မနှစ်တုန်းက ရခိုင်မြောက်ပိုင်းပဋိပက္ခတွေပြီးတဲ့နောက် မြန်မာ ဘင်္ဂလားဒေ့ရ်ှနယ်စပ် မျဉ်းနေရာကို ထွက်ပြေးပြီး၊ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာတဲ့ မွတ်ဆလင် မိသားစုဝင် ငါးဦးကို ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က မောင်းတောမြို့မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ နယ်စပ်မျဉ်းပေါ်မှာ ဒုက္ခသည် ငါးထောင်ဝန်းကျင်လောက် နေထိုင်ခဲ့ပြီး၊ သူတို့အများစုဟာ မြန်မာအစိုးရကထုတ်ပေးမယ့် NVC ကဒ် သဘောသဘာဝကို အမြင်လွဲမှားတာမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။ သူတို့နဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေနဲ့ပတ်သက်လို့ ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသားညွန့်ဦး။ ။ ကိုမိုးဇော်ရေ ဒီကနေ့မှာ ကိုမိုးဇော်တို့တွေ ပြန်ဝင်လာတဲ့ မူဆလင်မိသားစုငါးဦးနဲ့ တွေ့ဆုံတယ်လို့သိရပါတယ်။ သူတို့ ဘာကြောင့် ပြန်လာတယ်လို့ ပြောပါသလဲခင်ဗျ။
ကိုမိုးဇော်။ ။ ကျနော်တို့ မေးမြန်းတဲ့အခါမှာတော့- သူ့နာမည်ပြောပါတယ်။ နောက် သူက တောင်ပြို လက်ယာပေါ့ တောင်ပြို ယာအုပ်ချုပ်ရေးမှူးဟောင်း တယောက်ဖြစ် တယ်။ သူက အရေးအခင်းဖြစ်သွားတဲ့ကာလမှာ လူတွေအကုန်လုံးပေါ့ လူ နှစ်ထောင့်ခြောက်ရာလောက်လို့ပြောပါတယ်။ တဘက်နိုင်ငံကိုပြေးကြတယ်ပေါ့ ပြေးကြတော့ သူတို့မိသားစုလည်း ဒီမှာမနေရဲကြတော့ပဲနဲ့ လိုက်သွားတယ်ပေါ့ ဒါပေမဲ့ သူက ဟိုဘက်နိုင်ငံမှာ ရေရှည်နေဖို့ အစီအစဉ်မရှိဘူးပေါ့။ မရှိတော့ သူက မြန်မာပြည်ကိုပဲ ပြန်မယ် ငါ့နေရပ်ကိုပြန်မယ်ဆိုပြီး စခန်းထဲကို မဝင်တာလို့ပြောတယ် ခင်ဗျ။ ပြောပြီးတော့ သူနောက်ပိုင်းအဲ့မှာ နေတဲ့အခါမှာလည်း သူက အရင်တုန်းက အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့တဲ့အပေါ် တချို့တွေက သူ့အပေါ်မှာ မလိုလားတဲ့ သဘောဖြစ်လာတော့ သူက Border Line ပေါ့ အဲ့နယ်စပ်ကနေပြီးတော့ ပြန်ဝင်လာပါတယ်။
ကိုသားညွန့်ဦး။ ။ တဘက်ဒုက္ခသည်စခန်းထဲကိုလည်း ဝင်လို့မရဘူးလို့သိရပါတယ်။ အဲ့ဒီ့မှာ လုံခြုံရေးအရ ခြိမ်းခြောက်တာတွေ ဘာတွေရှိလို့လား။
ကိုမိုးဇော်။ ။ သူပြောတာကတော့ သူက မြန်မာပြည်ကိုပဲ ပြန်လာဖို့သဘောရှိတဲ့ အတွက်ကြောင့်မို့လို့ စခန်းတွေထဲကို မဝင်တာလို့ သူကပြောပါတယ်။ ဒါပေမဲ့ သူ ဒီဘက်ကို ပြန်လာတဲ့အခါမှာ ဒီဘက်က အာဏာပိုင်တွေကလည်း ကြိုဆိုလက်ခံတယ် နောက် သူတို့ကို NVC ကဒ်ပေါ့လေ နိုင်ငံသားစိစစ်ရေးကဒ်တွေပေးတဲ့အပေါ်မှာ တဘက်နိုင်ငံမှာ ရှိနေတဲ့သူတချို့နေပြီးတော့မှ သူ့ကို ဖုန်းလှမ်းပြီးခြိမ်းခြောက် တာတွေရှိတယ်ပေါ့။
ကိုသားညွန့်ဦး။ ။ သူ့တို့ကိုအခုဘယ်မှာထားထားလဲ။ ကိုမိုးဇော်တို့ သူ့ကို မောင်တောမြို့ပေါ်မှာ တွေ့ခဲ့ရတာလား။
ကိုမိုးဇော်။ ။ လောလောဆယ်တော့ သူ့ရွာမှာပေါ့လေ တောင်ပြိုယာမှာက လူမရှိဘူး။ လောလောဆယ်တော့ မောင်တောမြို့ပေါ်က သူ့အမျိုးအိမ်မှာ လာပြီးတော့ နေနေတယ်လို့ပြောပါတယ်။ သူနဲ့ကျနော်တို့ တွေ့တာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာပဲ ခရိုင်အုပ်ချုပ်ရေးမှူးအစီအစဉ်နဲ့တွေ့ပါတယ်။
ကိုသားညွန့်ဦး။ ။ ပြန်လာတဲ့သူတွေကို လက်ခံထားတဲ့ ဒုက္ခသည်စခန်းထဲကို ဘာကြောင့်မဝင်တာလဲ။
ကိုမိုးဇော်။ ။ သူဝင်လာတဲ့ပုံစံကလည်း နှစ်နိုင်ငံ အစိုးရချင်းသဘောတူညီချက်အရ လွှဲပြောင်းတဲ့ပုံစံမျိုးနဲ့ ဝင်လာတာလည်း မဟုတ်ဘူး။ သတင်းပို့ပြီးတော့ ပြန်လာတယ်။ သူက Process အတိုင်းပဲ စိစစ်စစ်ဆေးပြီးတော့ NVC ကဒ်တွေ ဘာတွေ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပေးပြီးတော့ နေနေတာ အဲ့တာကြောင့်မို့ အဲ့ဒီ့ဒုက္ခသည်စခန်းတွေ ထက် ဒီမှာပဲ မိသားစုနဲ့နေနေတာ သူ့ဆွေမျိုးတွေနဲ့ပဲနေ တယ်ဆိုတဲ့ပုံစံမျိုးပဲ ပြောပါတယ်ခင်ဗျ။ ။
ကိုသားညွန့်ဦး။ ။ ဟိုဘက်မှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့လည်း တွေ့ခဲ့မှာပဲ အဲ့ဒီ့တော့ ဒုက္ခသည်တွေက မြန်မာအစိုးရက ပြန်ခေါ်ပေမဲ့ ဒုက္ခသည်တွေက ဘာကြောင့် ပြန်မလာနိုင်ဘူးလို့ ပြောတာလဲ။
ကိုမိုးဇော်။ ။ သူကတော့ နယ်စပ်မျဉ်းမှာပဲ နေတယ် အဲ့မှာလည်း လူ လေးငါးထောင်လောက် ရှိတယ်လို့ပြောပါတယ်ခင်ဗျ။ အများအားဖြင့်တော့ NVC ကဒ်ကို နားမလည်ကြဘူးပေါ့။ NVC ကဒ်ကို သွားပြီးတော့ လက်ခံလိုက်တယ်ဆိုလို့ရှိရင် နိုင်ငံခြားသားဖြစ်သွားပြီးတော့ အချိန်မရွေးပြန်မောင်းထုတ်နိုင်တယ်ဆိုပြီးတော့ တချို့ ဒုက္ခသည်တော်တော်များများက အဲ့တာကို နားမလည်ကြတဲ့အနေအထားမို့လို့ ပြန်မလာကြတာလို့ ပြောပါတယ်ခင်ဗျ။
ရခိုင်ကိုရောက်နေတဲ့ ဗွီအိုအေသတင်းထောက်ကိုမိုးဇော်ကို ဝါရှင်တန်VOA က ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။