ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ တနင်္ဂနွေနေ့မှာ အထွေထွေ ရွေးကောက်ပွဲ
စတင် ကျင်းပခဲ့ရာ မှာ မြန်မာနွယ်ဖွား တိုင်းရင်းသားများက အတော်များများမဲပေးကြသလို ကရင်၊ ကရင်နီနဲ့ ရှမ်းနွယ်ဖွားတိုင်းရင်းသား လွတ်တော် ကိုယ်စားလှယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ နိုင်ငံသား တယောက်ရဲ့အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးမူတွေ
လုပ်ထားတဲ့အတွက် နယ်စပ်နေ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ အရင်
ရွေးကောက်ပွဲတွေ ထက် ပိုပြီး မဲထည့်ရာမှာ ပါဝင်ကြခဲ့တဲ့အကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမတ်လ ၂၄ရက်နေ့မှာ ပထမဆုံး ကျင်းပပေးတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ စာရင်းအရ ပါတီပေါင်း ၇၀ကျော်ရှိပြီး လွှတ်တော်အမတ် ၂၀၀၀ ကျော်က ပါတီတွေကိုယ်စားဝင်ရောက် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ ထိုင်း- မြန်မာနယ်စပ် ရှမ်း ၊ ကရင် ၊ မွန် ပြည်နယ်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ
တော့ တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်စုတွေ ဝင်ရောက်ယှဉ်ပြိုင်တာမို့ မဲပေးတာတွေရှိနေတာပါ။ ရှမ်း နယ်စပ်က အခြေအနေကိုတော့ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာချုပ်ဦးစိုင်းမိန်းက အခုလိုပြောပြပါတယ်။
“ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာမျိုးနွယ်စု ၉ခုသတ်မှတ်ထားပါတယ်။ အဲဒီ ၉ခုမှာ ရှမ်းပါတယ်၊ လားဟူ
လီဆူး၊ မုန်း ကျနော်တို့မြန်မာပြည်က မြှောင်ကြီးလို့ ခေါ်တယ်။ ပလောင်တအောင်းလည်း ပါမယ် အားလုံးမျိုးနွယ်စု ၉ခုပါတယ်”
ကရင်၊ ရှမ်း ၊ ကရင်နီစတဲ့ မြန်မာနွယ်ဖွာ ထိုင်းနိုင်ငံသား လွှတ်တော်ကိုယ်စားလှယ်တွေ လည်းဝင်ပြိုင်ကြတာမို့
တောင်ပေါ်တိုင်းရင်းသားမျိုးနွယ်စုတွေ အများအပြားရှိတဲ့ ထိုင်းမြောက်ပိုင်းမှာတော့ အသိပညာပေးမူတွေ များတာကြောင့် အရင်ရွေးကောက်ပွဲတွေ ထက် မဲထည့်တာတွေ ပိုများတာ တွေ့ရတယ်လို့ ဦးစိုင်းမိန်းက ဆက်ပြောပြပါတယ်။
“ ရှမ်းမျိုးနွယ်စု ထိုင်းနိုင်ငံသားတွေ အားလုံးက အတော်များများ မဲထည့်ကြပါတယ်။ ချင်းမိုင်ခရိုင်ထဲမှာ
ပြည်သူလွတ်တော် ကိုယ်စားလှယ် အမတ်အဖြစ် ဝင်ပြိုင်တာရှိပါတယ်။ နာမည်ကြီးပါတီမှာ မဟုတ်ပေမယ့် သူက ရှမ်းလို စည်းရုံးမူတွေ လုပ်ထားတော့ ရှမ်း မဲအတော်များများ ရလိမ့်မယ်ထင်တာပဲ။ ရှမ်းအမျိုးသား အစစ်ကတော့ ထိုင်းနိုင်ငံသားရထားတဲ့ ၊ ရှမ်းပါ သူက ဖန်မြို့နယ်ထဲမှာ ဝင်ပြိုင်တာရှိတယ်။
ဒီချင်းမိုင် ခရိုင်ထဲမှာပဲ ကရင်အမျိုးသား တဦးဝင်ရွေးတယ် ကရင်နီပေါ့။ မြန်မာပြည်မှာတော့ ကယားပေါ့ ထိုင်းနိုင်ငံမှာတော့ ကရင် အမျိုးသားလို့ပဲ မျိုးနွယ်စု တခုလိုပဲ သတ်မှတ်ထားတော့ ကရင်အမျိုးသားပေါ့
သူက တော့ တသီးပုဂ္ဂလ အဖြစ်ဝင်ပြိုင်တာပါ ရှမ်းကတော့ပါတီကနေပြိုင်တာပါ။”
ထိုင်းနယ်စပ်တာ့ ခရိုင်ထဲမှာတော့ ကရင်အများစုရှိကြပြီး အရင် ရွေးကောက်ပွဲတွေထက် အဲဒီနေရာမှာလည်း
ကရင်လူမျိုးတွေ ကမဲထည့်တာတွေပိုများလာတယ်လို့ ကိုယ်တိုင်မဲထည်ခဲ့တဲ့ ကရင်တိုင်းရင်းသား စောဖိုးစီက ပြောပါတယ်။
“ကရင်တိုင်းရင်းသား တချို့ကလည်း မဲလာထည့်တာ အရင်ကထက်များလာတယ် ဘာကြောင့်လဲဆိုတော့ မဲမထည့်ခဲ့ဘူးဆိုရင် အခွင့်အရေးဆံုံးရှုံးဖို့ှရှိတယ် ။ အကယ်လို့လူတယောက်ဟာ ရွာထဲမှာကျေးရွာလူကြီး လုပ်မယ်။ ဥက္ကဌတင်မြှောက်မယ် ဆိုရင်သူက အရင်က မဲမထည့်ခဲ့ဘူးဆိုရင် သူ့ကိုမှတ်တမ်းရှိတော့ သူကရွာသူကြီးလုပ်လို့ မရဘူး။ ဘယ်လောက်ပဲ လူထုကြိုက်ကြိုက်သူကိုပယ်တယ်။ သူမှာ့မှတ်တမ်းရှိတယ်။ ဒါကြောင့် အရင်ကထက် မဲပိုထည့်လာကြတယ် အရင်က အယောက် ၁၀၀မှာ ၄၀လောက်ထည့်တယ် ဆိုရင် အခုဆိုရင် ၇၀ရာခိုင်နှုန်းလောက်ထိ ထည့်လာကြတယ် စိတ်ဝင်စားမူပိုများလာတာပေါ့”
၂၀၁၁ ရွေးကောက်ပွဲပြီးကတည်းက ၈နှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးမူတွေ ပါတီတွေအားပြိုင်မူတွေဖြစ်ပြီး ထိန်းချုပ်ဖို့ခက်ခဲနေချိန် ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းစစ် အစိုးရက ၅နှစ်အကြာမှာတော့ ၂၀၁၉ ခုနှစ်မှာ
ရွေးကောက်ပွဲကိုတရားဝင် ပြန်လုပ်ပေးခဲ့တာပါ။ ဒီထဲမှာစစ်တပ်ခေါင်းဆောင်တွေ ပါဝင်တဲ့ပါတီလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။