[[Zawgyi/Unicode]]
စစ်ရေးတင်းမာနေပြီး မကြာခဏတိုက်ပွဲဖြစ်နေတဲ့ ရှမ်းနဲ့ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတိုးမြှင့်စစ်ဆေးနေပြီး PDF ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိမရှိ၊ သင်တန်းဆင်းသူတွေ ဟုတ်မဟုတ် ခြေလက်တွေ စစ်ဆေးတာ၊ ဖုန်းတွေစစ်တာ စသဖြင့် အသေးစိတ်မေးမြန်းနေပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်ထားတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
ကယားပြည်နယ်အပြင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အောင်ပန်းမြို့နယ်အထိ ခရီးလမ်းတလျှောက် စစ်ကောင်စီ စစ်ရေးဆေးဂိတ်တွေ သိသိသာသာ တိုးမြှင့်ချထားပြီး မြို့တွင်းသွားလာသူတွေ၊ ခရီးဝေးသွားလာသူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ခရီးသွားလာသူနဲ့ စစ်ရှောင် ကူညီနေသူတွေက VOA ကို ပြောပါတယ်။
လွိုင်ကော်မြို့နယ်ကနေ ပဲခူးတိုင်းဘက်ကို ခရီးသွားခဲ့တဲ့သူ တယောက်က အခုလို ပြောပြပါတယ်။
“နေရာတိုင်းပေါ့။ စစ်တာတော့ တော်တော်များတယ်။ လွိုင်ကော်အထွက်စလို့ ဖယ်ခုံအဝင် နောက် ဒီးဂျစ် နောက် အောင်ပန်း၊ အောင်ပန်းကျော်သွားရင်တော့ ဟိုဘက် ဆိုတော့ ဘာမရှိတော့ဘူး။ မှတ်ပုံတင်လောက်ပြရင် ရပြီ၊ အဲ့လောက်ပဲ။ ဒီးဂျစ်မှာဆို ဖုန်းတွေကို ကားပေါ်ကနေယူသွားပြီးတော့ သူတို့အထဲမှာသွားစစ်တာ၊ သူတို့ password တွေ ဖြည်ခိုင်းပြီးတော့ ဖုန်းလည်းစစ်တယ်။ လူလည်း စစ်တယ်။ နောက် အထုပ်တွေ အကုန်ဖြည်ခိုင်းတယ်။ အဲ့လိုမျိုးတွေ ကျနော်တို့ဆို မှတ်ပုံတင်ပြ၊ ကိုဗစ် စာရွက်ပြ အဲ့လိုမျိုး။ လွိုင်ကော်ကနေ အောင်ပန်းအထိက။ အိုး…တော်တော်ကြမ်းတယ်။ လူငယ်ပိုင်းဆို ပိုဆိုးတယ်။ ဒီးမော့ဆိုမှတ်ပုံတင်တွေ ဘာတွေဆို တအားစစ်တာ။”
ခရီးသွားတဲ့သူ အထူးသဖြင့် လူငယ်ပိုင်းတွေဆိုရင် PDF နဲ့ ဆက်နွယ်ခြင်းရှိမရှိ၊ သင်တန်းဆင်းသူတွေ ဟုတ်မဟုတ် ခြေလက်တွေ စစ်ဆေးတဲ့အပြင် ဖုန်းတွေစစ်တာ၊ အသေးစိတ်မေးမြန်းနေတယ်လို့ ဆိုပါတယ်။
“PDF နဲ့ ဆက်နွယ်လား၊ ဘာလား ညာလားပေါ့။ မသင်္ကာတဲ့ကလေးတွေဆိုရင် နည်းနည်းပါးပါးကြာတာပေါ့။ မေးတာမြန်းတာတွေ အဲ့လိုမျိုးတွေ၊ လူငယ်ပိုင်းတွေဆိုရင် နိုင်ငံစွန့်ဖို့သွားတဲ့ကလေးတွေရှိတယ်လေ။ အဲ့လိုမျိုးဆိုရင် သူတို့က မသင်္ကာတဲ့လူတွေဆိုရင် လက်တွေပါ ဖြန့်ခိုင်းတာ။ သူတို့လက်မှာအသားမာတွေရှိလား ဘာညာပေါ့၊ သင်တန်းတက်ထားလား သိချင်လို့။ မေးတာပေါ့နော်၊ ဘာမှာနေတုန်း၊ ကျနော်တို့ဆိုရင် စစ်ရှောင်လို့ ပြောတာ၊ အဲ့တောင်မှ သူတို့က တောထဲမှာ ရှောင်တာလား၊ မဟုတ် ဘူး၊ လွိုင်ကော်မှာ ရှောင်နေတာလို့ ပြောတာ။ အဲ့ဒါကို ထောက်ပံ့ကြေးရလား ဘာညာ... မရပါဘူးလို့၊ ထောက်ပံ့ကြေးတို့ ဒါပေမယ့် UN ကတော့ ဆန်တွေဘာတွေ လာပေးတာရှိတယ်လို၊့ အဲ့လိုမျိုးပြောရတယ်။ အမှန်တိုင်း ပြောတာ ကိုယ်ကတော့။”
