[[Zawgyi/Unicode]]
ရခိုင်ပြည်နယ် မောင်တောမြို့ရဲ့ အဓိက ကုန်စည်စီးဆင်းရာလမ်းကြောင်းကို စစ်ကောင်စီဘက်က ၁၀ ရက်ကျော်ကြာ ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ဈေးနှုန်းတွေ တက်နေသလို စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ မောင်တော ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အနီးမှာ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုအဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး ပစ်ခတ်သံတွေလည်း နေ့တိုင်နီးပါးကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်နေတဲ့အချိန် မောင်တောမြို့နယ် မှာ ကုန်းလမ်းကြောင်းတွေကို စစ်ကောင်စီကလက်ရှိအချိန်ထိ ပိတ်ထားတာကြောင့် မောင်တော ဒေသမှာ စားနပ်ရိက္ခာပြတ်လပ်လာနေတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောပါတယ်။
“ မောင်တော မြောက်ပိုင်းရော တောင်ပိုင်းရော ကျေးရွာတွေကိုသွားတဲ့လမ်းတွေ အကုန်လုံးက ပိတ်ထားတယ်ဆိုတော့ အဲဒီကျေးရွာတွေမှာ စားနပ်ရိက္ခာပြတ်တောက်တာတွေ ကြုံနေရတယ်လို့ သိရတယ်။”
မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ AA အဖွဲ့တို့ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတော့ အခုလို လမ်းပန်းဆက်သွယ်ရေးတွေကို စစ်ကောင်စီက ပိတ်လိုက်တာဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးမှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်ခံတွေ ကြားနေရတယ်လို့ မောင်တောဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။
“နေ့တိုင်းလိုလိုပါပဲ တိုက်ပွဲဖြစ်တာလား၊ ဘာဖြစ်တာလဲတော့ မသိဘူး။ ဟိုနားက ဒုံးဒုံး။ ဒီနားက ဒိုင်းဒိုင်း အမြဲတမ်းကြားနေရတယ်။ ကျမတို့အတွက်ကတော့ နေ့တိုင်းကြားနေရတော့ ရိုးနေပါပြီ။”
အခု လမ်းပန်းဆက်သွယ်ရေး ပိတ်ထားတဲ့အပြင် နေ့တိုင်းလိုလိုပစ်ခတ်မှုတွေရှိနေတဲ့ မောင်တောမြို့နယ်မှာ ၁၀ ရက် အတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ဒေသခံတွေ စားဝတ်နေရေး ကြာရင် ပိုးဆိုးလာနိုင်တယ်လို့ မောင်တောဒေသခံ အမျိုးသမီးတဦး ကပြောပါတယ်။
“အရင်တုန်းကဆိုလို့ရှိရင် ဖုန်းဘေလ်က တကဒ်ကိုမှ ၁ ထောင်။ အခုဆိုလို့ရှိရင် တကဒ်ကို ၁,၅၀၀ ပေးရတယ်။ ယံယံခေါက်ဆွဲထုတ်တွေဆိုလို့ရှိရင်လည်း အရင်က တထုပ်ကို ၄၅၀ လောက်ပဲရှိတာ အခု ၁,၀၀၀ ပေးရတယ်။ ကြက်ဥဆိုလို့ရှိရင်လည်း တလုံးကို ၅၀၀ ပေးရတယ်။ ဒီထက်ပိုပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားမယ်ဆိုရင် တရက်လုပ်မှ တရက်စားရတဲ့ သူတွေ တော်တော် အခက်အခဲဖြစ်ကြမှာသေချာတယ်။”
လက်ရှိ မောင်တောမြို့နယ်မှာ ပေါ်ဆန်းမွေးဆန်တအိတ်ကို ၉ သောင်းနီးပါးအထိရှိနေပြီး စားသုံးဆီတလီတာကို ၁ သောင်းနီးပါး ပေးဝယ်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မောင်တောမြို့နယ်အတွင်း တရွာနဲ့ တရွာသွားလာခွင့်တွေကိုပါ စစ်ကောင်စီက ပိတ်ထားတာကြောင့် စားနပ်ရိက္ခာတွေ ထွက်ဝယ်ဖို့ခက်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီအတိုင်းသာ ဒေသခံတွေရဲ့ ခရီးသွားလာခွင့်တွေကို ကန့်သတ်ပြီးတော့ လမ်းတွေ ဆက်ပိတ် ထားမယ်ဆိုရင် ဒေသခံတွေ ရိက္ခပြတ်လပ် သေဆုံးနိုင်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောပါတယ်။
“လမ်းတွေ ဆက်ပိတ်ထားရင် ခိုးမှုတွေ၊ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ဖြစ်လာမယ်။ ငတ်မွတ်ပြီးတော့ သေကြမယ်ဗျာ၊ အသေတော့ဘယ်ခံမလဲ။ လုကြမှာပဲ၊ ဓားပြတိုက်ကြမှာပဲ။ အဲလိုမျိုးတွေ ဖြစ်လာနိုင်တဲ့အခြေအနေရှိနေတယ်။ လမ်းပန်းဆက်သွယ်ရေးကို ဖွင့်ပေးစေချင်တယ်။ ကုန်ဈေးနှုန်းမတက်ရအောင် ကုန်စည်စီးဆင်းမှုကို ဖွင့်ပေးစေချင်တယ်။”
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်မှာ ဒေသခံတွေ သွားလာခွင့်တွေ ကန့်သတ်ထားတာ၊ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတာနဲ့ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ် ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါဘူးခင်ဗျား။
Your browser doesn’t support HTML5
=============
[[Unicode]]