[[Zawgyi/Unicode]]
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း မိုးစပါး၊ ပြောင်း၊ မြေပဲတွေ လက်ရှိ ရိတ်သိမ်းဖို့ လိုနေပေမယ့် တောင်သူတွေ စစ်ဘေးရှောင်ပြီးထွက်ပြေးနေတဲ့အတွက် မရိတ်သိမ်းနိုင်ဘဲဖြစ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မိုးမြဲမြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တောင်ယာ ဧက တသောင်းထက်မနည်းရှိမယ်လို့ ခန့်မှန်းပြီး အချိန်မီ မရိတ်သိမ်းနိုင်ရင် နောက်လာမယ့် နှစ်တွေအတွင် စားနပ်ရိက္ခာပိုပြီး ခက်ခဲလာနိုင်တယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ မိုးဗြဲမြို့နယ်ထဲက စစ်ဘေးရှောင် တောင်သူတွေရဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်ကနေ ၁၂ ရက်အထိ မိုးဗြဲမြို့နယ်ထဲက ကျေးရွာတွေမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မြို့ခံတွေ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ထွက်ပြေးကြသူတွေထဲမှာ မိုးစပါး၊ ပြောင်း၊ မြေပဲတွေ စိုက်ပျိုးထားတဲ့ တောင်သူတွေလည်း ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ ရိတ်သိမ်းဖို့လိုနေပေမယ့် မလုပ်နိုင်ကြတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။
“အခုက ကျနော်တို့ကလည်း စစ်ရှောင်နေတာတဘက်။ တောင်သူတွေလည်း စိုက်တာပျိုးတာ ရိတ်သိမ်းဖို့လည်း လိုနေပြီး။ကျနော်တို့ တောင်သူက စပါး၊ ပြောင်း၊ မြေပဲ အဲ့ဒါတွေလည်း ရိတ်သိမ်းဖို့ အချိန်က ရောက်နေပြီ။ ရိတ်သိမ်းလည်း မရိတ်သိမ်းရဲကြဘူး၊ စားဝတ်နေရေး လာမယ့် ဒီနှစ်အတွက်ရော လာမယ့်နောက်နှစ်အတွက်ရောက် အားလုံးခက်ခဲကြုံတွေ့နေရတယ်။”
တိုက်ပွဲမဖြစ်တဲ့အချိန်မှာလည်း တခါတရံ လက်နက်ကြီးကျည်တွေ ကျတာမျိုးတွေ ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး နေရပ်မပြန်ရဲကြတာလို့ အဲဒီ ဒေသခံက ဆက်ပြောပါတယ်။ မရိတ်သိမ်းနိုင်တဲ့ မြေယာ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။
“လက်နက်ကြီးနဲ့ လှမ်းပစ်လာတဲ့အခါ ကျနော်တို့က တောင်သူတွေက ယာခင်းထဲရောက်ရင်လည်း လူကအစုလိုက်အပြုံလိုက်နဲ့ရှိရင် နည်းနည်းတွေ့တာနဲ့ အကုန်လုံးလည်း လက်နက်ကြီးနဲ့ ထုနေလို့ ရိတ်သိမ်းဖို့ကလည်း အဆင်ပြေမှုမရှိဘူးပေါ့။ ကျနော်တို့ မရိတ်သိမ်းနိုင်တဲ့ မြေယာ လယ်နဲ့ယာဆို အားလုံး ဧက ၁၀,၀၀၀ လောက် အထက်မှာပဲ ရှိတယ်။ အရင်က နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုရှိမှပဲ လက်နက်ကြီးတွေက ကျလာတယ်၊ အခုက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုမရှိဘဲနဲ့ လက်နက်ကြီးနဲ့ထုတယ်လေး။ကျနော်တို့တောင်သူတွေက ရိတ်သိမ်းဖို့ဟာတော့ အခက်အခဲရောက်နေတာပေါ့။”
