သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခန္ဓာကိုယ်ချွေးနံ့ သက်သာရေး


ခန္ဓာကိုယ်ချွေးနံ့ သက်သာရေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ပူပြင်းလွန်းတဲ့ မြန်မာနိုင်ငံမှာ ချွေးထွက်များတာကြောင့် ခန္ဓာကိုယ် အနံ့အသက် မဆိုးအောင် ဂရုစိုက် နေထိုင်သင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။ ကလေးဘဝမှာ ခန္ဓာကိုယ်အနံ့အသက်ဟာ မွှေးပျံ့မွှေးကြိုင်ပြီး လူပျို၊ အပျိုစဝင်လာချိန်ကစပြီး အနံ့အသက် ပြင်းထန်လာရခြင်းမှာ ချွေးထွက်ဂလင်းတွေ (Apocrine Gland) ကြီးထွားလာပြီး၊ ချွေးနဲ့ အရေပြားက ဘက်တီးရီးယားတွေပေါင်းပြီး အချဉ်ဖောက်သွားတာကြောင့် ဖြစ်ပါတယ်။ ချွေးနံ့က တစ်ဦးနဲ့တစ်ဦးမတူကွဲပြားပြီး၊ အမျိုးသားနဲ့ အမျိုးသမီးတွေမှာလည်း ကွဲပြားတတ်ပါတယ်။ အဓိက ချွေးနံ့ပိုပြင်းသူတွေကတော့ အဝလွန်သူတွေ၊ ချွေးပိုထွက်သူတွေ၊ အပူအစပ် (ကြက်သွန်ဖြူအပါအဝင်) စားလွန်းသူတွေ၊ အသားအနီ (အမဲသား၊ ဆိတ်သား) အဓိက စားသူတွေ၊ အရက် ဆေးလိပ် သောက်သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ဆေးဝါးတချို့သောက်သုံးနေရသူတွေနဲ့ ရောဂါတချို့ (ဥပမာ - ဆီးချို၊ သွေးချို၊ ကျောက်ကပ်၊ အသည်းရောဂါ) ရှိသူတွေ ဖြစ်ကြပါတယ်

ချွေးဂလင်းတွေ အထွက်များတာကြောင့် အနံ့အသက် ပြင်းထန်လေ့ရှိတဲ့ အဓိက ကိုယ်ခန္ဓာအစိတ်အပိုင်းကတော့ ဂျိုင်းကြား နေရာဖြစ်ပြီး၊ ပေါင်ကြား၊ စအိုနဲ့ လိင်အင်္ဂါတဝိုက်၊ ရင်သား၊ ချက်၊ နားနောက်ပိုင်း၊ မျက်ခွံတွေမှာလည်း အနံ့ ပြင်းနိုင်ပါတယ်။ ဒါ့အပြင် ခြေအိတ်ဝတ်သူတွေမှာလည်း ခြေထောက်ချွေးနံ့လှောင်ပြီး အနံ့ပြင်းတတ်ပါတယ်။ အတွင်းခံ ကြပ်ကြပ်ဝတ်သူတွေမှာလည်း အလားတူ အနံ့ပြင်းနိုင်ပါတယ်။

ချွေးနံ့ သက်သာအောင် ကာကွယ်နိုင်ဖို့ တကိုယ်ရေသန့်ရှင်းရေးက အရေးကြီးဆုံးဖြစ်ပါတယ်။ အဓိက အနံအဆိုးဆုံးနေရာဖြစ်တဲ့ ဂျိုင်းကြားက အမွှေးတွေကို သန့်ရှင်းရိတ်ပေးသင့်ပါတယ်။ ဂျိုင်းမွှေးတွေကြောင့် ချွေးအငွေ့ပြန်ဖို့ ခက်ပြီး ပိုညစ်ပတ်သွားတာကြောင့်ပါ။ ဒါ့အပြင် ချွေးစုပ်စေတဲ့ Anti-Perspirants လူးဆေး၊ ဘက်တီးရီးယားနည်းစေပြီး အနံ့ထိန်းပေးတဲ့ ဂျိုင်းလူးဆေး Deodorants ကို ဂျိုင်းမှာ လူးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဂျိုင်းလူးဆေးတချို့မှာ ဓာတုဆေးတွေ ပါတတ်တာကြောင့် အများကြီးသုံးမိလျှင် ကင်ဆာရောဂါ (ဥပမာ - ရင်သား၊ ဆီးကြိတ် ကင်ဆာ) ဖြစ်လာတတ်တယ်လို့ တွေ့ရှိချက် တစုံတရာရှိထားတာကြောင့် လျှော့လူးတာ၊ သဘာဝ ဂျိုင်းလူးဆေးကို အဓိက သုံးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် နေ့စဉ် ရေချိုးပြီး ဘက်တီးရီးယား ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာသုံးတာ၊ နေ့စဉ် အဝတ်အစားလဲ၊ သန့်သန့်ပြန့်ပြန့်ဝတ်တာ၊ အနီရောင် အသားတွေဖြစ်တဲ့ အမဲသားနဲ့ ဆိတ်သားလျှော့စားတာ၊ ဒညင်းသီးလို အနံ့ဆိုးတဲ့ အစာတွေ မစားတာ၊ အရက်နဲ့ဆေးလိပ်ရှောင်တာတွေ လုပ်ပေးနိုင်ပါတယ်။

ခြေထောက်က အနံ့ဆိုးထွက်သူတွေအနေနဲ့ ခြေထောက်ကို ပုံမှန်ဆေးတာ၊ ခြေစွတ်သုံးလျှင် နေ့စဉ် ခြေစွတ်လျှော်ဖွတ်လဲတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဝမလွန်အောင် နေထိုင်တာနဲ့၊ အဝလွန်လာလျှင်လည်း ကိုယ်အလေးချိန်ပြန်လျှော့တာ လုပ်ပေးသင့်ပါတယ်။ ချွေးနံ့က ရုတ်တရက် ရက်ပိုင်းအတွင်း ဘေးကလူတွေ မခံမရပ်နိုင်လောက်အောင် အရင်ထက်အများကြီး ဆိုးလာပြီး၊ ချွေးထွက်တာကလည်း အရင်ထက် ပိုများလာကာ ညပိုင်းမှာပါ ပိုထွက်လာလျှင်တော့၊ ဆရာဝန်ပြ ကုသမှု ခံယူသင့်ပါတယ်။ ရောဂါ ဖြစ်လာနိုင်လို့ပါ။

ဒီသိသင့်သိထိုက်တဲ့ ချွေးအနံ့အသက်အကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG