မိုးဗြဲမြို့တွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

ကယားပြည်နယ်နဲ့ကပ်လျက်မှာရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့။

[[Zawgyi/Unicode]]

ရှမ်း-ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇူလိုင် ၁၈ ရက် ဒီနေ့မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျလို့ အရပ်သားပြည်သူထိခိုက်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။ မြို့တွင်းက ဒေသခံအတော်များများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့တွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဇူလိုင် ၁၈ ရက် ဒီနေ့ မနက် ၂ နာရီလောက်က အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံမြို့နယ်ကနေ စစ်ကြောင်းဆင်းလာပြီး မိုးဗြဲမြို့အတွင်း ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

မနက် ၅ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်အသံတွေ ဆက်တိုက်ကြားရတာလို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“စစ်ကြောင်း….(လက်နက်ကြီးသံ)အခုလည်း ပစ်နေတုန်း။ မနေ့ ၂ နာရီကတည်းက သူတို့ဝင်လာတာနဲ့တူတယ်။ စစ်ကောင်စီတွေက မိုးဗြဲမြို့ထဲမှာ သူတို့ အရင်ဝင်နေတာ အဲ့လိုမျိုးပေါ့နော်။ မနက် ၅ နာရီခွဲကတည်းစဖြစ်တယ်၊ လက်နက်ငယ်နဲ့ ပေါ့နော်၊ ပြီးမှ လက်နက်ကြီးကျတယ်။ လက်နက်ကြီးကျတဲ့အချိန်မှာပဲ နေအိမ်တလုံးတော့ လောင်ကျွမ်းသွားတာပေါ့။ (…လက်နက်ကြီးသံ) အဲ့ဒါ အခုလည်း ကြားရလားမသိဘူး။ အခုလည်း ဆက်တိုက် ဖြစ်နေတုန်းပဲ။”

လက်နက်ကြီးကျလို့ အရပ်သားပြည်သူထိခိုက်ဒဏ်ရာရရှိသူတချို့ရှိသလို စည်ကား (၁) ရပ်ကွက်မှာ နေအိမ်တလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အခု ညနေပိုင်းအထိ ပစ်ခတ်မှုတွေရှိနေပြီး အပြင်ထွက်သွားလာလို့ မရတာကြောင့် အခြေအနေအသေးစိတ်မသိရသေးဘူးလို့ အဲ့ဒီမြို့ခံက ဆက်ပြောပါတယ်။

“ဒေသခံထိခိုက်မှုကျတော့ ခုနတွေ့နေရပါတယ်။ လိုင်းပေါ်တက်လာတာတွေပေါ့နော်။ ကျနော်တို့က အပြင်ထွက်လို့မရဘူးဖြစ်နေတယ်။ ဘာဖြစ်ဆို အနီးအနားမှာပဲ တိုက်ပွဲဖြစ်နေဆိုတော့လေနော်။ ဒီ ခုန ဒဏ်ရာရတဲ့ ပြည်သူတဦး နှစ်ဦးတော့ ကျနော်တို့ တွေ့နေရပါတယ်ခင်ဗျ။”

ဒီနေ့မနက်အစောပိုင်းက မိုးဗြဲမြို့တွင်းမှာ စစ်ကောင်စီတပ်တွေက လှုပ်ရှားနေသလို ကားရေဆေးလုပ်ငန်းပိုင်ရှင် တဦးကိုလည်း ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် မြို့ခံတွေ အနေနဲ့ ရှောင်တိမ်းကြဖို့နဲ့ မြို့တွင်းသွားလာမှုတွေ မလုပ်ကြဖို့ မိုးဗြဲပြည် သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့အစောပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နောက်ထပ်မြို့ခံတဦးက လက်ရှိမှာ မိုးဗြဲတမြို့လုံး နေရာအနှံ့ဆိုသလို ပစ်ခတ်သံတွေ ကြားနေရလို့ စစ်ပြေးရှောင်တွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ပြောပါတယ်။

“အခြေအနေက ဆိုးဆိုးဝါးဝါးဖြစ်နေပါတယ်။ အခု လက်နက်ကြီးရော လက်နက်ငယ်ရော နောက်ပြီး အများပြည်သူလည်း အကုန်လုံးထွက်ပြေးနေရတယ်လေး။ အခုတမြို့လုံးအတိုင်းအတာဖြစ်သွားပြီး နေရာအနှံ့ နှစ်နေရာဖြစ်သွားတယ်ပေါ့နော်။ တိုက်ပွဲက ဘယ်အချိန်လောက်မှပြီမလဲ အိမ်က ဘယ်အချိန်မှပြန်လို့ရမလဲ။ နောက်ပြီးတော့ အခုကလည်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးသံလည်း ကြားလာပြီး အခု ကျနော်တို့ စားဝတ်နေရေးနေအစ အကုန်လုံးအမျိုးမျိုး ဒုက္ခရောက်ကြတာပေါ့ဗျာ။”

တိုက်ပွဲကြောင့် မြို့ခံတွေ အတော်များများက နီးစပ်ရာ ဘာသာရေးကျောင်းတွေ ပတ်ဝန်းကျင်ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးသလို တိုက်ပွဲအခြေအနေကို မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်လိုမရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်က မိုးဗြဲမြို့နယ်ထဲမှာ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေ လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ကလေးသူငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သူတွေရှိတယ်လို့ မိုးဗြဲပရဟိတလူမှုကူညီရေးအသင်းက VOA ကို ပြောထားပါတယ်။

Your browser doesn’t support HTML5

မိုးဗြဲမြို့တွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်.mp3

=================

[[Unicode]]













