မြန်မာနိုင်ငံဟာ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးမှာ အင်္ဂလိပ်လက်အောက် ရောက်ခဲ့သလို မြို့တော် ရန်ကုန်မှာလည်း ကိုလိုနီခေတ် အဆောက်အဦးတွေနဲ့ ပြည့်နေပါတယ်။ တချို့ အဆောက်အဦးတွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း တရာကျော်နေပြီ ဖြစ်ပါတယ်။ အရှေ့တောင် အာရှဒေသတွင်း ထုထည် ခိုင်ခန့် ကြီးမားတဲ့ ကိုလိုနီခေတ် အဆောက်အဦး အများဆုံးရှိတဲ့ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် အစိတ်အတွင်း မြင့်မားတဲ့ အဆောက်အဦး အသစ်တွေ ထပ်ပြီး ဆောက်လုပ်တာမျိုး ရှိနေပေမယ့် အာရှဒေသက တခြားမြို့တွေလို မိုးပျံ အဆောက်အဦးတွေတော့ မဟုတ်ပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ငလျင်ရပ်ဝန်း ထဲမှာ ကျနေတာမို့ လူဦးရေ အထူထပ်ဆုံး မြို့ရဲ့ အဆောက်အဦးတွေအတွက် စိတ်ပူစရာ အတိုင်းအတာ ဘယ်လောက် ရှိပါသလဲ ဆိုတာကို ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းနိုင် နဲ့ သိမ်ကြီးဈေး စီရုံ အပါအဝင် အဆောက်အဦးအတော်များများ ဆောက်လုပ်ရာမှာ ကြီးကြပ်ခဲ့သူ အင်ဂျင်နီယာ ဦးသန်းထွန်းကို မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန် တဝိုက်မှာ ငလျင်ကြီးမလှုပ်ပေမယ့် ပြင်းအားအဆင့် ၄-၅ ဝန်းကျင်ရှိတဲ့ ငလျင်တွေ ရန်ကုန်အနောက် ဖက် မြစ်ဝကျွန်းပေါ် တဝိုက်မှာ လှုပ်ခတ်လေ့ရှိပါတယ်။ တချို့နေရာတွေဟာ အပေါ်မှာ မမြင်ရတဲ့ နစ်မြုပ်နေတဲ့ Burried Fault ပြတ်ရွေ့တွေကြောင့် ဖြစ်နိုင်သလို မြစ်ဝကျွန်းပေါ်ဒေသမို့ အောက်ခံမြေ တဖြေးဖြေး သိပ်သည်း ကျစ်လစ် လာတဲ့ အတွက်ကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိက စိုးရိမ်ရတာက ဘယ်အချိန် လှုပ်မယ်လို့ မရေရာတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ လှုပ်ခတ်မှုပါ။
၁၉၃၀ ကလှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်လို ငလျင်ကြီး မျိုးထပ်ပြီးလှုပ်ခတ်မယ်ဆိုရင် ရန်ကုန် က အဆောက်အဦးတွေဟာ ၃ပေ ကနေ ၁၃ပေ လောက်အထိ ဘေးတိုက်ရွေ့လျားနိုင်တယ်လို့ ဘူမိဗေဒပညာရှင်က ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့က နောက်ပိုင်းဆောက်လုပ်တဲ့ အဆောက်အဦး အတော်များများဟာ ငလျင်ဒဏ်အတွက်ပါ ထည့်သွင်းတွက်ချက် ဆောက်လုပ် ထားသလို အင်ဂျင်နီယာတွေရဲ့ အကြံပေးချက်တွေကို တိတိကျကျ လိုက်နာရင် ငလျင်ကြောင့် ပြိုကျမှာကို စိုးရိမ်စရာ မလို ဘူးလို့ အင်ဂျင်နီယာတွေက တွက်ပါတယ်။