ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ထွက်ဖို့ လူထုဆန္ဒခံပွဲ ရလဒ် ထွက်လာခဲ့ ပြီးတဲ့နောက် ဥရောပ သမဂ္ဂ (အီးယူ) ကို စတင် တည်ထောင်တဲ့ နိုင်ငံ ၆နိုင်ငံ က ခေါင်းဆောင်တွေဟာ အီးယူရဲ့ အနာဂတ်ကို ဆွေးနွေးဖို့ မနေ့က ဘာလင်မြို့ မှာ အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြပြီး၊ ဗြိတိန်နိုင်ငံ ကိုလည်း အဖွဲ့ထဲ က မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Frank-Walter Steinmeier က ကျွန်တော်တို့အနေနဲ့ အတူလက်တွဲပြီး ဒီဖြစ်စဉ်ကို စောနိုင်သမျှ စောစော ပြီးသွားအောင် လုပ်ကြရပါမယ်။ ဒါမှသာ မတင်မကျ အခြေအနေမှာ သိပ်ကြာမနေတော့ပဲ ကျော်လွန်နိုင်ပြီး၊ ဥရောပရဲ့ အနာဂတ်အတွက် အာရုံစိုက် အလုပ်လုပ်နိုင် ပါလိမ့်မယ်လို့ အစည်းအဝေး အပြီးမှာ ပြောသွားပါတယ်။
Steinmeier နဲ့ အတူ ပြင်သစ်၊ နယ်သာလန်၊ အီတလီ၊ ဘယ်ဂျီယံ နဲ့ လူဇင်ဘတ် နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဘာလင်မြို့စွန်မှာ ရှိတဲ့ နိုင်ငံခြားရေး ဌာန အဆောက်အဦးမှာ စုဝေးခဲ့ကြတာပါ။
ဒီ အစည်းအဝေးဟာ အီးယူက နေ ဗြိတိန် ထွက်ခွာသွားတဲ့ ကိစ္စရပ် တစ်ခုတည်းကိုပဲ ဆွေးနွေးမှာ မဟုတ်ပဲ၊ ဒုက္ခသည် အကြပ်အတည်း၊ အလုပ်လက်မဲ့ ပြဿနာနဲ့ အီးယူ လုံခြုံရေးလိုမျိုး အခြား ကိစ္စရပ် အမြောက် အများကိုပါ ဆွေးနွေးမှာ ဖြစ်တယ်လို့ Steinmeier က ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် ကျန်တဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ပဋိပက္ခတွေကို ရှောင်ရှားနိုင်စေခဲ့တဲ့ အီးယူအဖွဲ့ကို တည်ထောင်သူရဲ့ သဘောထား အတိုင်း ဆက်ပြီး ကိုင်စွဲကြဖို့ကိုလည်း Steinmeier က တောင်းဆို လိုက်ပါတယ်။