ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး Theresa May နဲ့ စွမ်းအင်ဝန်ကြီး Andrea Leadsom တို့ကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။
ကြာသပတေးနေ့က ဒုတိယအကြိမ်မဲပေးရာမှာ ကွန်ဆာဗေးတစ်တွေရဲ့ Tory ပါတီကို ဦးဆောင်ဖို့ Theresa May အတွက် ၁၉၉ မဲ၊ Andrea Leadsom အတွက် ၈၄ မဲနဲ့ တရားရေးဝန်ကြီး Michael Gove အတွက် ၄၆ မဲ လွှတ်တော်အမတ်တွေက မဲထည့်ခဲ့ကြတာ ဖြစ်ပါတယ်။ တတိယ နေရာမှာရှိတဲ့ မစ္စတာ Gove ကို ပယ်လိုက်တဲ့ အတွက် အခု ဗြိတိန်နိုင်ငံရဲ့ လာမယ့် ဝန်ကြီးချုပ်အသစ်အဖြစ် အမျိုးသမီး ၂ ဦးထဲက တဦး ဖြစ်လာတော့မှာပါ။
ဗြိတိန်နိုင်ငံ တလွှားမှာရှိတဲ့ ကွန်ဆာဗေးတစ်ပါတီဝင်ပေါင်း တသိန်းခွဲလောက်ဟာ May နဲ့ Leadsom ၂ ဦးထဲက တဦးကို စာတိုက်ကနေ မဲပေး ရွေးချယ်ကြမှာ ဖြစ်ပြီး သူတို့ ရွေးချယ်လိုက်သူဟာ ၁၉၇၅ ခုနှစ်ကနေ ၁၉၉၀ အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ Margaret Thatcher နောက် ပထမဦးဆုံး ဗြိတိသျှ အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတော့မှာဖြစ်ပါတယ်။
မဲရလဒ်တွေကို စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ပြီး အနိုင်ရသူူဟာ ဇွန်လ ၂၃ ရက်နေ့ အီးယူ ဥရောပကနေ ခွဲထွက်ဖို့ ဗြိတိန်နိုင်ငံသားတွေ မဲပေးခဲ့တဲ့နောက် နှုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် David Cameron နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် အသစ်အနေနဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်တဲ့ အီးယူဥရောပ သမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို ဦးဆောင် ရမှာ ဖြစ်သလို အခုလို ခွဲထွက်ဖို့ ဆန္ဒခံယူမှုကြောင့် ရိုက်ခတ်လာတဲ့ ကမ္ဘာ့ဈေးကွက် ကြောင့် မတည်မငြိမ်ဖြစ်လာတဲ့ နိုင်ငံကိုပါ ဦးဆောင်ရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်က လွှတ်တော်အမတ်ဖြစ်လာတဲ့ အသက် ၅၃ နှစ်အရွယ် မစ္စ Leadsom ကတော့ ခွဲထွက်ဖို့ ထောက်ခံသူဖြစ်ပြီး အီးယူကနေ ခွဲထွက်ပြီးနောက်ပိုင်းမှာ အခွန်မဲ့ ကုန်သွယ်ရေးအတွက် အာမခံရဖို့ ဦးစားပေး မယ်လို့ ပြောခဲ့သလို အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ မစ္စ May ကတော့ ခွဲမထွက်ဖို့ ထောက်ခံသူဖြစ်ပြီး ဆန္ဒခံယူမှုကြောင့် ပြိုကွဲနေတဲ့ နိုင်ငံလို ဖြစ်နေတဲ့ သူတို့ ပါတီကို ပြန်လည်စည်းလုံးအောင် သူကပဲ အကောင်းဆုံး လုပ်နိုင်မယ့်သူ လို့ပြောပါတယ်။