ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ ကရင်ပြည်နယ်ရဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နည်မျိုးစုံနဲ့ ကြိုးစားနေပေမယ့် တခြားနည်းလမ်းတွေ အဆင်မပြေတဲ့အတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကနေ စွမ်းအင်ထုတ်ယူတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့အပြင် ဒီစက်ရုံ တည်ဆောက်ရေးမှာလည်း ပွင့်လင်းမြင်သာမှု အားနည်းတာနဲ့ အကူးအပြောင်းကာလ၊ မူဝါဒ အသေအခြာ ချမှတ်ထားတာမျိုး မရှိသေးတာကြောင့်ဆိုပြီ ဒီ စီမံကိန်းအပေါ် ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ ရှိနေတာပါ။ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ အခက်အခဲတွေ ဘယ်လိုရှိသလဲဆိုတာတွေကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလို VOA ကို မေးခွင့်ပြုတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်ရှင့်။ အခု ကျမ ကရင်ပြည်နယ်နဲ့ သိချင်တာတာပေါ့။ ကရင်ပြည်နယ်ဟာဆိုရင် တနင်္သာရီတိုင်းရဲ့မြောက်ဘက်၊ ထိုင်းနဲ့လည်း အရှေ့ဘက်မှာ နယ်စပ်ထိတွေ့နေတယ်။ ဒီလိုနေရာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း နည်းနည်းရှင်းပြပေးပါ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကတော့ ကျမတို့က ကြားဖြတ်ဝင်ရောက်သလို တဆင့်အခြေအနေမျိုး။ ဒါပေမဲ့ ဒီကြားထဲက ဝင်လာတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးမှမပြီးသေးတာ။ ပြီးဖို့အတွက်ကို ကြိုးစားဖို့၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့လည်း အများကြီး အရေးကြီးပါတယ်။ ကျမတို့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတခု ရရှိအောင် ကျမတို့ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေးဝင်လာတဲ့အဖွဲ့တွေ တယောက်နဲ့တယောက် သဟဇာတ ဖြစ်ရမယ်။ ဒါက ကျမတို့ အောက်ခြေပိုင်းကို ပြောတာ။ ဟိုဘက်မှာနေတဲ့လူက ဟိုဘက်အလျှောက်၊ ဒီဘက်ကနေတဲ့လူက လာတဲ့အခါကြတော့ အမြင်တမျိုး မြင်တာပေါ့။ ကျမတို့ကြားထဲက နေရတဲ့လူက ဟိုဘက်ဒီဘက် အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ပေးရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ အေးအေးချမ်းချမ်းဖြစ်ဖို့၊ အောက်မှာလည်း တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ကြိုးစားဆောင်ရွက်ရပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခု