[[Zawgyi/Unicode]]
ရခိုင်ပြည်နယ်အတွင်း စစ်ဘေး ဒုက္ခသည်ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ခရီးသွား လာရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို စစ်ကောင်စီက ကန့်သတ် ထားတယ်လို့ အကူအညီပေးရေးအဖွဲ့တွေ့ ပြောပါတယ်။ အကန့်အသတ်တွေကြား စစ်ဘေးဒုက္ခသည်စခန်း တွေမှာ စားနပ်ရိက္ခာပြတ်လတ်တာတွေ ရင်ဆိုင်နေရတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် ဒုက္ခသည်တွေကို ကူညီနေတဲ့ ရခိုင်လူမှုရေးအဖွဲ့တွေရဲ့ ခရီးသွားလာခွင့်နဲ့ အကန့်အသတ်တွေ ရင်ဆိုင်နေရတာပါ။ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျောက်ချိုင်က ပြောပါတယ်။
“ သူတို့ကန့်သတ်ထားတာတွေက အများကြီးပဲ။ ဒီရခိုင်မြောက်ပိုင်းမှာဆိုရင် တရွာနဲ့တရွာ တနယ်နဲ့တနယ်သွားတဲ့အခါ သင်္ဘောတွေမှာ စားနပ်ရိက္ခာမတင်ရတာတွေရှိတယ်။ ကယ်ဆယ်ရေးဘက်မှာလည်း တော်တော်ခက်တယ်။ စားနပ်ရိက္ခာတွေ မတင်ရဘူး၊ အဲတော့ စားနပ်ရိက္ခာတွေ မရောက်ဘူး။ အဲလို အခက်အခဲတွေ ရှိတယ်ဗျာ။ စစ်ဘေးဒုက္ခသည်တွေအတွက်ကို တင်ဖို့ခက်နေတာဗျာ။ ကျနော်တို့က စစ်ဘေးရှောင်ကယ်ဆယ်ရေးပေးဖို့ဆိုတာနဲ့ကို သူတို့က အဖျက် အမှောက်လုပ်ချင်နေတာဗျာ။”
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တွေမြို့နယ်အတွင်း စစ်ဘေးဒုက္ခသည်ကူညီရေးအတွက် အလှူငွေကောက်နေတဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်အဖွဲ့ကို အလှူငွေ မကောက်ခံဖို့ စစ်ကောင်စီက ခေါ်ယူသတိပေးထားတယ်လို့ ကိုကျောက်ချိုင်က VOA ကို အခုလို ပြောပါတယ်။
“ စစ်ဘေးရှောင်တွေကို ပေးဖို့အတွက် အလှူခံတဲ့အပိုင်းမှာတင် အခင်အခဲကစနေပြီဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ကျနော်တို့ကို စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံခွင့်ကို ပိတ်ပင်ထားတယ်ဗျာ။ အလှူမခံရဘူး၊ အလှူခံရင် တရားစွဲခံရမယ်၊ လူတွေကို ဖမ်းမယ်၊ ကျနော်တို့ အသင်းအဖွဲ့က ကားတွေကိုလည်း သိမ်းမယ် ဆိုပြီးတော့ ပြောထားတာလည်းရှိတယ်ဗျာ။”
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအဖွဲ့(INGO)၊ NGO တွေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေ တိုးလာတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီလို ကန့်သတ်ချက်တွေကြောင့် ရခိုင်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ဘေးဒုက္ခ သည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်တာနေပါတယ်။
စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော်နေထိုင်တဲ့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေး ဒုက္ခသည်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့သူတွေ မရှိတော့ဘူးလို့ စခန်းတာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။
“ ကျနော်တို့ ညောင်ချောင်း IDP စခန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ ပါတယ်။ ဒါပေမယ့်လည်း အလှူရှင်တွေ တယောက်မှ မရောက်ဘူး။ အဖွဲ့အစည်းတွေကလည်း မရောက်ဘူး၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဘာအလှူရှင်မှ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို လာရောက်လှူတာမရှိဘူးခင်ဗျာ။”
အရင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ဘေးစီမံဌာနက ဆန်နဲ့ ရိက္ခာတချို့ လစဉ်ထောက်ပံ့သလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လည်း ဒုက္ခသည်တဦးကို တလအတွက် ကျပ် ၁၈,၀၀၀ စီထောက်ပံံ့ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ WFP ရဲ့ ထောက်ပံ့ငွေတခုသာ ပုံမှန်ရရှိတော့တယ်လို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးသန်းအေးက ပြောပါတယ်။
“ သဘာဝဘေးစီမံခရိုင် ဦးစီးမှူးကို မေးကြည့်တဲ့အခါ ဘာပြောလဲဆိုတော့ အထက်က ထောက်ပံ့မှုအစီအစဉ်မရှိလို့ ရိက္ခာမပေးတော့တာလို့ ဖုန်းနဲ့ ပြောတာတော့ ရှိတယ် ခင်ဗျာ။ WFP ကတော့ လစဉ် လူတယောက်ကို ၁၈,၀၀၀ စီထောက်ပံ့တယ်။ တလအတွက်ပေါ့။ သူတို့က လစဉ်ထောက်ပံ့တယ်။ ပျက်ကွက်တာတော့မရှိဘူး။”
ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသေးတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၅ သောင်းနီးပါး ရှိနေပါသေးတယ်။ ဒါ့အပြင် ဒီလအတွင်းမှာပဲ ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ စစ်ကောင်စီဖက်က ပိတ်ပင်တားဆီးတာတွေကြောင့် အခက်အခဲကြုံတွေ့နေရင် အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ သူတို့ ကို ဆက်သွယ်ပြီး ဆောင်ရွက်နိုင်တယ်လို့လည်း မနေ့က ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကန့်သတ်ထားတာတွေအပြင် ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူတွေအပါအဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းတစုံတရာဖြေဆိုခဲ့ခြင်း မရှိပါဘူးခင်ဗျား။
=================
[[Unicode]]
ရခိုငျစဈဘေးဒုက်ခသညျတှေ စားနပျရိက်ခာ အခကျအခဲကွုံ