[[Zawgyi/Unicode]]
တောင်သူလယ်သမားတွေယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေနဲ့ ကြွေးကျန်ပမာဏတချို့ကို ထွက်ကုန်သီးနှံနဲ့ ပေးချေရမယ်လို့ စစ်ကောင်စီခန့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဲဒီလို ပြန်ပေးချေတဲ့အခါ ဈေးကွက်ပေါက်ဈေးနဲ့ မတွက်ဘဲ ရည်ညွှန်းဈေးနှုန်းနဲ့သာ ဈေးဖြတ်မယ်ဆိုရင် အရှုံးပေါ်နိုင်တာကို လယ်သမားတချို့ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။
စပါးနဲ့ပဲစိုက်တဲ့ တောင်သူတွေက ယူထားတဲ့စိုက်ပျိုးစရိတ် ကြွေးကျန်ထဲက ၂၅ ရာခိုင်နှုန်းကို သီးနှံနဲ့အစားထိုးပြီး ပြန်ဆပ်ပေးရမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက တနင်္လာနေ့က ပဲခူးတိုင်းခရီးစဉ်အတွင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း တန်ဖိုးနဲ့ညီတဲ့ ထွက်ကုန်တွေနဲ့ ပေးချေရမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီသီးနှံတွေကို ဈေးကွက်ပေါက်ဈေး တန်ဖိုးအတိုင်း ဝယ်ယူမှာလား ဒါမှမဟုတ် ဌာနဆိုင်ရာက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ ဝယ်ယူမှာလားဆိုတာတော့ မဖော်ပြထားပါဘူး။
အခုနှစ်စပါးဈေးက ဆန်ကြမ်းတင်းတရာကို ကျပ် ၁၃ သိန်းဝန်းကျင်ရှိပြီး ဆန်ချောကတော့ ၁၆ သိန်းဝန်းကျင်ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တောင်သူလယ် သမားအကျိုးစီးပွား မြှင့်တင်ရေးအဖွဲ့ရဲ့ စပါးရည်ညွှန်းသတ်မှတ်ဈေးက ၆၃၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ ဒီနှုန်းနဲ့တွက်ပြီး အကြွေးဆပ်ရမယ်ဆိုရင် အဆင်မပြေနိုင်ကြောင်း ပဲခူးတိုင်းက လယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။
"သူတို့ဘယ်လိုပဲ အစိုးရကပြောပြော မြေပြင်မှာ ရောင်းနေ ဝယ်နေကြတာသည် ၁၂ ခွဲ ၁၃ ပဲလေ။ သူတို့အဲဒီ ရည်ညွှန်ဈေးအတိုင်းပြန်ဝယ်ရင် တောင်သူတွေက ခွက်ခွက်လန်အောင် ရှုံးမယ်လေဗျာ။ ရှုံးရုံတင်မဟုတ်ဘူးလေ၊ လယ်တွေပါ ပြန်အပ်ရမယ့် အနေအထား အဲဒါဆိုရင်။ အခု ရိတ်ခြွေကြွေးရှိမယ်၊ ထွန်စက်ကြွေးရှိမယ်၊ မြေဩဇာကြွေးရှိမယ်။ အဲဒါတွေက ရောင်းချပြီးရင် ဆပ်ကြတာပဲလေ။ ထွန်စက်ခလည်း စပါးရောင်းချပြီးရင် ပေးရတာပဲ။ အစိုးရကြေးပဲကျန်မယ် ကျန်ရင်။"
ဌာနဆိုင်ရာဘက်ကတော့ စပါးနဲ့ ပဲတီစိမ်းစိုက်တဲ့ တောင်သူတွေအတွက် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးကို ငွေမချေးဘဲ ၁ ရာခိုင်နှုန်း ဝန်ဆောင်ခနဲ့ ပံ့ပိုးပေးနေတယ်လို့ အဲဒီနိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ ဒီလို ချေးငွေနဲ့ သွင်းအားစု ကြွေးကျန်တွေကို သီးနှံနဲ့အစားထိုးပြီး ပြန်လည်ပေးချေရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေယူထားတဲ့ သူတွေထဲမှာ ဧရာဝတီတိုင်းက အများဆုံးဖြစ်ပါတယ်။ လယ်သမားတွေကတော့ နှစ်တိုင်း ကြွေးကျန်ကတော့ ရှိနေတယ်လို့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့က လယ်သမားတဦးက ပြောပါတယ်။
"လယ်သမားဆိုတဲ့ အမျိုးကတော့ သိတဲ့အတိုင်းပဲ။ တရာသီပေါ်မှာ ပိုက်ဆံတခါ ရှိလာတာကိုး။ အဲဒါကြောင့် ဒီကြားထဲမှာ မရှိတော့လည်း ယူသုံး၊ ယူစားကတော့ ရှိတာပေါ့။ ဒီလိုပဲ ပြီးတော့ ပြန်ဆပ်ပေါ့။ လယ်သမားဆိုတဲ့ အတိုင်းပဲ လည်နေတာပေါ့။"
မြန်မာ စီမံဘဏ္ဍာဌာနရဲ့ စာရင်းအရဆိုရင် တနိုင်ငံလုံးမှာ တောင်သူလယ်သမား ၁.၈ သန်းရှိပြီး သူတို့အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေတာဖြစ်ပါတယ်။
ရာသီဥတု ဖောက်ပြန်တာ၊ ထုတ်လုပ်နိုင်ဖို့အတွက် ရင်းနှီးရတဲ့ သွင်းအားစု ဈေးတက်လာတာ၊ စပါးဈေးမရတာ ဒီလိုအကြောင်းတွေကြောင့် လယ်သမားတွေရဲ့ ကြွေးကျန်က နှစ်တိုင်း အများအပြားရှိနေတာပါ။ ၂၀၁၉ ခုနှစ်တခုတည်းမှာတင် ကြွေးကျန်ပမာဏက ကျပ်ငွေဘီလီယံ ၂၂၀ ကျော်အထိ ရှိခဲ့တယ်လို့ ဌာနဆိုင်ရာ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
=================
[[Unicode]]