စစ်ရေးတင်းမာနေတဲ့ ကယားနယ်တွေမှာ အခုနောက်ပိုင်း မြို့တွင်း စစ်ဆေးတာတွေ ပိုဆိုးဝါးလာတဲ့အကြောင်းနဲ့ မြို့တွင်းသွားလာသူတွေကို ပစ်ခတ်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
“လွိုင်ကော် ကုန်းသာကနေ မွန်ပြည်ဘက်သွားတဲ့ဘက်မှာလည်း တော်တော်စစ်တာ။ အထူးသဖြင့် ကုန်းသာမရောက်ခင် လွိုင်ကော်အထက်နားမှာပေါ့နော်၊ တပ်ဂိတ်ရှိလို့ ပေါ့နော် အဲ့မှာစစ်တယ်။ နောက် ပိုဆိုးတာက မြို့တွင်းမှာ စစ်ဆေးမှုတွေများတဲ့အပြင် တနေ့ကပဲ ကျနော်တို့ မိုင်းလုံဘက်မှာပေါ့နော်- ဆိုင်ကယ်မောင်းနေတဲ့ လူတယောက်ကိုပစ်လို့ အပစ်ခံလိုက်ရတယ်ပေါ့နော်။ စစ်တပ်ကနေ ပစ်လို့ သေဆုံးမှုတွေပေ့ါနော်- အဲ့လိုမျိုးဖြစ်တာရှိတယ်ပေါ့နော်။ အစစ်အဆေးတော့ အခုနောက်ပိုင်း နည်းနည်းကြမ်းလာတယ်။”
ကယားနယ်တွေဘက်မှာဆိုရင် လမ်းသွားလမ်းလာတွေ တင်းကြပ်စစ်ဆေးတဲ့အပြင် စစ်ကောင်စီရဲ့ ထောက်ခံချက်မရှိရင် ဆန်သယ်ယူခွင့်မပြုဘူးလို့ ဒီးမော့ဆိုမြို့နယ်အရှေ့ ခြမ်းက စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
“ခရီးသွားလာမှုနဲ့ ပတ်သက်ပြီးတော့ ယာဉ်တင်းကြပ်မှုတွေ အရင်ကထက် ပိုပြီးမှ တင်းကြပ်လာတယ်ပေါ့နော်။ အများကြီးစစ်ဆေးမှုတွေ လုပ်နေတယ်။ ဒီလမ်းပေါ်မှာလို့ ရှိရင် ဆန်တွေ ဘာတွေ သယ်လို့ပြုလို့ရှိရင် လုံးဝခွင့်မပြုတဲ့အနေအထားမှာ ရှိတာပေါ့နော်။ ကိုယ်က သယ်ချင်တယ်ဆိုလို့ရှိရင် သူတို့ရဲ့ ထောက်ခံချက်တွေ၊ ထွေအုပ်ရဲ့ ထောက်ခံချက်တွေ ဘာတွေ ယူရမယ် စသဖြင့် သူတို့အများကြီးရစ်တယ်နော်။ အဲ့လိုမျိူးမဟုတ်လို့ရှိရင် ဆန်တွေ သိမ်းသွားတာတို့၊ မဟုတ်လို့ရှိရင် ဒဏ်ငွေ ရိုက်တာတို့ အဲ့လိုမျိုးတွေ လုပ်တယ်ပေါ့နော်။”
စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ချပြီး စစ်ဆေးနေတဲ့အတွက် သာမန်ခရီးသွားတဲ့သူတွေလည်း အထူးစိုးရိမ်နေတဲ့အကြောင်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်ကနေ အရပ်သားတွေကို ပစ်ခတ်တယ်ဆိုတဲ့ကိစ္စကိုတော့ စစ်ကောင်စီဘက်က တုံ့ပြန်ဖြေရှင်းတာ မရှိသေးပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန်အပြစ်ဖို့နေသလို တိုက် ပွဲတွေမဖြစ်ပွားတဲ့အချိန်မှာလည်း လူတွေ အထူး သတိထား သွားလာနေကြရပါတယ်။
Your browser doesn’t support HTML5
------------------
[[Unicode]]