သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်ငွေတသောင်းအတုကိစ္စ အများပြည်သူ စိုးရိမ်မကင်း


မြန်မာကျပ်ငွေတသောင်းတန်များ
မြန်မာကျပ်ငွေတသောင်းတန်များ

မြန်မာကျပ်ငွေတသောင်းတန်အတုတွေနဲ့ လက်ဝယ်ဖမ်းဆီးခံရမှုတွေ တဖြေးဖြေး စိတ်လာတာကြောင့် ၊ အများပြည်သူကြားထဲ ကျပ်တသောင်းတန်ငွေစက္ကူအပေါ် စိုးရိမ်စိတ်တွေဖြစ်လာနေပါတယ်။ ဒါဟာ မြန်မာငွေစက္ကူအပေါ် လူထုယုံကြည်မှုကျဆင်းလာနိုင်သလို တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့ ပြယုဒ်လည်းဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာကျပ်ငွေတစ်သောင်းတန်အတုကိုင်ဆောင်ထားတဲ့သူတွေ မကြာခဏဆိုသလို ဖမ်းဆီးမိတဲ့ ကိစ္စတွေကြောင့် အများပြည်သူကြားထဲမှာ တသောင်းတန်ငွေစက္ကူသုံးစွဲမှုအပေါ် စိုးရိမ်မှုတွေဖြစ်လာနေပါတယ်။ ငွေတုတွေနဲ့ လက်ဝယ်တွေ့ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေကြောင့် ငွေစက္ကူအစစ် ဟုတ်မဟုတ် ဘယ်လို စစ်ဆေးရမလဲဆိုတာကလည်း သုံးစွဲသူတွေအကြား ပူပင်နေကြတဲ့ အဓိက ကိစ္စပါ။ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေအရဆိုရင်တော့ ငွေအတုနဲ့ လက်ဝယ်တွေ့ရှိသူကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အပြစ်ပေးအရေးယူနိုင်ပါတယ်။ ဗဟိုဘဏ်က ထုတ်တဲ့ ငွေစက္ကူ၊ ဒဂါး၊ ငွေကြေးစာချုပ်တွေကို “အတုမှန်းသိလျက်နဲ့ သုံးစွဲခြင်းမပြုရ”လို့ ဗဟိုဘဏ်ဥပဒေမှာ ဆိုထားတာကြောင့် အရေးယူတဲ့နေရာမှာ ဖမ်းဆီးတဲ့အာဏာပိုင်တွေရဲ့ သုံးသပ်ချက်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်လည်း ငွေအတုအမှုကိစ္စမှာ သက်သေအထောက်အထားအတိအကျရှိမှ ဖမ်းဆီးအရေးယူသင့်ပြီး၊ ငွေအတုမိတိုင်း ဖမ်းမယ်ဆိုရင်တော့ နစ်နာနိုင်သူတွေ များလာဖို့ပဲရှိတယ်လို့ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့ဝင် ဦးကျော်ဟိုးကပြောပါတယ်။

“တရားစွဲတယ် ဖမ်းတယ်ဆီးတယ်ဆိုတာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားရှိမှ ကျွန်တော်တို့ ဖမ်းသင့်တယ် တရားစွဲသင့်တာပေါ့ဗျာ ဟုတ်တယ်မလား။ သူ့အနေနဲ့ ဥပမာဗျာ သူသည်ငွေကို ဘယ်ကရလဲဆိုတာပြနိုင်ရင် သူ့ကိုအရေးယူဖို့မသင့်ဘူးပေါ့ဗျာ။ တစ်ရွက်တလေ ရတဲ့ကိစ္စမှာလည်း တရားစွဲဖို့မသင့်ဘူး။ သိပ်များများစားစားတော့ တမျိုးပေါ့ဗျာ။ အဲဒါကျတော့ ရဲပေါ်မူတည်သွားတာပေါ့။ ရဲအနေနဲ့ ဒါကိုဆင်ဆင်ခြင်ခြင်လုပ်သင့်တယ်ပေါ့ဗျာ။ ခုနကပြောသလို သူဒီငွေစက္ကူအတုလား အစစ်လားဆိုတာကို သိလျက်သားနဲ့သုံးတာဖြစ်တယ်လို့ရဲက အထောက်အထားရှိမှဖမ်းသင့်တယ်။”

နိုဝင်ဘာ ၂၉ က မြန်မာကျပ်ငွေတစ်သောင်းတန်ကိုင်ထားတဲ့ စင်္ကာပူနိုင်ငံသားနှစ်ယောက် ရန်ကုန်မှာ အဖမ်းခံရလို့ စင်္ကာပူကငွေလဲလုပ်ငန်း ၁၈ခုကိုသူတို့ရဲတပ်ဖွဲ့ကရှာဖွေခဲ့ပြီး တစ်သောင်းတန်အတုတွေ မိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စင်္ကာပူမှာအလုပ်လုပ်ပြီးပြန်လာတဲ့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က အမျိုးသမီး ဆီက တစ်သောင်းတန်အတု အရွက် ၁၉၀ (၂၉ သိန်းနီးပါး) မိတာ၊ ပြီးတော့ မနေ့က ဘဏ်က တစ်ဆင့် ငွေလွှဲတဲ့ အမျိုးသားတစ်ယောက်ဆီကနေ တစ်သောင်းတန်အတု အရွက်၅၀မိတာတွေ ဆက်တိုက် ဆိုသလို ဖြစ်လာတာပါ။ ဒါကြောင့်ဒီငွေအတုပြဿနာဟာ အစိုးရပေါ်မှာ လုံးလုံးလျားလျား တာဝန်ရှိနေတယ်လို့ နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးဇေယျသူကပြောပါတယ်။

“တရားဥပဒေ စိုးမိုးရေးက အဓိကပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီငွေစက္ကူတွေ အတုတွေ ပျံ့နှံ့နေတယ် ဆိုတာ ထုတ်ဝေတဲ့သူမှာတာဝန်ရှိတယ်လေ။ သားကောင်ဖြစ်သွားတဲ့သူပေါ့ဗျာ ကိုယ့်ဆီရောက်လာ လို့ ကိုယ်ကမသိဘဲဘဏ်သွားအပ် သွားအပ်ပြီးတော့ အဖမ်းခံရ ဒါမျိုးဆိုရင်တော့ လွဲနေပြီပေါ့လေ။ ဥပဒေဆိုတာကတော့ မဆိုင်တဲ့သူအပြစ်မသက်ရောက်စေတဲ့ဟာရှိပါတယ်။ ဆိုတော့ အဲဒါက နံပတ်(၁)အရေးကြီးတာပေါ့လေ။ နံပတ်(၂)ကတော့ ငွေစက္ကူဆိုတာက အစိုးရအရေးလို့ ကျွန်တော် တို့က ထောက်ပြတာကိုး ဆိုတော့ ငွေစက္ကူပေါ်မှာ ဒါယုံကြည်မှုကျလာတယ်ပေါ့လေ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ငွေစက္ကူဖြစ်တဲ့ တစ်သောင်းတန်ပေါ်ကို လူတွေယုံကြည်မှုကျလာရင် အစိုးရအပေါ်ကို ယုံကြည်မှုကျလာတာနဲ့ တူတူပဲပေါ့။ ဒါတရားဥပဒေစိုးမိုးရေးဆိုင်ရာ အာဏာပိုင်တွေက အရေးတယူ လုပ်သင့်ပါတယ်။”

လက်ရှိမှာ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတဲ့အချိန်မှာ ငွေစက္ကူအတုရဲ့ သက်ရောက်မှုတွေ ပိုပြီးရှိလာနိုင်လို့ခန့်မှန်းပြောဆိုနေတာလည်းရှိပါတယ်။ စီးပွားရေးပညာရှင်ဒေါက်တာ အောင်ကိုကိုကတော့ ဒီလိုခန့်မှန်းပြောဆိုနေတာကို သူ့အနေနဲ့မမျှော်လင့်ကြောင်းအခုလိုပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ငွေစက္ကူအတုထုတ်တယ်ဆိုတာ တကယ်ကြီးမားတဲ့ ပြစ်ဒဏ်ပါ။ တကယ်တမ်းပြောရရင် အရမ်းကြီးမားတဲ့ ပြစ်ဒဏ်ကြီးပါ။ အဲဒီအတွက်လည်း ဒါသေချာတာကတော့ လိုက်နေမှာပဲ။ စီးပွားရေးပေါ်မှာ ကြီးကြီးမားမားကြီး သက်ရောက်မှုရှိလောက်အောင်လောက်တော့ ကျွန်တော်မထင်ပါဘူး ဒါကျွန်တော့အမြင်ပါ။ ဘာကြောင့်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ငွေစက္ကူ အတုထုတ်လို့ အစိုးရက အတုလုပ်တဲ့သူကို လိုက်လံဖမ်းဆီးမယ် အရေးယူမယ် ဒါတော့လုပ်မှာပေါ့ဗျာ။ ငွေစက္ကူအတုတွေရှိလာလို့ဆိုပြီးတော့ မြန်မာကျပ်ငွေတန်ဖိုးအပေါ်မှာ ယုံကြည်မှု လျော့သွားမယ်လို့တော့ မထင်ပါဘူး ဘာလို့လဲဆိုတော့ အတုရဲ့လည်ပတ်နေတဲ့ ပမာဏ ကလည်းအဲဒီလောက်ထိ များများစားစားရှိတာမှမဟုတ်တာဗျာ နော် အဲလောက်ပဲထင်တယ်။”

မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ အသစ်ကို ၂၀၁၃၊ ၁၁လပိုင်းမှာပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေရဲ့ အခန်း(၁၇) ပြစ်မှုနဲ့ ပြစ်ဒဏ်တွေမှာ ဗဟိုဘဏ်ကထုတ်ထားတဲ့ ငွေ၊ ဒင်္ဂါး၊ စာချုပ်စာတမ်းတွေကို အတုမှန်း သိလျက်နဲ့ သုံးမယ်ဆိုရင် ပုဒ်မ၁၀၅ အရ ငွေဒဏ်နဲ့ သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်၊ အတုပထုတ်လုပ် တဲ့သူဆိုရင်တော့ ပုဒ်မ ၁၀၆နဲ့ ထောင်ဒဏ် ၁၀နှစ်ကနေ အများဆုံး အနှစ် ၂၀အထိချမှတ်ခံရနိုင်တယ် လို့ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG