သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်တောပြုန်းတီးမှုလျှော့ချမယ့် REDD+ အစီအစဉ်


သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်။
သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်။

သစ်တောပြုန်းတီးတာကြောင့် လေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ပိုများပြားလာတဲ့အတွက်၊ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ လျော့ချရေး အစီအစဉ်တွေကို မြန်မာအစိုးရတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သစ်တောပြုန်းတီးမှုတွေ တိုးလာတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒါဟာ သစ်တောပြန်ထိမ်းသိမ်းရေးလုပ်ငန်းတရပ်ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒီအကြောင်း မေးမြန်းစုံစမ်းချက်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ သစ်အလွန်အကျွံထုတ်လုပ်တာတွေကြောင့် ကမ္ဘာမှာသစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံတွေထဲက တတိယအဆင့်နေနဲ့ ရပ်တည်နေပါတယ်။ ဒါကြောင့်လည်း မြန်မာတာဝန်ရှိသူတွေဖက်က ဒီလို သစ်တောပြုန်းတီးမှုတွေ ရပ်တန့်အောင် နိုင်ငံတကာနဲ့ စီမံကိန်းချ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ကာဗွန်ဓါတ်ငွေ့လေထုထဲများလာတာကို ပြန်လျှေ့ာ့ချပေမယ့် REDD+ လို့ ခေါ်တဲ့ အစီအစဉ်ကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် လမ်းပြမြေပုံတရပ်ကို ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ ဒီလုပ်ငန်းအဆင့်တိုင်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးနေတယ်လို့သိရပါတယ်။

အဲဒီလမ်းပြမြေပုံရဲ့ လုပ်ငန်းစဉ် ၆ခုမှာ လေထုထဲ ကာဗွန်ထုတ်လွှတ်တဲ့ပမာဏ လျော့ချမှုကို အဓိကအထောက်အကူပြုနိုင်တဲ့ အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲတဲ့အပိုင်း ပါဝင်ပြီး သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်က သစ်တောဦးစီးဌာနသာမက အခြားဆက်စပ် ဌာနတွေက ပူးပေါင်းပါဝင်လာရင် တွန်းအားတစ်ရပ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ REDD+ Myanmar ရဲ့ အစီအစဉ် ညှိနှိုင်းရေးမှုး ဒေါ်ခင်နှင်းမြင့်က REDD+ လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီးအခုလိုပြောပါတယ်။

“ကျွန်မတို့လောလောဆယ် UN-REDD program အနေနဲ့က ဒီမြန်မာနိုင်ငံရဲ့ REDDအဆင်သင့်ဖြစ်မှုပေါ့နော် အဲဒီအဆင့်ကိုပဲ အဆင့်တစ်ပေါ့နော်၊ အဲဒီအဆင့်ကိုပဲ အကူအညီပေးဖို့ ပရိုဂရမ်အနေနဲ့ရှိပါတယ်။ နောက်ပိုင်း Strategy Implementationကို ရောက်သွားတဲ့အခါကျရင်တော့ ကျွန်မတို့ဒီ ယူအန် အေဂျင်စီသုံးခုလုံးပေါ့နော် ကျွန်မတို့တတ်နိုင်တဲ့ဘက်ကနေ Resource တွေ mobilize လုပ်ပြီးတော့ ထည့်ဝင်ဖို့ ဒီပရော့ဂျက်တွေ implementation အတွက်ပူးပေါင်းပါဝင်မယ့်အစီအစဉ်တွေတော့ အများကြီးရှိတာပေါ့နော်။ ဒီ UN-REDD Program အနေနဲ့က လောလောဆယ်အဆင့်တစ်မှာပဲ awareness stage မှာပဲကူညီပေးဖို့ရှိပါတယ်။ ဒီသစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှုနဲ့ပတ်သတ်ပြီးတော့ လက်ရှိဒီမှာ ယန္တယားတွေ ရှိနေပြီးသားပေါ့ နော်၊အဲဒီရှိနေတဲ့ဟာတွေကိုပဲ ကျွန်မတို့က ပိုမိုခိုင်မာအောင် strengthening ဖြစ်အောင်လုပ်ဖို့ ကျွန်မတို့စဉ်းစားထားပါတယ်။”

