[[Zawgyi/Unicode]]
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်၊ AA အဖွဲ့ကို ထောက်ခံတယ်ဆိုတဲ့သံသယနဲ့ ဒေသခံတွေကို စစ်တပ်ဘက်က ဖမ်းဆီးစစ်ဆေးတရားစွဲဆိုတာတွေ တိုးလာနေတယ်လို့ ရခိုင်ဒေ သခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင့်ဦးဆောင်ပါတီ AFP ရဲ့ အကြံပေးဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်ကိုလည်း အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက အခုရက်ပိုင်းအတွင်း ဖမ်းဆီးသွားကြောင်း ရခိုင်ဦးဆောင်ပါတီ ပြောခွင့်ရက VOA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးမှု အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာချိန်ကစပြီး ရခိုင်ပြည်နယ်မှာ ဒေသခံ ဆရာဝန်တဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖမ်းဆီးခံရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပြကြပါတယ်။ ဒီ ကြားထဲမှာပဲ အောက်တိုဘာ ၄ ရက်နေ့က ရခိုင့်ဦးဆောင်ပါတီအကြံပေးတဦးဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးကျော်လွင်နဲ့ ပါတီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမောင်ကောင်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးတာခံခဲ့ရတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အဖမ်းခံရသူ ၂ ယောက်ထဲက ဦးမောင်ကောင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးကျော်လွင် ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ဘယ်အဖွဲ့က ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာကို တိတိကျကျ မသိသေးဘူးလို့လည်း ဒေါက်တာ အေးမောင်ကပြောပါတယ်။
“ပါတီအနေနဲ့ တိတိကျကျမသိရသေးဘူး။ ဦးကျော်လွင်ကတော့ အခုအချိန်ထိ လွတ်လာတာ မတွေ့ရသေးဘူး။ ဦးမောင်ကောင်းနဲ့ကတော့ မနက်ပိုင်းကလွတ်လာပြီ။ နေကောင်းပါတယ်။ ကျန်းမာရေးအရလည်း ဆေးသောက်ဖို့လိုအပ်တာကြောင့် အိမ်ကို ရောက်ပါပြီလို့ ပြောတယ်။ ဘယ်အဖွဲ့ကဖမ်းသွားတယ်၊ ဖမ်းထားတယ်ဆိုတာတော့ မပြောဘူး-ကျနော့်ကို။”
ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ပြီး ဒေသခံတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာပါ။ AA အဖွဲ့ကို ထောက်ခံတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးတာတွေ ဒီရက်ပိုင်းမှာ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကနေ စက်တင်ဘာလ ၂၁ ရက်နေ့ထိ မြန်မာစစ်တပ်ဘက်က သံသယနဲ့ ဖမ်းဆီးခံရတဲ့ ရခိုင်ဒေသခံ ၁၃၀ နီးပါးအထိရှိပြီး တဝက်လောက်ကတော့ ပြန်လွတ်လာတယ်လို့ ရခိုင်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ DMG သတင်းဌာနက စာရင်းပြုစုထားပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကို ထောက်ခံပံ့ပိုးတာမျိုး မလုပ်ဖို့ မကြာသေးခင် သီတင်းပတ်အတွင်းက ရခိုင်စီးပွားရေးလုပ် ငန်းရှင်တွေကို မြန်မာစစ်တပ်ဘက်က သတိပေးထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီအတောအတွင်း တောင်ကုတ်မြို့နယ်က ဒေါက်တာ ကျော်သူရထွန်းကို စစ်တပ်ဘက်က ဖမ်းဆီးပြီး မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး တောင်ကုတ်မြို့ ရဲစခန်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။
“ရဲစခန်းပေါ့နော် မတရားအသင်းနဲ့ဆက်သွယ်မှုဆိုပြီးတော့ အမှုဖွင့်ထားတယ်၊ နောက်ဘာတွေ ဆက်လုပ်မယ်ဆိုတာတော့ မသိရသေး။ ရုံးထုတ်တာတွေဘာတွေလည်း မရှိသေးဘူးလေ။”
ရခိုင်ပြည်နယ်မှာ စစ်တပ်ဘက်က ခရီးသွားလာခွင့်တွေကန့်သတ်ပြီး ကုန်စည်သယ်ယူခွင့်၊ ဆေးဝါးသည်ယူခွင့် ကန့်သတ်နေတာတွေ၊ ဒေသခံတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတာတွေဟာ လူ့အခွင့်အရေးချိုး ဖောက်ရာရောက်တယ်လို့လည်း ရခိုင်လူ့အခွင့်ရေး လှုပ်ရှားသူတဦးက ကန့်ကွက်ဝေဖန်ပါတယ်။
“နေရာတွေ၊ သွားရေးလာရေးတွေ ကန့်သတ်တယ်။ မသွားရဘူး မလာရဘူးဆိုတာမျိုး၊ နောက်တခါ ဖမ်းဆီးချုပ်နှောင်တာတွေရှိတယ်။ နောက်တခုကတော့ ဆေးဝါးတွေကို ရခိုင်ကို မသယ်ရဘူး ဆိုပြီးတော့ တားဆီးပိတ်ပင်ထားတာတွေ ဘာတွေရှိတယ်။ အဲဒါတွေက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေး ကြေငြာစာတမ်းကို ချိုးဖောက်ရာကျတယ်။ အရပ်သားတွေကို မသွားရ မလာရ ပိတ်ပင်ထားတာက လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၃ နဲ့ ငြိပါတယ်။ နောက်တခါ ဖမ်းဆီးတာက ဥပဒေကြောင်းအရ ဖမ်းဆီးတာမဟုတ်ဘဲ မတရားဖမ်းဆီးတာဆိုရင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၉ ကိုကျူးလွန်ရာရောက်ပါတယ်။”
အခုလို ရခိုင်ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အခက်အခဲတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် တစုံတရာ မရခဲ့ပါဘူး။
Your browser doesn’t support HTML5
===============
[[Unicode]]