သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု အနည်းဆုံး ကျောင်းသား ၆ ဦးသေ


ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများ အလောင်းများ သယ်ဆောင်လာစဉ်။
ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများ အလောင်းများ သယ်ဆောင်လာစဉ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဗုဒ္ဓဟူးနေ့က ကျောင်းသူကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေနစ်မြုပ်ခဲ့ရာမှာ ကျောင်းသူကျောင်းသား ၇ဦးပျောက်ဆုံးခဲ့ပြီး ဒီကနေ့နေ့ခင်းမှာတော့ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဒေသအတော်များများမှာ ရေလမ်းခရီးကို အဓိက အားထား သွားလာနေရပြီး ခုလို စက်လှေ၊ မော်တော်၊ သင်္ဘောတွေ မကြာခန နစ်မြုပ် တာကြောင့် အစိုးရ အနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို တိုးချဲ့ ဆောင်ရွက်ဖို့ နဲ့ ရေယာဉ်တွေ တိတိကျကျ ကြီးကြပ်ဖို့ လိုအပ်နေပြီလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများကို ရှာဖွေနေစဉ်။
ပုဏ္ဏားကျွန်း စက်လှေနစ်မြုပ်မှု ရေနှစ်သေဆုံးသူများကို ရှာဖွေနေစဉ်။

အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၁ရက်နေ့ မှာ ကျောင်းသူ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေဟာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီှပြင်ရွာကနေ ဂန့်ဂါရွာကို ကျောင်းတက်အပြန် နေ့ခင်း ၁နာရီလောက်မှာ နစ်မြုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား ၇ယောက်ပျောက်ဆုံးခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်းမှာတော့ ပျောက်ဆုံးနေသူတွေထဲက ရုပ်အလောင်း ၆လောင်းကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ပိုးရွီှပြင်ရွာက အငြိမ်းစားကျောင်းဆရာ ဦးမောင်ကျင်လှက အခုလို ပြောပါတယ်။

" ၇ယောက်ပျောက်တာမှာ ခြောက်လောင်းရပြီ ယောက်ကျားလေး အလောင်းက မရသေးဘူး။ မနက်က ၈နာရီလောက်က စပြီး တလောင်းရတယ်။ ဆက်တိုက် ဆက်တိုက်ရတာပေါ့နော်။ ၁၁ နာရီလောက်မှာ ၅လောင်း ရပြီးတော့ ခုနက တလောင်းရတယ်ဆိုတော့ ၆လောင်းတော့ရပြီ နောက်တယောက် မရသေးဘူးခင်ဗျ။ ဝိုင်းပြီးတော့ ရွာတွေကနေ အများကြီးပါပဲ လိုက်ရှာကြပါတယ်။ အများကြီးပါ။"

ရေနစ်သေဆုံးတဲ့ကျောင်းသားတွေဟာ ၇တန်းက ၃ယောက်၊ ၈တန်းက ၃ယောက်နဲ့ ၉တန်းက တစ်ယောက်ဖြစ်ပြီး လောလောဆည် ကျောင်းသူ ၆ယောက်ရဲ့ ရုပ်အလောင်း ကို တွေ့ရှိထားတာဖြစ်ပါတယ်။

စက်လှေမှောက်တာကတော့ လူ ၂၅ယောက်လောက်ဆန့်တာကို ၃၅ယောက် တင်ဆောင်တာကြောင့် နစ်မြုပ်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

" စက်လှေမှောက်တာ သူတို့ ကျောင်းဆင်းချိန်ပေါ့နော် ကျောင်းဆင်းချိန်မှာ ကုတို့လှေပေါ့နော်။ လှေကသေးတယ်။ ၂၅ယောက်ပဲ ဆန့်တာကို ၃၅ ယောက် တင်လိုက်တာ။ ဝိတ်များပြီး နစ်သွားတာ။"

စက်လှေနစ်မြုပ်တာနဲ့ပတ်သက်ပြီး ပိုးရွှီပြင်ရွာကို ရောက်ရှိနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက အခုလို အတည်ပြုပါတယ်။

"ခြောက်ယောက်တွေ့ပြီ။ စက်လှေထဲမှာ လူတင်တာများတာပေါ့။"

လောလောဆယ်မှာတော့ စက်လှေမောင်းသူကို ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တနေရာနဲ့ တနေရာသွားလာရာမှာ ရေလမ်းခရီးကို အဓိကထား အသုံးပြုနေရပြီး အခုလို စက်လှေမှောက်တာအပြင် မော်တော်နဲ့ သင်္ဘောမှောက်တာတွေ လည်း မကြာခန ဖြစ်ပျက်နေပါတယ်။

ရေယာဉ်တွေ နစ်မြုပ်ရတာကတော့ ရေယာဉ်တွေရဲ့ ကြံ့ခိုင်မှုပိုင်းအားနည်းတာနဲ့ အလေးချိန်တန်ပို တင်ဆောင်တာတွေကြောင့် လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီအပေါ်မှာတော့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြကျော်က အခုလို သုံးသပ်ပါတယ်။

" အဓိက ကတော့ ရခိုင်ပြည်နယ်က လမ်းပမ်းဆက်သွယ်ရေးက အရမ်းကို ခက်ခဲတဲ့နေရာ ဖြစ်တော့ ပြုပြင်ပြောင်းလဲမှုအတွက် လုပ်တာကတော့ အစိုးရမှာ တာဝန်အရှိဆုံးပဲလို့ ကျနော်တို့ကတော့ ပြောချင်တယ်။ ခေတ်အဆက်ဆက်လည်း ကျနော်တို့ရခိုင်ပြည်နယ်ကို လုံးဝ လျစ်လျူရှု့ခံထားရတဲ့ အတိုင်းအတာလို့ ကျေျနာ်တို့ကတော့ သုံးသပ်တာပေါ့။ ဟိုတခါလည်း ဖြစ်ပြီးပြီ။ ကြံ့ခိုင်မှုပိုင်းမှာလည်း လုံးဝကို အားနည်းတယ်။ ဝန်ကြီးဌာနရဲ့စီမံခန့်ခွဲမှု ဝန်ကြီးဌာနရဲ့ စစ်ဆေးအရေးမှုအပိုင်းက အရမ်းကို အားနည်းတယ်။ အားနည်းတဲ့အတိုင်းအတာလို့ အများကြီးတွေ့ရတာပေါ့။"

၂၀၁၅ခုနှစ် မတ်လ ၁၃ရက်နေ့က တောင်ကုတ် စစ်တွေသွား အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်ခဲ့တာကြောင့် သေဆုံးသူ ၄၂ယောက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ဒေသတွင်း ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ လူမှု့အသင်းအဖွဲ့တွေကတော့ ပျောက်ဆုံးသူ ရာနဲ့ချီရှိတာကြောင့် သေဆုံးသူတွေ ဟာ ထုတ်ပြန်တာထက် များပြားနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ အောင်တံခွန် ၃ နစ်မြုပ်တာဟာ ရခိုင်ပြည်နယ် ရေယာဉ် နစ်မြုပ်မှုများ အဆိုးဆုံးနဲ့ အသေအပျောက် အများဆုံးအဖြစ် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့နယ်ကို သွားတဲ့ စက်လှေတစင်း နစ်မြုပ်ခဲ့တာကြောင့် လူ ၁၈ယောက်သေဆုံးပြီး လူ ၆၀လောက် ပျောက်ဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG