[[Zawgyi/Unicode]]
မလေးရှားကနေ မြန်မာနိုင်ငံကို အောက်တိုဘာ ၆ ရက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ထဲက ၈ ယောက်ထက်မနည်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာအသင်း အဖွဲ့တွေက ပြောပါတယ်။ သူတို့ဟာ မလေးရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ စောင့်ဆိုင်းနေတုန်း မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ်ကို ပြန်ပို့ခံလိုက်ရတာလို့ ပြောပါတယ်။ လက်ရှိမလေးရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ စောင့်ဆိုင်းနေသူတွေ အများအပြားရှိနေကြောင်းလည်း မြန်မာအသင်းအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မလေးရှားနိုင်ငံကနေ မြန်မာသံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅၀ ထဲက ၈ ယောက်ထက်မနည်းကို စစ်ကောင်စီက လေဆိပ်မှာပဲ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားရောက် မြန်မာအသင်းအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ပြန်ပို့ခံရသူတွေထဲမှာ စစ်ကောင်စီက အလိုရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ ပါနေပြီး သူတို့က ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့အကူအညီကို လျှောက်ထားပြီး အကူအညီရဖို့ စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာအသင်းတွေက ပြောပါတယ်။ သူတို့ကို နေရပ်ပြန်ပို့ဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို မြန်မာသံရုံးဘက်က ချဉ်းကပ်ခဲ့တယ်ဆိုပြီးတော့လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဗွီအိုအေကို ပြောပါတယ်။
"စက်တင်ဘာ ၂ ရက်က မြန်မာသံရုံးက မလေးရှား Immigration နဲ့ သွားရောက်တွေ့ဆုံပြီးတော့ စကစဘက်က လိုအပ်နေတဲ့ wanted စာရင်းပေါ့။ အဲဒီစာရင်းတွေကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုးပေးခဲ့တယ်ရှင့်။ လက်ရှိမှာ ကျမတို့ဆီမှာ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကတည်းက စာရင်းသွင်းထားပြီးတဲ့ ဒီ UNHCR ရဖို့ စောင့်ဆိုင်းနေတဲ့ စကစအလိုရှိတဲ့သူ ရှစ်ယောက်ပါသွားတယ်လို့ ကျမတို့ သတင်းသိရတယ်ရှင့်။"
မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီမှာ စာရင်းတင်ထားတဲ့ CDM လုပ်ထားသူ၊ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရသူက အယောက် ၁၀၀ ဝန်းကျင် ရှိတယ်လို့ ဒေါ်သူဇာမောင်က ပြောပါတယ်။ သူတို့ကို မြန်မာအဖွဲ့အစည်းတွေအပြင် မလေးရှားအစိုးရကို ဩဇာလွှမ်းမိုးမှုရှိတဲ့ ဌာနေ အဖွဲ့အစည်းတွေကလည်း ဝိုင်းပြီး အကူညီပေးနေတယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တတိယနိုင်ငံသွားဖို့ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်လျှောက်ထားသူ အများအပြားရှိနေပါတယ်။ မလေးရှားအစိုးရထဲမှာ ဝန်ကြီးချုပ်ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေသူတွေရှိပေမဲ့ လူဝင်မှုကြီကြပ်ရေးဘက်ကတော့ လုံခြုံရေးရှုဒေါင့်က ကြည့်ပုံရတယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။ ရခိုင်ဒုက္ခသည်များဗဟိုရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က သူ့အမြင်ကို ခုလိုပြောပါတယ်။
"လက်ရှိမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကတော့ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာအနေအထား... မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်၊ သတ်ဖြတ်တာတွေ အဲဒါတွေ သူတို့က မကြိုက်ဘူးဗျ။ နောက်တခုက ဒီမိုကရေစီ ဆိတ်သုဉ်းပြီးတော့ အာဏာသိမ်းတာကို မကြိုက်ဘူးဗျ။ ဒါပေသိ ပြည်ထဲရေးဝန်ကြီးနဲ့ အထူးသဖြင့် လဝကပေါ့ သူတို့ကတမျိုးမြင်တယ်ဗျ။ ဗမာပြည်က ရောက်လာကြတယ်။ ဒါက တရားမဝင်ဖြစ်ပြီးတော့ သူတို့တွေက ဒီတိုင်းပြည်ရဲ့လုံခြုံရေးကို အနှောင့်အယှက် ပြုတယ်ပေါ့ဗျာ။ ဆိုတော့ သူတို့ကိုဖမ်းပြီး ပြန်ပို့လိုက်တာပဲ ကောင်းတယ်၊ မြန်မာသံရုံးကလည်း ဖမ်းသာဖမ်း၊ ပို့သာပို့၊ အကုန်လုံးကို တာဝန်ယူပေးမယ်ဆိုပြီး အလုပ်လုပ်နေကြတဲ့အခါကျတော့ ခက်တယ်ဗျ။"
လေဆိပ်မှာဖမ်းဆီး၊ ထိန်းသိမ်းခံရသူတွေနဲ့ ပတ်သက်ပြီး မြန်မာလူဝင်မှု ကြီးကြပ်ရေးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည် ဖြေကြားခြင်း မရှိပါဘူး။ မြန်မာစစ်ကောင်စီဘက်ကလည်း ဖမ်းဆီးတာနဲ့ ပတ်သက်လို့ အတည်ပြုတဲ့ သတင်းထုတ်ပြန်ချက် တစုံတရာ မတေ့ွရပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှားနိုင်ငံကို ထိုင်းနယ်စပ်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အများအပြားရှိပါတယ်။ အဲဒီအထဲမှာ မြန်မာ စစ်ကောင်စီကို သပိတ်မှောက်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်သူတွေ၊ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရသူတွေ၊ ဆန္ဒပြ ခေါင်းဆောင်တွေပါနေပြီး သူတို့ကို အကာအကွယ်ပေးဖို့ UNHCR ကိုတင်ပြထားကြောင်း ဦးညီညီလွင်က ပြောပါတယ်။ လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကိစ္စမှာ မလေးရှားနိုင်ငံ ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့စိစစ်မှုတွေ အားနည်းနေတာကို မြန်မာအသင်းအဖွဲ့တွေက ထောက်ပြကြပါတယ်။ စီစစ်တဲ့ လုပ်ငန်းတွေ ကြန့်ကြာနေတာ အတွက်လည်း အားမရကြောင်း မလေးရှားရောက် မြန်မာတွေက ပြောဆိုပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]