နေအိမ်ဖျက်ခံရလို့ ဒုက္ခရောက်သူ ပိုများလာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် ဋ ရပ်ကွက် နေအိမ်များကို နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်က ဖျက်ဆီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ-လောကချမ်းသာ)

[[Zawgyi/Unicode]]

မန္တလေးမြို့မှာ ကျူးကျော်ရပ်ကွက်တချို့နဲ့ မီးရထားသံလမ်းနဲ့မလွတ်တဲ့ နေအိမ်တွေကို ရှင်းလင်းဖြိုဖျက်မှုကို စစ်ကောင်စီက အခုရက်ပိုင်းမှာ ခပ်စိပ်စိပ်လုပ်နေပါတယ်။ ကြိုတင်အသိပေးပြီးဖျက်တာဖြစ်ပေမဲ့ နေရာအစားထိုးချပေးထာမျိုးမရှိတာကြောင့် နေအိမ်ဖျက်ခံရသူတွေအတော်လေး ဒုက္ခရောက်စေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ လက်ရှိမန္တလေးဘက်က နေအိမ်ဖျက်ခံရသူတွေရဲ့ အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မန္တလေးမြို့ထဲက ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာဇံ၊ မဟာအောင်မြေ၊ အမရပူရ စတဲ့ မြို့နယ်တွေထဲက ကျုးကျော်နေအိမ်တွေ၊ ဈေးတွေကို စစ်ကောင်စီက အခုရက်ပိုင်း ပိုပြီး လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေး-လားရှိုး မီးရထားလမ်းတလျှောက်မှာ ရှိနေတဲ့ နေအိမ်တွေထဲက ပိုင်ဆိုင်မှု စာရွက်စာတမ်းမပြနိုင်တဲ့ နေအိမ်တွေ၊ ကျူးကျော်တဲတွေကို မြို့နယ်အလိုက် ရှင်းလင်းနေတယ်လို့ ပြောပြကြပါတယ်။ ဒီလို ဖျက်သိမ်းရှင်းလင်းခံရတာက တချို့နေရာတွေမှာဆို အကြိမ်ကြိမ်ကြုံရတယ်လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။ တခြားပြောင်းနေစရာ လုံးဝမရှိတဲ့သူအများစုက ဖြိုဖျက်ရှင်းလင်းလိုက်တဲ့ နေရာမှာပဲ ဖြစ်သလိုနေ နေရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"တချို့ကကျတော့လည်း ဖျက်ပြီးတော့ ရွှေ့ပြောင်းသွားတာလည်း ရှိတယ်။ ဒါကတော့ ပုံစံအမျိုးစုံတွေ့ရတယ်။ ဒါပေမဲ့ အများစု လုံးဝ လက်လုပ်လက်စား အနေအထားတွေကတော့ အဲဒီနေရာနားမှာပဲ ပုံစံမျိုးစုံနဲ့ ပြန်လည်ပြီးတော့ ဖက်တွယ်နေရတဲ့ အနေအထားမျိုးတော့ တွေ့သေးတယ်ခင်ဗျ။ ညပိုင်း ဘယ်လိုအိပ်ကြသလဲတော့ ကျနော်မပြောတတ်ဘူး။ ကျနော်တို့လည်းညမထွက်ရတော့။ ဒါပေမဲ့ ကွပ်ပျစ်လေးထိုးပြီး နေစားကြတဲ့အနေအထိုင်ပုံစံမျိုးလည်း တွေ့ရတယ်။ အများစုကတော့ ရွှေ့ပြောင်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဘယ်ကို ရွှေ့ပြောင်းသွားလဲတော့ ကျနော်တို့ မသိနိုင်ဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းလား၊ တခြားလွတ်လပ်တဲ့ နေရာလား။ နောက် တတ်နိုင်တဲ့လူ အနည်းစုပေါ့၊ သူတို့ကလည်း ရွှေ့သွားကြတာ ရှိတယ်ပေါ့"

ခုလိုဖျက်မယ်ဆိုတာကို သက်ဆိုင်ရာက ကြိုတင်အသိပေးခဲ့တာမှန်ပေမယ့် တခြားနေရာထိုင်ခင်းအစားထိုး စီစဉ်ပေးတာမျိုးမရှိကြတဲ့ အတွက် ဒုက္ခရောက်နေကြရတာပါ။ တချို့က တခြားမှာ ငှားရမ်းပြောင်းရွှေ့နေကြသလို တချို့ကလည်း အမျိုးအိမ်တွေမှာ ယာယီနေထိုင်နေကြတယ်လို့ ပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးသူ တဦးကပြောပါတယ်။