တိုင်းနဲ့ပြည်နယ်တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်တွေရှိတဲ့အထဲမှာ ကရင်ပြည်နယ်မှာ အဖွဲ့ပေါင်းစုံ အားလုံးလိုလိုက ငြိမ်းချမ်းရေးကို သူတို့ သဘောတူလက်မှတ်ထိုးကြတယ်။ ဆိုတော့ ဒီလိုမျိုးနေရာမှာ အခုလက်ရှိ အခက်အခဲ ငြိမ်းချမ်းရေး လုပ်နေရတာ ဘာတွေများ ရှိနေပါလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ အခက်အခဲက ကျမတို့ အောက်ခြေအခက်အခဲလို့ပဲ ပြောရမှာပေါ့။ အောက်ခြေအခက်အခဲက ဘာရှိလဲဆိုတော့ ငြိမ်းချမ်းရေးက အရင်တုန်းကတော့ ဘာပဲပြောပြော သူတို့ဒေသအလိုက် အကောက်အစားတွေနဲ့ သူတို့လုပ်ငန်းတွေနဲ့ လုပ်နေပြီးတော့ တပ်မတော်တပ်ကြီးတခုကို မတည်ပြီးတော့ ရပ်တည်ခဲ့တယ်။ ကျွေးမွေးခဲ့တာပေါ့။ ဗဟိုကနေ အကုန်လုံးကို ကျွေးမွေးနိုင်တယ်။ အခုတော့ ငြိမ်းချမ်းရေး အလင်းထဲဝင်လာတဲ့အခါကြတော့ အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်မျိုးတွေ မလုပ်ရတော့ဘူး။ မလုပ်ရတော့ သူတို့အတွက် တပ်တွေရိက္ခာတွေအတွက် နည်းနည်းတော့ အခက်အခဲရှိတယ်။ သူတို့ရှိတဲ့ အခက်အခဲတွေကို ကျမတို့ပြည်နယ်က တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးရတယ်။ ဥပမာ လုပ်ငန်းတွေ လုပ်ကြတဲ့အခါ ဒီလုပ်ငန်းတွေကို သူတို့လုပ်ကြမယ်။ ဥပမာ -- အိမ်လေးတွေဆိုရင် ကန်ထရိုက် မပေးတော့ဘူး သူတို့ဘာသာ သူတို့ဆောက်ကြတယ်။ သူတို့ အုတ်လုပ်တဲ့အတွက် အုတ်လုပ်ခ သူတို့ ရကြတယ်။ ဆောက်လုပ်ရေး လုပ်ခလေးတွေနဲ့ပဲ တပ်ရိက္ခာတွေကို ပြန်ဖြည့်ဆည်းကြရတယ်။ တခါတလေတော့ ပြည့်တဲ့ဟာရှိတယ်။ တခါတလေ မပြည့်ဘူး။ မပြည့်တဲ့ဟာတွေကို ကျမတို့ပြည်နယ်ကနေ တတ်နိုင်သမျှ လိုက်ပြီးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်။ ဥပမာ - စိုက်ပျိုးရေးကဏ္ဍအနေနဲ့ ဖြည့်ပေးရင်ရမလား။ မွေးမြူးရေးကဏ္ဍအနေနဲ့ ဖြည့်ပေးရင်ရမလား။ ကျမတို့ ပြည်နယ်မှာရှိတဲ့ ရန်ပုံငွေ အတိုင်းအတာနဲ့ တတ်နိုင်သမျှ ဖြည့်ဆည်းပေးရတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်တာတွေ နည်းနည်းမေးပါရစေ။ ဆိုတော့ ပထမဦးဆုံး စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ် နည်းနည်းလေး ပြောပြပေးပါ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ စိုက်ပျိုးရေးက ကျမ စရောက်လာချိန်တုန်းက ဒီလိုမျိုး အခြေအနေတွေရှိဖို့ စိတ်ကူးရင်ခဲ့တယ်။ ကျမတို့ပြည်နယ်ကို စိုက်ပျိုးရေးဒေသကြီး ပြန်လုပ်မယ်။ ထိုင်းလိုမျိုး နည်းပညာတွေ ကျွမ်းကျင်တဲ့ဟာမျိုးလုပ်ဖို့ဆိုပြီး ရောက်ပြီး သုံးရက်လေးရက်အတွင်းမှာ ပြည်ထောင်စုက ဆင်းလာမယ့် ဝန်ကြီးတွေကို မစောင့်တော့ဘဲ သက်ဆိုင်ရာ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ကျမတို့ဆီမှာ အရင်တုန်းက အစ္စရေးကို သွားကြတဲ့ အစ္စရေး သံအမတ်ကြီးကိုဖိတ်ပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပါတယ်။ သူကလည်း ကူညီပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ လုပ်နေတဲ့ မှန်လုံအိမ် စိုက်ပျိုးရေးကို ကျမတို့ဆီက လူတွေကို သင်တန်းခေါ်ပေးပါတယ်။ ဒါပေမဲ့ ကျမတို့ လက်ရှိတွေ့နေရတဲ့ ဒီဒေသအခြေအနေနဲ့ သူတို့က အရမ်းကွာသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးကြီး ပြန်လုပ်ဖို့ဆိုတာ ဒီလို အရင်းအနှီးမျိုး ကျမတို့ဆီမှာ မရှိပြန်ဘူး။ ဒါပေမဲ့လဲ တကယ်ရေရှည်အတွက်က စိုက်ပျိုးရေးတို့၊ မွေးမြူရေးတို့ဆိုတာ ကျမတို့ တကယ်လုပ်ရမယ့် အလုပ်တွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဆီမှာ ရေမြေပေါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ စွမ်းအင်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်တို့ဆီမှာ ဝန်ကြီးချုပ် တက်ပြီးမှ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲလာလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ပြည်နယ်အစိုးရ ဖွဲ့တော့မယ်ဆိုတော့ လျှပ်စစ်နဲ့ ပတ်သက်ပြီး ပညာရှင်ကိုရှာတယ်။ ဒီအပြင်ဟာတွေကို သိပ်ပြီးတော့ ဦးစားမပေးဘူး။ လျှပ်စစ်ကို ဦးစားပေးတော့ ကျမ ဖိတ်ခေါ်လိုက်တော့ လာပြီးတော့ လျှောက်တဲ့လူတွေ ရှိပါတယ်။ အဲဒီအထဲမှာ ကျမ ရေအားလျှပ်စစ်ကို ဦးစားပေးလိုက်တယ်။ ကျမ သိထားတာ ရေအားလျှပ်စစ် - သံလွင်မြစ်ကြီး ရှိတယ် - ရေအားလျှပ်စစ်က ဈေးလည်းတော်တယ်ပေါ့။ ရေအားနဲ့ ပတ်သက်ပြီး တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တယောက်ကို ရွေးပြီးခန့်လိုက်တယ်။ တကယ်လက်တွေ့ကြတော့ ရေအားက အဆင်မပြေဘူး။ ရေအားကို လုပ်လိုက်ခြင်းအားဖြင့် ဒီအတိုင်းအတာအားဖြင့် (၇) နှစ် (၈) နှစ်လောက် ကြာအုံးမှာ။ ရွာကလည်း (၇) ရွာ၊ (၈) ရွာ မကဘူး။ ရေမြုပ်သွားမယ်ဆိုတော့ ဒီဟာတွေက ရှောင်ပေးရသလို ဖြစ်တာပေါ့။ သိပ်ပြီးတော့ အဆင်မပြေတော့ လူထုကလည်း နားလည်အောင်ပြောဖို့ ခက်ခဲတယ်။ Solar လုပ်တော့လည်း ဒီရာသီဥတုနဲ့ Solar က (၇) လလောက်ပဲ ရမယ်။ (၅) နာရီလောက်ပဲ ရမယ်။ နေ့ပိုင်းပဲ ရမယ်။ ည မရဘူး။ တခါ ညပိုင်းကို ရဖို့အတွက်လည်း Battery လား မသိဘူး တနည်းရှိတယ် ဈေးတော့နည်းနည်းကြီးတယ်။ တညလုံးနေမှ တီဗီလေးပဲ ကြည့်တယ်ဆိုရင် တယူနစ်၊ နှစ်ယူနစ်လောက်ဆို လာမယ့်ကုမ္ပဏီတွေက တယောက်မှ ရင်းနှီးမြုပ်နံှမှု စိတ်မကူးတော့ဘူး။ ကျမကလည်း ဈေးကို သတ်မှတ်လိုက်တယ်။ တစ်ရာငါးဆယ်နဲ့ မကျော်နဲ့ဆိုပြီ - အခုနတုန်းကတော့ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်ပြီး တစ်ရာငါးဆယ် - အကုန်လုံးပြန်ပြီတဲ့အခါ နှစ်ရာ - နှစ်ရာလည်း သိပ်ပြီးတော့ မအီမလည်နဲ့ ပေးဝယ်ကြတော့ ဒါလဲ မဖြစ်ပြန်ဘူး။ နှစ်ရာဆို ကျမတို့ဆီက လူတွေက အတော်လေးကို ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ နောက်ဆုံးကြတော့ ကျမ စိတ်ကူးပြောင်းပြီးတော့ အရင်တုန်းကတော့ ကျောက်မီးသွေးကို စိတ်မကူးခဲ့ပါဘူး။ နောက်ကြတော့ ကျောက်မီးသွေးကို စဉ်းစားခဲ့တာပါ။
ဒေါ်ခင်မျိုးသက် ။ ။ လူတိုင်းကပြောတယ် … ဝန်ကြီးချုပ်က ကျောက်မီးသွေးကို အားပေးတယ်ဆိုတော့ အကုန်လုံးက ပြောနေကြပါတယ်။ အကြောင်းရင်းကို သိချင်လို့ပါ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ကျမ က ကျောက်မီးသွေးကို အားပေးတာ မဟုတ်ဘူး။ လိုအပ်လို့ပါ။ လိုအပ်တယ်ဆိုတာ ကျမတို့ရဲ့ အခြေအနေအရ သူများတွေနဲ့ ကျမတို့နဲ့ နိုင်ငံတကာကို မပြောပါဘူး ကျမတို့ နီးနီးနားနား မွန်ပြည်နယ်ဆိုရင် ပြောပြရရင် သူတို့ပြည်နယ်က ကျမတို့ ကရင်ပြည်နယ်ရဲ့ နောက်မှရတာ။ ကျမတို့ပြည်နယ်က အရင်ရတာပါ။ ငြိမ်းချမ်းရေးမရှိတာ ထည့်မပြောတော့ပါဘူး။ သူတို့ဆီမှာ မီးရထားတွေ၊ လေယာဉ်ကွင်းတွေ၊ သင်္ဘောဆိပ်ကြီးတွေ၊ အခုလဲ ဆယ်မြို့နယ်မှာ ကိုးမြို့နယ် မီးရတယ်။ တစ်မြို့နယ်ပဲ ကျန်တော့တယ်။ ကျမတို့က ခုနှစ်မြို့နယ်မှာ သုံးမြို့နယ်။ သုံးမြို့နယ်တောင်မှ ကျန်တဲ့မြို့နယ်လေးတွေက နှစ်နာရီ၊ ခရမ်းချဉ်သီးလောက်ပဲ ကော့ကရိတ်တို့ဘာတို့ဆိုတော့ တော်တော်လေးကို အဆင်မပြေဘူး။ ကျမ အစောကတည်းက သိထားတာ မီးရှိရင်တော့ ဖွံ့ဖြိုးမယ်ပေါ့။ ဒါက သာမန်အသိ။ အခု တကယ်လုပ်တဲ့အခါကြတော့ စက်မှုဇုန် လာတဲ့လူတွေ၊ ရင်းနှီးမြုပ်နံှမှုလာတဲ့ လူတွေက များများရင်းနှီးနိုင်တဲ့လူတွေ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုလာရင် မီးသိပ်ပြီးတော့ မရတော့ ဘယ်သူမှ စိတ်မဝင်စားမှု မရှိဘူး။ ကျမတို့မှာ ကုန်စည်စီးဆင်းမှုလမ်းကြီးတွေ၊ ကုန်လမ်းဆိုလဲ အာရှလမ်းမကြီးရှိတယ်။ သံလွင်မြစ်ကြီးက ကောင်းတယ်။ စက်မှုဇုန်လုပ်ဖို့ မြေကလည်း ကောင်းတယ်။ အကုန်လုံးက အဆင်ပြေပြီး ဒီ မီးနဲ့ တယောက်ကပြန်သွားလိုက်၊ ခဏနေ တယောက်ပြန်သွားလိုက်နဲ့ … ကျမ စဉ်းစားတယ် တဘက်နိုင်ငံကို ရောက်နေတာ ကျမတို့ ကရင် အများစု။ အလုပ်ပေးနိုင်တာ ဘာလဲဆိုတော့ မီးရှိလို့ရှိရင် စက်ရုံကြီးတွေ တည်ထောင်လိုက်မယ်။ ဒီ စက်ရုံကြီးတွေ တည်ထောင်ခြင်းအားဖြင့် ဟိုဘက်မှာ သူတို့က စက်ရုံကြီးတွေ လုပ်ရတာ။ ဒီဘက်စက်ရုံကို ပြန်လာလုပ်နိုင်ရင် သူတို့အတွက် ပိုပြီးတော့ အဆင်ပြေတာပေါ့။ ကျမတို့ တောင်းနေတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ - ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့က ကိုယ့်ဟာကိုယ် စပြီးကြိုးစားရမယ်။ ကျမ သိတယ် - ဒါကို လူထုက လက်မခံဘူး။ ဒါပေမဲ့ မုန်းရင် မုန်းပါစေ - ဆေးက ခါးရင်ခါးပါစေ - ရောဂါပျောက်ဖို့အတွက် တိုက်ရမှာ။ ကျမက ဒါလေးကိုတော့ လုပ်ပေးမယ်ဆိုတော့ သဘာဝပတ်ဝန်းကျင် မပျက်စီးဘူးလားဆိုတော့ မပျက်စီးဘူးလို့ ကျမ မဆိုလိုဘူး - ဒါပေမဲ့ ကျမတို့ ကရင်ပြည်နယ်ကို အခုရောက်နေတုန်း ကြည့်လိုက်ပါ ခေါင်းတိုင်က မရှိသလောက် ရှားပါတယ်။ နှစ်ခုပဲ ရှိတယ်။ ဒီဘက်မှာ ခေါင်းတိုင်တခုတိုးလို့ ကျမတို့ ဒေသခံတွေအတွက် အသက်စိုးရိမ်ရလောက်တဲ့ ရောဂါလည်း မရှိပါဘူး။ ဉာဏ်ရည်ထိုင်းသွားဖို့ဆိုတာ စိတ်ပူရမှာ ကျမတို့ မူးယစ်ဆေးဝါးကို စိတ်ပူရမှာ။ မူးယစ်ဆေးဝါးကြောင့် ကျမတို့ဆီမှာ ကြောက်စရာ အရမ်းကောင်းတာ။ တက္ကသိုလ်အဆင့်၊ ဆေးပညာဆရာဝန်အဆင့်၊ ဝန်ထမ်းအဆင့်၊ ပညာရေးအဆင့် အကုန်လုံးအဆင့်ဆင့်တိုင်းမှာ ထောင်ထဲမှာလည်း မူးယစ်ဆေးတွေက ထားစရာတောင် မရှိတော့ဘူး။ ဒါကို ကျမတို့ ရင်ထဲမှာ တုန်အောင်ကြောက်ရမှာ မူးယစ်ဆေးပါ။ ဟိုဟာက ကျမတို့ဒေသအတွက် အမှန်တကယ် အကျိုးပြုမှာပါ။ ပြီးတော့ Clean Coal Technology ဆိုတာ ကျမ အခုနောက်ပိုင်းမှာ လေ့လာရတာ - ဂျပန်မှာလည်းသွားပြီးတော့ လေ့လာသိရတယ်။ တွေ့လည်းတွေ့ရတယ်။ သူများတွေ ပြောတာလည်း မြင်ရတယ်။ နည်းပညာပိုင်းတွေ သိပ်တော့ မရှိဘူးဆိုပေမယ့် သူတို့လို သူဌေးနိုင်ငံတောင် လက်ခံနိုင်ရင် ငါတို့ မနေ့တနေ့ကမှ ငြိမ်းချမ်းရေးတောင် အပြည့်မရသေးတဲ့ ဒီလို ပြည်နယ်လေးတခုကတော့ ဒါကတော့ လိုအပ်တယ်ဆိုပြီး လက်ခံတာပါ။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဝန်ကြီးချုပ်တို့ ကျောက်မီးသွေးကို