်မာကိုလည်း ကြည့်ဖို့လိုတယ်။”
ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းတက်နေတဲ့ နိုင်ငံတွေထဲက စကာၤပူ၊ ဂျပန်နဲ့ တောင်ကိုရီးယားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင်၊ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေလည်း အခုရက်ပိုင်းထဲမှာ ပြန်လည်ရောက်ရှိနေကြပါပြီ။ အဲဒါအပြင် အရင်က ပိတ်ထားခဲ့တဲ့ စက်ရုံနဲ့ လုပ်ငန်းတချို့လည်း ပြန်ဖွင့်ချိန်ရောက်ပြီဖြစ်လို့ ရောဂါကူးစက်နှုန်းက များပြားလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ ကျန်းမာရေးဝန်ထမ်း အားနည်းနေချိန် ဒီရောဂါအစုလိုက်အပြုံလိုက်သာ ဖြစ်လာခဲ့ရင် အန္တရာယ်များလာနိုင်လို့ လိုက်နာရမယ့်အချက်တွေကို တိတိကျကျဆောင်ရွက်ပေးဖို့ကိုလည်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက အခုလိုပြောပါတယ်။
“လိုက်နာမှလည်း ကျနော်တို့က ဒီကုသမှုက ဆရာဝန်တွေအပေါ်မှာ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီးသားဖြစ်မှာပါ။ အကြောင်းကြောင်းကြောင့် ဒီလူသားအရင်းအမြစ် အကန့်အသတ်တွေကြောင့် ကျနော်တို့မှာ အားနည်းနေတဲ့အခါမှာ အကယ်၍ အစုလိုက်အပြုံလိုက်သာ ဖြစ်လာခဲ့ရင် မစဉ်းစားရဲလောက်အောင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မို့ တဦးချင်းစီရဲ့အသိက အင်မတန်မှ အရေးကြီးသလို ပြည်သူ့ကျန်းမာရေးအပိုင်းကို ဒီထက်ပိုပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထပ်လုပ်နေပါတယ်။ ပိုပြီးတော့ အားပေးရမှာပေါ့နော်။ ဒါမှလည်း ဆေးရုံကို ရောက်တဲ့နှုန်းတွေ ဖြစ်ပွားနှုန်းတွေကျမှာ ဖြစ်ပါတယ်။”
တတ်နိုင်သမျှ ကိုယ့်ရဲ့အိမ်တွင်းမှာသာ နေထိုင်ပြီး၊ တဦးနဲ့ တဦးခပ်ခွာခွာနေဖို့၊ လက်ကိုမကြာခဏဆေးပေးဖို့အပါအဝင်၊ ဖျားနာ ချောင်းဆိုးလာရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပြသပြီး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ကို တိုက်တွန်းနေကြတာပါ။ ဒီလိုလိုက်နာနိုင်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိနိုင်တယ်လို့ ဒေါက်တာသစ်လွင်က ပြောထားပါတယ်။
“အဓိကဒီအချိန်မှာ ကျန်းမာရေး သတိပေးချက်တွေ လိုက်နာတာတော့ ကိုယ့်အတွက်ရော သူများအတွက်ရော အန္တရာယ်အကင်းဆုံးနဲ့ စောင့်ရှောက်နိုင်တယ် ထင်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း တဘက်တလမ်းက ကူညီရာရောက်တာပေါ့နော်။ မဟုတ်ရင် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရင် အဲ့အပေါ်မှာ ဆက်ပြီးတော့ စိုက်ရမယ့်လူအင်အားတွေ၊ ငွေကြေးကုန်ကျမှုတွေ၊ Quarantine ရဲ့ကုန်ကျမှုတွေ၊ ဆေးဝါးကုန်ကျစရိတ်တွေ အများကြီးဖြစ်လာဦးမှာကိုး။”
ပြည်တွင်းက ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၅၇ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုး ရှိထားသူတွေပဲဖြစ်ပါတယ်။ အဲဒီလို ရောဂါပိုးရှိနေတာကိုမသိလို့ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်မလာသူတွေလည်း ရှိနိုင်ပြီး သူတို့ကို စောင့်ကြည့်နဲ့သံသယလူနာအဖြစ် ဓာတ်ခွဲစစ်ဆေးနိုင်မှု မလုပ်နိုင်သေးတာကြောင့် အခုချိန်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိတာ နည်းပါးတာလည်း ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနက ခန့်မှန်ထားပါတယ်။
[Unicode Version]