"ပထမတော့ ၂ ပတ်လောက်ကြိုပြီး စာပို့တယ်။ တချို့ကျတော့လည်း ပေကအရမ်းများတော့ ညှိကြတာပေါ့။ သူတို့ကတော့ ညှိလို့ရမယ်ထင်တာပေါ့။ ညှိရင်းနဲ့ အဆင်မပြေတဲ့အခါကျတော့ ဖျက်တာမျိုးတွေ ရှိတာပေါ့။ ဦးတို့ ဘက်မှာကျတော့ ရထားသံလမ်းနဲ့ ပေ ၅၀ မလွတ်တာတွေ၊ လမ်းနဲ့ ၃၅ ပေ၊ ပေ ၃၀ လမ်းဘေးဝဲယာပေါ့။ အဲဒါမျိုးတွေ သူတို့အဓိထားပြီး ဖျက်တာမျိုးရှိတာပေါ့။"

ရှင်းလင်းခံရတဲ့အထဲမှာ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။ ဒီလို ခက်ခဲနေချိန်မှာ နေစရာနေရာ ဖယ်ရှားခံရတာက အတော်လေးဒုက္ခရောက်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စားဝတ်နေရေးကြပ်တည်းနေချိန် ခုလို နေအိမ်တွေ ဖျက်စီးခံရတဲ့အတွက် နေရေး ထိုင်ရေးပြဿနာပါ ထပ်ရှိလာတယ်လု့ိ မြို့ခံတဦးက ပြောပါတယ်။

"ဒါတွေက မျက်မြင်ကတော့ ကျူးတွေကိုရှင်းတယ်ပေါ့။ ကျူးတွေကိုရှင်းတယ် ထားလိုက်ဦးတော့ ဒီလူမှုအသိုက်အဝန်းတွေက ဘူဒိုဇာနဲ့ ကော်ထုတ်ပစ်လို့ မရဘူးလေ။ စိုက်ထားတဲ့တဲအိမ်တွေကိုသာ ဘူဒိုဇာနဲ့ ကော်ထုတ်လို့ရမယ်။ ဒီလူမှုအသိုက်အဝန်းတွေက ဘယ်ကိုရွှေ့မှာလဲ။ ကျူးတယ်ဆိုတာ အိမ်တင်မဟုတ်ဘူး၊ လူမှုဘဝတွေပါ တွယ်ငြိနေတာလေ။ မြို့ကြီးပြကြီးဖြစ်ဖြစ်၊ ကျေးရွာပဲဖြစ်ဖြစ် အဲဒီရွှေ့သွားတဲ့ ဒီရွှေ့ပြောင်းပြဿနာက ရှိတတ်တယ်။ ဒီဟာက နဂိုကတည်းကရှိတဲ့ ပြဿနာတောင် ဖြေရှင်းလို့မပြီးနိုင်တဲ့ အနေအထားတွေမှာ နောက်ထပ် ထပ်ပြီးတော့ အဲဒီဟာမျိုးကို ထပ်ပြီးတွန်းအားပေးသလို ဖြစ်သွားရင် ကျနော်တို့မြို့ကြီး အပါအဝင် မြို့တွေမှာက မလုံခြုံမှုများစွာနဲ့ ရှင်သန်ရမယ့် ပုံစံမျိုးတွေ ဖြစ်သွားမယ်။"

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ကျူးကျော်အဆောက် အအုံ ၄ ထောင်ကျော်ကိုလည်း ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ကိုလည်း ကျူးကျော်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ အာဏာပိုင်တွေက ရှင်းလင်းဖြိုဖျက်ခဲ့ပါတယ်။ အခုလို မြို့ကြီးတွေမှာ ဖျက်သိမ်းခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်မှုမရှိဘဲ ကျူးကျော်ဝင်ရောက်တာကြောင့် ရှင်းလင်းတာလို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့ ကာယကံရှင်တချို့ကလည်း ဖျက်သိမ်းခံရတဲ့ မြေနေရာတွေဟာ သူတို့ဝယ်ယူပြီး တည်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုနေကြပါတယ်။

Your browser doesn’t support HTML5

မန္တလေးမှာ နေအိမ်ဖျက်ခံရလို့ ဒုက္ခရောက်သူ ပိုများလာ.mp3

=============

[[Unicode]]

နအေိမျဖကြျခံရလို့ ဒုက်ခရောကျသူ ပိုမြားလာ