စိုက်ပျိုးထားတဲ့ သီးနှံ့တွေကို ဒီအချိန် မရိတ်သိမ်းနိုင်ရင် နောက်လာမယ့်နှစ်တွေအတွက် စားနပ်ရိက္ခာ ပိုမို ခက်ခဲလာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။ မိုးဗြဲမြို့မှာ စစ်ရှောင်တွေကို ကူညီနေသူတဦးကတော့ စပါးတွေ အမှည့်လွန်နေတာ တွေ့ရတဲ့အကြောင်းနဲ့ ရိတ်သိမ်းဖို့ ကြိုးစားတဲ့ တောင်သူတချို့လည်း ရှိတဲ့အကြောင်း ပြောပါတယ်။ စပါးရိတ်သိမ်းနေရင်းနဲ့ ပစ်ခတ်သံတွေ ကြားရလို့ ထွက်ပြေးလာရတဲ့ သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“မနေ့ညကလည်း ကျနော်တို့ အသိတယောက် လယ်ရိတ်တယ်ပေ့ါ။ လယ်ရိတ်တယ်၊ ဒါပေမယ့် မပြီးဘူး။ ရိတ်နေ တန်းလန်းပဲ။ ဒီရက်ကတော့ တိုက်ပွဲထပ်ဖြစ်တော့ သူက လူကလည်း မိုးဗြဲမြို့ကနေ ထပ်ရွှေ့သွားရတယ်ပေါ့။ အဲ့ဒါ သူ့လယ်စပါးတွေတော့ ဒီတိုင်းပျက်စီးသွားမယ်လို့ပဲ ကျနော်မြင်တာပေါ့။”
ဖယ်ခုံအခြေစိုက် စစ်ကောင်စီ အမြောက်တပ်နဲ့ လွိုင်ကော်အခြေစိုက် အမြောက်တပ်တွေဘက်ကနေ မိုးဗြဲမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့သူက ပြောပါတယ်။
“တိုက်ပွဲက အပြင်းအထန် ၄ ရက်ပဲ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် တိုက်ပွဲမဖြစ်တဲ့ရက်ဆိုလည်း ပုံမှန်ပဲ။ သူတို့က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်ချတာပေါ့နော်။ ဒီနေ့ဒီအချိန်ထိပဲ လူထိတဲ့ဟာတွေလည်း ထိတယ်။ မနေ့ညလည်း တညလုံး ဖယ်ခုံဘက်က အမြောက်တပ်ရယ်၊ ဒီလွိုင်ကော်ဘက်ကနေ အမြောက်တပ်ရယ်ရယ်ပေါ့နော်၊ တိုက်ပွဲတော့ မဖြစ်ဘူး။ တိုက်ပွဲတော့မရှိဘူး။ ဒါပေမယ့် သူတို့က အမြဲတမ်းလိုလိုပစ်တယ်ပေါ့။ ဒီမိုးဗြဲမြို့ထဲ ဒါကြောင့်မို့လို့ မြို့နေပြည်သူတွေကလည်း ရွှေ့ ရွှေ့ ရွှေ့ကုန်ပြီပေါ့။ အခုဆိုရင် ၃၀ ရာခိုင်နှုန်းလောက် အလွန်ဆုံး အဲ့လောက်ပဲကျန်တော့မယ်။ ပြည်သူတွေကလည်း သိပ်မရှိတော့ဘူး။”
မြန်မာစစ်တပ်ဘက်ကတော့ ဒီလို စစ်ကောင်စီဘက်က ပစ်ခတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် အတည်ပြုပြောဆိုတာ မရှိသလို သတင်း တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။
မိုးဗြဲမြို့နယ်အတွင်းမှာ ဒီလဆန်းပိုင်းကတည်းက စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ပိုတိုးလာသလို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန် တိုက်ပွဲတွေ ခပ်စိတ်စိတ် များလာပါတယ်။ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သူတွေ များလာတာကြောင့် မိုးဗြဲမြို့အခြေအနေ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့လည်း ဒေသခံတွေက VOA ကို ပြောပါတယ်ရှင်။
Your browser doesn’t support HTML5
==================
[[Unicode]]