[[Zawgyi/Unicode]]
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကန့်အသတ်နဲ့ဆန်သယ်ယူဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က ခွင့်ပြုလိုက်ပေမယ့် အခြေခံစားသုံးကုန်ဈေးနှုန်းတွေကတော့ အတက်ဘက်မှာသာ ဆက်ရှိနေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း စားနပ်ရိက္ခာအကူအညီတွေ အတော်လေးလိုအပ်နေတယ်လို့ ကူညီရေးအဖွဲတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား ဒီရက်ပိုင်း တိုက်ပွဲတွေ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ရက်တွေက ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားလို့ ဆန်လိုသလောက် ဝယ်မရတဲ့အခက်အခဲတွေ ရှိခဲ့ပါတယ်။ အကန့်အသတ်နဲ့ ကုန်စည်သယ်ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ဒီရက်ပိုင်း ခွင့်ပြုခဲ့ပေမယ့် ဆန်ဈေးတွေကတော့ တက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ကုန်ဈေးနှုန်းအရ ဆီဈေးရော၊ ဆန်ဈေးရောတက်တဲ့အတွက်ကြောင့် သယ်ယူခတွေ ပြန်တွက်လို့ရှိရင်တော့ ဆန် ၁ ပြည်ကို ၂,၂၀၀ နဲ့ရောင်းဖို့ လုပ်နေတယ် ကြားတယ်။"
မင်းတပ်မြို့မှာ ဆန်တအိတ်ကို ၃၅,၀၀၀ ကျပ်နဲ့ စစ်ကောင်စီဘက်က ရောင်းချနေပေမယ့် အရေအတွက်ကန့်သတ်ချက်ကြောင့် တချို့တွေအတွက် လောက်ငမှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မဖြစ်မနေဝယ်ယူနေရတဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း တက်နေတယ်လို့ ပြောပါတယ်။
"ကုန်ဈေးနှုန်းကတော့ တော်တော်လေးတက်ပါတယ်။ စားဆီက တပိဿာ ၁၂,၀၀၀ လောက်ရှိတယ်။ ဆားက အရင်က ၁၀၀ - ၂၀၀ နဲ့ ဝယ်တဲ့အထုပ်သေးက အခု ၅၀၀ ရှိနေပြီ။ စက်သုံးဆီကတော့ ၄,၀၀၀ ပတ်ဝန်းကျင်ရှိတယ်။"
အခြေခံကုန်ဈေးတွေ တက်နေလို့ မင်းတပ်မြို့မှာ ဒေသခံတွေ အခက်တွေ့နေသလို စစ်ဘေးရှောင်ဒုက္ခသည်တွေမှာလည်း အလှူရှင်မရှိတာ ကာလကြာပြီဖြစ်တာကြောင့် နေ့စားအလုပ်တွေ လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ စစ်ရှောင်ကူညီနေသူ ခရစ်ယာန်ဆရာတော်တပါးက မိန့်ပါတယ်။
"စစ်ဘေးရှောင်တွေလည်း သူတို့ ကိုယ့်အားကိုယ်ကိုးပြီး နေ့စားအငှားလိုက်ပြီးမှ ရတဲ့ဟာလေးနဲ့ ဆန်ဝယ်ပြီး ရှိတာလေးနဲ့ပဲ စားကြတာပေါ့။ အခက်အခဲတော့ အများကြီးကြုံနေ တွေ့နေကြပါတယ်။"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ ဘေးလွတ်ရာထွက်ပြေးနေရသူက ချင်းပြည်နယ်မှာ ၉,၇၀၀ ကျော်ရှိတယ်လို့ သုတေသနဌာနတခုဖြစ်တဲ့ ISP Myanmar ရဲ့ စာရင်းတွေမှာ ဖေါ်ပြပါတယ်။ တကယ့်လက်တွေ့မှာ ဒီအရေအတွက်ထက် ပိုနိုင်တယ်လို့လည်း ပြောပါတယ်။ ဘေးလွတ်ရာ ထွက်ပြေးနေရသူတွေမှာ အိုးအိမ်နဲ့ အလုပ်အကိုင်တွေ စွန့်လာရလို့ စားသောက်နေထိုင်ရေးအတွက် အလှူရှင်ကိုသာ အဓိက အားထားနေရတာပါ။ အခြေခံကုန်ဈေးနှုန်းတွေ တက်လာနေလို့ ဒေသခံတွေ အခက်တွေ့ေ နေသလို စစ်ဘေးရှောင်ဒုက္ခသည်တွေမှာလည်း လိုအပ်ချက်တွေ ပိုပြီးများလာတယ်လို့ တနိုင်တပိုင် ကူညီပေးနေသူတွေကလည်း ပြောပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]