[[Zawgyi/Unicode]]
ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်၊ တာခ့်ပြည်နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တရားမဝင် မြန်မာ ၈၀ လောက်နဲ့ လူမှောင်ခိုပွဲစား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာအထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အထောက်အထားလက်မှတ်လုပ်ပေးချိန်မှာ အခုလို တရားမဝင် ဝင်ရောက်လာသူတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေတာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ပြည်နယ်တွေကတဆင့် ထိုင်း-မလေးနယ်စပ်ထိ အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေတာပါ။ ဒီရက်ပိုင်းအတွင်း အထောက်အထားမဲ့မြန်မာ ၈၀ နီးပါးကိုဖမ်းမိကြောင်း၊ သူတို့နဲ့အတူ လူမှောင်ခိုပွဲစား ၅ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။
“ထိုင်းတောင်ပိုင်း မလေးရှားနဲ့ထိုင်းနယ်စပ် ဆုံခလာပြည်နယ်ထဲက ရာဘာခြံတခုထဲမှာ တရားမဝင်မြန်မာ ၁၂ ယောက်အဖမ်းခံရပါတယ်။ အဲဒီလိုပဲ တာ့ခ်ပြည်နယ် ဝမ်ကျောက်မြို့နယ်ထဲမှာ တရားမဝင်မြန်မာ ၂၀ နဲ့လူပွဲစားတယောက်အဖမ်းခံရပါတယ်။ ထိုင်းတောင်ပိုင်း ပရာကျွတ်ခီရီကန်ထဲမှာ တရားမဝင်မြန်မာ ၉ ဦးနဲ့ ထိုင်းပွဲစား ၂ ယောက်တို့ အဖမ်းခံရပါတယ်။ ထိုင်းနဲ့မွန်ပြည်နယ်နယ်စပ်ကကမ်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင် မြန်မာ ၂၃ ယောက်နဲ့ ပွဲစားတယောက်အဖမ်းခံရပါတယ်။ တရားမဝင် မြန်မာ ၈၀ ခန့်နဲ့လူပွဲစား ၅ ယောက် ဖမ်းမိခဲ့တာဖြစ်ပါတယ်။”
ဒီလူတွေဟာ သြဂုတ်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် အိမ်နီးချင်းလေးနိုင်ငံက အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့ အထောက်အထားလက်မှတ် လုပ်ပေးနေတဲ့ကာလဖြစ်တာမို့ လူပွဲစားတွေကနေ ဖျားယောင်းသွေးဆောင်ပြီး တရားမဝင်မြန်မာတွေကို လူကုန်ကူးနေတာဖြစ်တယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။
“ထိုင်းနိုင်ငံမှာ သြဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ထိုင်းအစိုးရက ပန်းရောင်ကဒ်လို့ခေါ်တဲ့အထောက်အထားအသစ်လုပ်ပေးဖို့ သက်ဆိုင်ရာအလုပ်ရှင်တွေက အမည်စာရင်းတင်သွင်းပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က လူပွဲစားတွေက နောက်တမျိုးနဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့ အတွက် ဆွယ်တရားဟောကြတယ်။ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် (MOU) နဲ့သွားရင် ကြာတယ်၊ တရားမဝင်သွားမှသာမြန်တယ်ဆိုတဲ့အကြောင်း ဆွယ်တရားပြောကြတာပါ။”
ကန်ချနဘူရီပြည်နယ်ထဲမှာ ဖမ်းဆီးခံရတဲ့ သူတွေကတော့ ပဲခူး၊ မော်လမြိုင် မုဒုံ၊ ဘုရားသုံးဆူ စတဲ့နေရာတွေကဖြစ်ပြီး ထိုင်းအတွင်းပိုင်း ဘန်ကောက်၊ ဆမွတ်ပရာကန်၊ နခွန်ပထုံ၊ နွန်ထဘူရီပြည်နယ်ထဲမှာ အလုပ်ရဖို့အတွက် ဘတ်ငွေ ၂ သောင်းကနေ ၃ သောင်းထိပေးလာခဲ့ကြသူတွေဖြစ်ပါတယ်။ ပရာကျွတ်ခီရီကန်မှာဖမ်းမိသူတွေကတော့ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကနေလာကြသူတွေဖြစ်ပြီး သူတို့ကတော့ ထိုင်းနယ်စပ်ကတဆင့် မလေးရှားထိ သွားဖို့လာခဲ့ကြသူတွေဖြစ်ပါတယ်။
သူတို့တွေဟာ လူပွဲစားတောင်းခံတဲ့ ငွေကြေးပမာဏရဲ့တဝက်လောက်ကိုပေးချေခဲ့ပြီး သတ်မှတ် ထားတဲ့နေရာရောက်မှ ငွေအကြေပေးဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံထဲမှာတော့ နေစဉ်အထောက်အထားမဲ့တွေကို ဖမ်းဆီးနေပေမယ့် မြန်မာနိုင်ငံမှာနိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရှာဖွေလိုသူတွေဟာ နေ့စဉ်အစုံလိုက် အပြုံလိုက် နယ်စပ်လမ်းတွေကနေ ဝင်ရောက်လာနေဆဲဖြစ်ပါတယ်ရှင်။
#ထိုင်းမလေးနယ်စပ် #အထောက်အထားမဲ့မြန်မာ #လူမှောင်ခို
=============
[[Unicode]]
=============