စွမ်းအင်အတွက် သုံးမယ်ဆိုရင် နောက်ပိုင်း ဒီဟာကို စွမ်းအင်လည်း ရနေပြီ၊ အကုန်လုံး ပြည့်စုံပြီ၊ ဖွံ့ဖြိုးလာလို့ တခြားရေအားတို့ဘာတို့ ယူနိုင်ပြီ၊ သန့်ရှင်းတဲ့စွမ်းအင် ယူနိုင်ပြီဆိုရင် ဒီဟာတွေကို ပြန်ပြင်ဖို့ ဘာအစီအစဉ်တွေများ ချမှတ်ထားပါလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ရှိပါတယ်။ ဒီ ကျောက်မီးသွေးကို လုပ်နေတုန်း ကျမတို့ ရေအားကို မလုပ်ဘူးလားဆိုတော့ လုပ်နေတယ်။ ကျမတို့ဆီမှာ ရေတံခွန်တွေရှိတယ်။ တနယ်တနယ်ဆိုရင် နှစ်မီဂါဝပ်လောက် သုံး၊ ငါး မီဂါဝပ်လောက် အဲဒီလောက်လေးတွေ အသေးလေးတွေက သုံးဆယ်မီဂါဝပ်လောက်အထိ ပြည်ထောင်စုကို ဘာမှတိုင်ပင်စရာမလို ကျမတို့ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်။ အဲဒီလောက်ကို ကျမတို့ သီးသန့်လုပ်လာမယ်။ နည်းနည်းချင်းကို လုပ်လာမယ်။ အဲဒီလို လိုက်လုပ်လို့ရှိရင် လှိုင်ဘွဲမြို့နယ် ရသွားမယ်။ ဖားအံတမြို့နယ်ရမယ်။ သံတောင်ရမယ်။
ဒေါ်ခင်မျိုးသက် ။ ။ ပြီးတော့ရှိရင် ကျောက်မီးသွေးကို ပိတ်မယ်။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ဒါပေါ့ .. အဲဒီအခါကြရင် ကျမတို့က သူများတွေ ချမ်းသာလာတဲ့အခါ ကျောက်မီးသွေး မသုံးကြတော့ဘူး။ အခု ချမ်းသာလာတဲ့လူတွေက ထင်းမသုံးတော့ဘူး။ မီးသွေး သုံးသလိုပေါ့။
ဒေါ်ခင်မျိုးသက် ။ ။ စိုက်ပျိုးရေးလည်းပြီးပြီ။ အခု စွမ်းအင်လည်းပြီးပြီ။ မွေးမြူရေးပိုင်းမှာ ဘာတွေများ လုပ်ဆောင်နေပါလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ မွေးမြူးရေးပိုင်းကို ဘယ်လောက်အထိ စဉ်းစားပေးလဲဆိုတော့ ကျမတို့က မွေးတယ်။ Border line နယ်စပ်ကို ပိတ်ထားတယ်။ နွားတွေဘာတွေဆို မရောင်းရဘူး။ ဒီစာတွေက ခိုးထွက်နေတာ။ ခိုးထွက်နေတော့ ကျမတို့ဝန်ထမ်းတွေလည်း အကျင့်ပျက်တယ်။ ကျမတို့လည်း အခွန်မရဘူး။ အဲဒီလူတွေလည်း ဈေးမှန်မရဘူး။ စီမံဘဏ္ဍာဝန်ကြီးကိုယ်တိုင်က ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေ အလုပ်ဖြစ်အောင် နွားတွေ မွေးဖို့အတွက် ငွေတွေချေးပေးမယ်။ ချေးပြီးတဲ့နောက် ဒီနွားတွေကို နွားဈေးကွက် လုပ်ပေးမယ်။ နွားဈေးကွက် လုပ်ပေးတဲ့အခါ နွားဈေးကွက်မှာလာဝယ်ကြ။ ဒါဆိုရင် ကျမတို့လည်း ရမယ်။ ဒီက မွေးရတဲ့လူတွေက အားရှိလာမယ်။ ဈေးကောင်းရတော့ ဒီကလူတွေက မွေးမှာ။ ကျမတို့ဆီက လူတွေက မွေးမှာဆိုတော့ ကျမတို့က ဟိုဘက်က လိုအပ်တဲ့မျိုးကို ဒီဘက်က ပြုစုပျိုးထောင်ပြီးတော့ မွေးနိုင်မယ်။ ကျမတို့ဆီမှာ စားကျက်မြေ ရှိနေသေးတယ်။ အဲဒီတော့ ကျမတို့ မွေးမြူးရေးကို ကြိုးစားနေပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ နောက်ဆုံး အကျဉ်းရုံး ဝန်ကြီးချုပ် အခုသက်တမ်း (၁) နှစ်ကျော်ကျော် ရှိနေပြီ။ ဒီ (၁) နှစ်အတွင်းမှာ တွေ့ကြုံရတဲ့ အခက်အခဲ၊ ကြီးမားတဲ့ အခက်အခဲ ဘာများရှိလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ဘယ်လောက် အခက်အခဲ ရှိလဲဆိုတာ ကျမတို့ လမ်းကြောင်းကြီးက အတွေးအခေါ်၊ အယူအဆကအစ ပြောင်းလဲသွားတာ။ ပြောင်းလဲသွားတော့ အရင်တုန်းက အစိုးရက ကျမတို့ကို အထုပ်ကြီးနဲ့ ချန်သွားခဲ့တာ မဟုတ်ဘဲ။ ရှင်းရှင်းပြောရင် ပြဿနာတွေကြီးပဲ။ မြေပြဿနာ အခုထိ ရှင်းနေရတုန်းပဲ။ အဲဒီလို အခက်အခဲတွေကြားမှာ ဒါလဲ လုပ်ရတယ်။ ပြဿနာတွေလည်း ဖြေရှင်းပေးရတယ်။ ကိုယ့်ပြည်နယ် တိုးတက်ဖို့လည်း ကြိုးစားနေရတယ်။ ကြိုးစားနေရတဲ့အချိန်မှာ လူထုက ကျမတို့ကို အရင်မဲပေးတုန်းက ယုံယုံကြည်ကြည် ပေးသလိုမျိုး ဆက်ပြီးယုံကြည်ပေးရအုံးမယ်။ ဝိုင်းရံပေးသလို အခုလည်း ဆက်ပြီးတော့ ဝိုင်းရံပေးရအုံးမယ်။ ဒီလိုဆက်ပြီး ဝိုင်းရံကူညီပေးမှ ကျမတို့ ဒီ (၁) နှစ် (၂) နှစ်အတွင်းမှာ လုပ်ရတာလည်း အားရှိတာပေါ့။ အခုက လုပ်သာလုပ်ရတယ် ကျမတို့ ပိုက်ဆံရှိလို့က ဘာမှစိတ်မပူဘူး။ ပိုက်ဆံမရှိလို့သာ စိတ်ပူနေရတာ။
ဒေါ်ခင်မျိုးသက် ။ ။ ဒီမှာ ဘာသာရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃာဂိုဏ်းမဟာနာယကကို တစ်ခုတည်း ထားရမယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်နှစ်ခုတည်း ဆိုင်ဘုတ်မဖြုတ်ဘဲနေခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါလဲ။
ဒေါ်နန်းခင်ထွေးမြင့် ။ ။ ဆရာတော်တွေကို ကျမ လျှောက်ပါတယ်။ ကျမက ဆရာတော်တွေရဲ့ လုပ်ဆောင်ချက်ကို ဆရာတော်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာများလုပ်မိလဲ။ တပည့်တော် ဘာများလုပ်မိလဲ။ အဲဒီလိုမျိုးရှိတဲ့ဆိုရင် အရှင်ဘုရားတို့ပြောပါ။ အခု အရှင်ဘုရားတို့ သွားလာလှုပ်ရှား ဟောပြောတာတွေ ဘာမှအနှောင့်အယှက် မပေးဘူး။ နောက်လည်း ပေးမှာမဟုတ်ဘူး။ ဒီဆိုင်ဘုတ်လေးတော့ အရှင်ဘုရားတို့ ပြန်ပြီးစဉ်းစားပေးပါလို့ လျှောက်ထားပါတယ်။ ဆရာတော်တွေလည်း နည်းနည်းလေးတော့ လက်ခံတယ်လို့ ကျမ ထင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ပြေလည်သွားမှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။