သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ ပြည်တွင်းရေးဝင်မစွက်မူအတိုင်း ရပ်တည်မည်” တရုတ်တုံ့ပြန်


(ဝဲမှယာ) သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ရက်နေ့ သတင်းထုတ်ပြန်ခဲ့သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်
(ဝဲမှယာ) သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ရက်နေ့ သတင်းထုတ်ပြန်ခဲ့သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်

[[Zawgyi/Unicode]]


မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ယောက် ကြိုးပေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရုတ်ကို နိုင်ငံတကာက ဖိအားပေး ပြောဆိုနေတာတွေရှိပေမယ့် တရုတ် နိုင်ငံခြားရေးဌာနကတော့ သူတို့အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေကို ဝင်ပြီးမစွက်ဖက်ဘူးဆိုတဲ့ မူအတိုင်းပဲ ရပ်တည်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရေရှည်အကျိုးကိုကြည့်ပြီး မတူကွဲပြားမှုတွေကို အခြေခံဖွဲ့စည်းပုံနဲ့ ဥပဒေတွေရဲ့ စည်းဘောင်တွေထဲမှာပဲ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၆ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ပသတင်းမီဒီယာတွေကို ပြောလိုက်တာပါ။ တရုတ်အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စမှာ ဝင်ပြီး မစွက်ဖက်ဘူးဆိုတဲ့မူကိုပဲ ဆက်ပြီးကျင့်သုံးနေတယ် လို့လည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ မစ္စတာ Zhao Lijian က ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ခဲ့ပြီးနောက် တရုတ်အနေနဲ့ မြန်မာအပေါ်မှာ သူ့ဩဇာသုံး ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုခဲ့တဲ့အပေါ် သတင်းမီဒီယာတွေမေးမြန်းတာကို တရုတ်နိုင်ငံခြားရေးပြောခွင့်ရသူက တုံ့ပြန်ခဲ့တာပါ။

တရုတ်အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပေဒေအောက်မှာပဲ မြန်မာ့အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်စေချင်ပုံရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဗမာပြည်အရေးကိစ္စကို ဗမာပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာ ပါဝင်တဲ့ သက်ဆိုင်သူတွေအားလုံး စုံစုံညီညီနဲ့ မျက်နှာစုံညီဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း ဆွေးနွေးဖြေရှင်းဖို့ကို လိုလားပါတယ်-တဲ့။ (Zhao Kijian က) အဲလိုပြောတယ်ဗျ။ တောက်လျှောက်လည်း သူ ဒီလိုပဲပြောနေတာပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံအောက်မှာ အားလုံးပါဝင်ဆွေးနွေးကြဖို့ဆိုပြီး ပြောနေတာပဲလေ။ (တရုတ်နိုင်ငံခြားရေးဝန်ကြီး) ဝမ်ယိလည်း ဒီလိုပဲပြောနေတာပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ ရည်ညွှန်းပုံရပါတယ်။"

အခု ဇူလိုင်လ ၃ ရက်က ပုဂံမြို့မှာလုပ်တဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ခဲ့ပါတယ်။ ဒါက စစ်ကောင်စီအာဏာသိမ်းပြီး သူ့ရဲ့ ပထမဆုံးမြန်မာပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီပွဲမှာ မစ္စတာဝမ်ယိဟာ အာဆီယံရဲ့ လက်ရှိအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်နဲ့ သူတွေဆုံခဲ့ပြီး မြန်မာ့အရေးဆွေးနွေးပါတယ်။ အဲဒီမှာတော့ တရုတ်အနေနဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ကို လက်ခံပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပြန်စဖို့ ရင်ကြားစေ့ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ အာဆီယံနဲ့ ပူးတွဲဆောင်ရွက်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေးပြဿနာဖြေရှင်းရေးမှာ တရုတ်အနေနဲ့ သူချည်းမဟုတ်ဘဲ အာဆီယံရဲ့ချဉ်းကပ်မှုကိုပိုပြီး အလေးထားတဲ့သဘောတွေ့ရတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းကလည်း ယူဆပါတယ်။

"အခု အာဆီယံကဆုံးဖြတ်ထားတဲ့ five-point consensus ကို အကောင်အထည် ဖော်တဲ့ကိစ္စမျိုးပေါ့နော် အဲဒါမျိုးမှာ သူဝင်ပြီးတော့ မှန်တယ်၊ အဲဒီအတိုင်းဖြစ်သင့်တယ် ဆိုတာအပြင် နောက်ပြီး ပြည်တွင်းမှာဆိုရင် အားလုံးပါဝင်တဲ့ ရွေးကောက် ပွဲ အခြေခံဥပဒေ၊ ဥပဒေတွေနဲ့အညီ လုပ်ပြီးတော့ ပြည်သူလူထုအားလုံးရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်တာကို လက်ခံသင့်တယ်ဆိုတာ ဒါ သူ ပါသင့်ပါထိုက်တဲ့၊ ပြောသင့်ပြောထိုက်တဲ့အတိုင်း ပြောတာပဲလေ။ အသေးစိတ်တွေတော့ သူကပြောလေ့မရှိဘူး။"

စစ်ကောင်စီဟာ အာဏာမြဲဖို့အတွက် အတိုင်းအဆမရှိ ဘာမဆိုလုပ်သွားမယ်ဆိုတာကို ပြနေပြီး နိုင်ငံတကာကဒါကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောခဲ့ပါတယ်။ ကုလအတွင်းအရေးမှူးချုပ်ကလည်း စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုကို ပြစ်တစ်ရှုတ်ချထားပါတယ်။

ဒါ့အပြင် မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အပေါ် ဝေဖန်ရှုတ်ချထားပါတယ်။ ဒါက လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်သလို အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း ပြက်ရယ်ပြုလိုက်တာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇူလိုင်၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











XS
SM
MD
LG