ပြည်တွင်းမှာ REDD+ ကိုအကောင်အထည်ဖော်မယ်ဆိုရင် သစ်တောတွေနဲ့ ဇီဝမျိုးကွဲတွေရဲ့ အရည်အသွေး တိုးတက်လာမှာ ဖြစ်သလို ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းကိုလည်းကူညီပံ့ပိုးပေးနိုင်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်တယ်လို့ သစ်တောသုတေသနဌာန (နေပြည်တော်)ရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ် REDD+ရဲ့နိုင်ငံအဆင့် တွဲဖက်တာဝန်ခံလည်းဖြစ်တဲ့ ဒေါက်တာ သောင်းနိုင်ဦးက ပြောပါတယ်။

“REDD+ တော့ National Level သွားတာကိုး National Level သွားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သစ်တောစီမံ အုပ်ချုပ်မှုစနစ်တွေ ပိုကောင်းလာအောင် နောက် သစ်တောစီမံအုပ်ချုပ်မှု ပိုကောင်းလာတာကနေ တစ်ဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းတွေကို ထိရောက်စေဖို့အတွက် အဓိကရည်ရွယ်တာပေါ့။ တစ်ဆက်တည်းမှာပဲ အကျိုးကျေးဇူလို့ပြောရင် သစ်တောနဲ့နွယ်ပြီးတော့မှ ကျွန်တော်တို့က Ecosystem Services တွေဖြစ်တဲ့ ဒါမှမဟုတ် non-carbon benefit လို့ခေါ်တဲ့ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတို့ ရေဝေရေလဲထိန်းသိမ်းရေးတို့ မြေဆီလွှာထိန်းသိမ်းရေးတို့ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုမှု အဲဒါတွေပါ ကျွန်တော်တို့က အကျိုးကျေးဇူးရဖို့ မျှော်မှန်းပါတယ် ဗျာ။”

သစ်တောပြုန်းတီးမှုတွေက အနာဂတ်ကမ္ဘာကို ခြိမ်းခြောက်လာနေတာပါ။ မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးရတာက စီးပွားဖြစ် အလွန်အကျွံသစ်ခုတ်လှဲတာ၊ သစ်ထုတ်လုပ်တဲ့နည်းစနစ် လွဲမှားတာ၊ စိုက်ပျိုးမြေတိုးချဲ့တာ၊ မြို့သစ်ဖော်တာနဲ့ တောမီးလောင်တာ တွေကြောင့်ဖြစ်ရတာပါ။

ပြည်တွင်းလောင်စာသုံးစွဲမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ထင်းနဲ့ မီးသွေးပါ။ ဒါကအာရှနိုင်ငံတွေမှာ အမြင့်ဆုံးနှုန်းလို့ ဆိုပါတယ်။ နိုင်ငံတကာအ ပူပိုင်းသစ်တော အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ITTO ပြောတာကတော့ မြန်မာနိုင်ငံဟာ ၂၀၁၅ ထဲမှာ သစ်လုံးပေါင်း ကုဗမီတာ ၆သန်းလောက် ထုတ်သုံးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအပါအဝင် ဒေသတွင်းမှာ အခုလို မဆင်မချင်သစ်ထုတ်လုပ်မှုတွေကြောင့် တစ်ကမ္ဘာလုံးသစ်တောလွှမ်းမိုးမှုရဲ့ ၁၀ရာခိုင်နှုန်းရှိတဲ့ အာရှမိုးသစ်တောတွေဟာ လျင်မြန်တဲ့နှုန်းနဲ့ ပြုန်းတီးနေတယ်လို့ သိရပါတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ပါပူဝါ နယူးဂီနီနိုင်ငံတွေမှာ မိုးသစ်တော ၄၀ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး ကာဗွန်ထုတ်လွှတ်မှု ပမာဏလည်းများလာပါတယ်။ ဒါကြောင့် သစ်တောပြုန်းတီးမှုကြောင့် လေထုထဲ ကာဗွန်ဓါတ်ငွေ့ပမာဏ များလာတာကို ပြန်လျှော့ချဖို့ အစီအစဉ်တွေကို မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ ပြင်ဆင်ဆောင်ရွက်လာခဲ့ရပါတယ်။

မြန်မာနိုင်ငံတော့ အမျိုးသားအဆင့် REDD အစီအစဉ်ကို၂၀၁၃ မှာ စတင်ခဲ့တာဖြစ်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်က သစ်တောဦးစီးဌာနရဲ့ ဦးဆောင်မှု၊ UN-REDD အစီအစဉ်ရဲ့အကူအညီ၊ အထောက်အပံ့တို့နဲ့ အခြားမိတ်ဖက်ဌာန တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG