[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပေါ် NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့စွဲထားတဲ့ အဂတိအမှု ၅ မှုအတွက် ပြန်ခေါ်သက်သေကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ စတင် စစ်ဆေးပါတယ်။ အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အင်းစိန်ထောင်အပြင် တခြားအကျဉ်းထောင်တွေမှာပါ ပါဆယ်ထုတ်ပေးပို့တာ ထောင်ဝင်စာပေးပို့တာတွေအပေါ် ကန့်သတ်မှုတွေ ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပေးပို့နေတဲ့ နေပြည်တော်အကျဉ်းထောင် ထောင်ဝင်စာ ပစ္စည်းတွေကိုလည်း အာဏာပိုင်တွေဘက်က ကန့်သတ်လာတယ်လို့ တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။ အကျဉ်းထောင်တွေနဲ့ ရုံးတင်စစ်ဆေးတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့အပေါ် အဂတိမှု ၅ မှုနဲ့ ပြီးခဲ့တဲ့အပတ်က နေပြည်တော်အထူးတရားရုံးက စွဲချက်တင်ခဲ့တာပါ။ ဒီတပတ် မှာတော့ ပြန်ခေါ်သက်သေတွေကို ပြန်လည်ခေါ်ယူ စစ်ဆေးတာတွေ ဒီကနေ့ စ လုပ်ပါတယ်။ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးအောင်ခန့်ကိုအပါအဝင် စစ်ကောင်စီဘက်ကတင်သွင်းထားတဲ့ သက်သေအားလုံး ပြန်လည်ခေါ်ယူစစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ ခရီးသွားဖို့ရှိတဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်ဝင်း တဦးတည်းကိုပဲ အမှု ၅ မှုအတွက် ပြန်လည် စစ်ဆေးတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပြင် NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ရဟတ်ယာဉ်ငှားရမ်းထားချိန် ငှားရမ်းစရိတ်နဲ့ကာမိအောင် မပျံသန်းတဲ့အတွက် နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ ၃ သန်းကျော် နစ်နာဆုံးရှုံးရတယ်ဆိုပြီး အမှု ၃ ခုအပြင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲဖို့ ရဟတ်ယာဉ်ဝယ်ယူရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မတင်ပြခဲ့တဲ့အတွက်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁ မှု၊ ဝယ်ယူတဲ့ရဟတ်ယာဉ်ကို စင်္ကာပူနိုင်ငံမှာ ပြင်ဆင်စရိတ် ယူရိုငွေ သန်း ၂၀ နီးပါး မကုန်သင့်ဘဲ သုံးစွဲခဲ့မှုအတွက် ၁ မှု စုစုပေါင်း ၅ မှုနဲ့ တရားစွဲဆိုထားတာပါ။
ဒီအမှုတွေနဲ့ပတ်သက်လို့ ထောင်တွင်း အထူးတရားရုံး ကြားနာပွဲတွေမှာ ပြင်ပကလူတွေ လာရောက်ခွင့်မရှိသလို ရှေ့နေတွေကိုလည်း အမှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ စကားပြောခွင့်ပိတ်ပင်ထားပါတယ်။
တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီး အကျဉ်းထောင် တချို့မှာ ထောင်ဝင်စာပစ္စည်းပေးပို့တာတွေကို ကန့်သတ်တာ၊ ရပ်ဆိုင်းတာတွေ ရှိလာပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း ပေးပို့တာတွေကိုလည်း အရင်က တပတ် ၂ ရက် ထောင်ဝင်စာပစ္စည်းပေးပို့ခွင့်ပေးခဲ့ပေမယ့် အခု တရက်တည်းကိုပဲ ပေးပို့ခွင့်ပြုလိုက်တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
အင်းစိန်ထောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး ကန့်သတ်ချက်တွေကြောင့် ထောင်တွင်း အခြေအနေ အသေးစိတ် သိဖို့ ပိုခက်ခဲလာသလို ဗုံးပေါက်ကွဲခဲ့တဲ့ အင်းစိန်ထောင်မှာသာမက တခြားနယ်မြို့တွေက အကျဉ်းထောင်တွေမှာလည်း ထောင်ဝင်စာပစ္စည်း ပေးပို့မှုတွေမှာ အခက်အခဲတွေ ရှိလာတဲ့အကြောင်း အကျဉ်းသားအရေး လေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။
“ဘိတ်ထောင်မှာကျတော့လေ အရင်က မနက်ပိုင်းပို့လို့ရတယ်။ ညနေပိုင်းပို့လို့ရတယ်ပေါ့နော်-ထောင်ဝင် စာက။ အခုကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ အင်းစိန်ထောင် ဗုံးပေါက်ပြီးတဲ့အချိန်ကနေစပြီးတော့ မနက်ပိုင်းတခုပဲ ထောင်ဝင်စာလက်ခံတယ်၊ ပြီးတော့ တနင်္ဂနွေနေ့ကို ထောင်ဝင်စာပိတ်လိုက်တယ်။ အဲလိုအခြေအနေတော့ရှိတယ်။”
အင်းစိန်အကျဉ်းထောင်မှာတော့ ထောင်ဝင်စာပစ္စည်း ပေးပို့တာ၊ အထူးတရားရုံးရဲ့ ရုံးထုတ်စစ်ဆေးတာတွေ ပိတ်ထားဆဲဖြစ်ပြီး တခြားမြို့နယ်တွေမှာ စစ်ဆေးတဲ့ အမှုတွေအတွက်လည်း အကျဉ်းသား ခေါ်ယူစစ်ဆေးတာတွေပါ ပိတ်ထားတယ်လို့ ရှေ့နေတဦးက ပြောပြပါတယ်။
“ပိတ်ထားတယ်။ အဲဒီ ပို့တဲ့အဆောင်၊ ဟိုတခါ ဗုံးကွဲတဲ့အဆောင်ကိုပြင်နေတယ်။ တရားဝင်မဟုတ်ဘူး။ ဘိတ်ကကောင်လေးပြောတာတော့ ထောင်ဝင်စာက အနည်းဆုံး တပတ်ဆယ်ရက်တော့ ကြာမယ်ဆရာ-တဲ့။ အထူးတရားရုံးကတော့ နှစ်ပတ်လောက်ကြာလိမ့်မယ်လို့ပြောတယ်။ ဒီမှာအမျိုးမျိုးပြောနေတာပဲ။ တချို့လည်း ဆယ့်နှစ်လပိုင်းကုန်အထိ ပိတ်မယ်လို့လည်းကြားနေတယ်။ ဒါပေမယ့် ဘာမှ တရားဝင်တော့ မသိသေးဘူးလေ။”
အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တုန်းက အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက်နားမှာရှိတဲ့ ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာမှာ ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့တာမှာ ထောင်ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ အမျိုးသမီး ၅ ဦး ပေါင်း ၈ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။
==========
[[Unicode]]