[[Zawgyi/Unicode]]
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ ဖြစ်ပွားတဲ့ ၅ ရက်ကြာတိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော်လောက် နမ့်ဆန်မြို့ပေါ်ကို ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသခံအချို့ မိုးမိတ်မြို့နယ်ဘက်ကို တိမ်းရှောင်သူတွေလည်း ရှိနေပါတယ်။ နမ့်ဆန်မြို့ပေါ်ရောက်ရှိသူတွေအတွက် လတ်တလောမှာ ထောက်ပံ့မှုတွေရရှိနေပြီး စစ်ပွဲရှည်ကြာလာရင် အခက်တွေ့နိုင်ကြောင်း ဒေသတွင်း ကူညီသူက ပြောပါတယ်။ ပလောင်ဝ်ဒေသက တိုက်ပွဲအခြေအနေကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
နမ့်ဆန့်မြို့နယ်အတွင်း တိုက်ပွဲဟာ ဒီလ ၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နမ့်ဆန်မြို့ပေါ်ကို စစ်ရှောင် ၁,၀၀၀ ကျော်လောက် ရောက်ရှိနေသလို ရာနဲ့ချီတဲ့ စစ်ရှောင်အချို့ကတော့ တောတောင်တွေအတွင်းမှာ တိမ်းရှောင်နေရပါတယ်။
လက်ရှိအခြေအနေကို နမ့်ဆန်မြို့က စစ်ရှောင်တွေကို ကူညီနေသူတဦးက VOA ကို အခုလို ပြောပါတယ်။
“တထောင်ကျော်နေပြီရှင့်။ နမ့်ဆန် ဇယန်းကြီးကျောင်းမှာရှင့်။ ဒါက Camp တခုတည်းပေါ့နော်။ တခြား Camp တွေလည်း ရှိသေးတယ်ပေါ့။ နောက်ထပ် Camp တခုကလေ၊ ၂၀၀ ကျော်ကျော်တော့ ရှိမယ်။ တောထဲမှာ အခြေချနေတာ သူတို့က။ အခုတိုက်ပွဲဖြစ်တဲ့နေရာကလည်း မိုးမိတ်နဲ့ နမ့်ဆန်ရဲ့ နယ်နမိတ် ဖြစ်နေတယ်ပေါ့နော်။ တချို့ကကျတော့ နမ့်ဆန်ဘက် ပြေးလာတဲ့သူတွေရှိသလို တချို့ကကျတော့ မိုးမိတ်ဘက် စစ်ရှောင်သွားတာတွေလည်း ရှိတယ်ပေါ့နော်။”
နမ့်ဆန်မြို့ရောက် စစ်ရှောင်တွေကို ဒေသအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး ကူညီနေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“ဇယန်းကြီးမှာ စစ်ကောင်စီဘက်က ဒေသဦးစီးအဖွဲ့တွေက စစ်ရှောင်ကော်မတီ စောင့်ရှောက်ရေးအဖွဲ့ဆိုပြီးမှ ဖွဲ့စည်းထားတယ်ပေါ့။ ဌာနဆိုင်ရာ ပေါင်းစုံပါဝင်တယ်ပေါ့။ အလှူရှင်တွေ CSO ၊ NGO တွေလည်း လာရောက်ပြီးမှ ပံ့ပိုးတာရှိမယ်။ နမ့်ဆန်အနီးနားတဝိုက်မှာ ရွာအုပ်ချုပ်ရေးမှူးကနေမှတဆင့် စားရေရိက္ခာတွေ လိုက်ကောက်ပေးတာပေါ့နော်။ အခုလောလောဆယ် နမ့်ဆန်၊ ဇယန်းကြီးက စစ်ရှောင်တွေအတွက်ကတော့ စားဝတ်နေရေးက အဆင်ပြေသလောက် ကို ရှိနေတယ်ပေါ့။ ဒါပေမဲ့ လချီပြီး ရှိသွားရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးပေါ့။ ”
ဒီကနေ့ကတော့ တိုက်ပွဲဖြစ်တာ ငြိမ်သက်နေကြောင်း ပြောပါတယ်။ TNLA တအန်း(ပလောင်) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ဒီကနေ့ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။
“ ဒီကနေ့ကတော့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ ငြိမ်နေတယ်နှစ်ဘက်။ ဒါပေမဲ့ မနက်မိုးလင်းကနေ တမနက်လုံး ဒီ ရဟတ်ယာဉ်တစ်စီးနဲ့ ဝဲပြီးမှ ပစ်မှတ်လိုက်ရှာနေတဲ့သဘောတော့ ရှိတယ်၊ ပစ်တော့ မပစ်သွားဘူး။ ၂ နာရီခွဲလောက်ရောက်တဲ့အချိန်ကျတော့ ဂျက်လေယာဉ်နဲ့ တိုက်ပွဲဖြစ်တဲ့အနီးအနားက ဝန်းကျင်မှာ ၃ နေရာလောက် လာကြဲချသွားတာတော့ ရှိတယ်။ တိုက်ပွဲကတော့ ငြိမ်နေတယ်။”
တနင်္ဂနွေနေ့ည ၈ နာရီလောက်က မိုးမိတ်မြို့နယ် ရေပုံရွာဘက်မှာလည်း နေရာ ၃ နေရာလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတာရှိခဲ့ကြောင်းနဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေမှာတော့ စစ်ကောင်စီဘက်က စစ်ရေး ပြင်ဆင်တာတွေ ရှိကြောင်းလည်း ပြောပါတယ်။
TNLA ဘက်ကတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကုန်းသာရွာအနီးက ကျေးရွာ ၅ ရွာက ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အနည်းဆုံး စစ်ရှောင် ၁,၅၀၀ နဲ့ ၂,၀၀၀ ကြားမှာ ရှိနိုင်ကြောင်း ခန့်မှန်းထား ပါတယ်။
စစ်ကောင်စီဘက်ကတော့ နမ့်ဆန်မြို့နယ် တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Your browser doesn’t support HTML5
==================
[[Unicode]]