ထန်တလန် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးကုသဖို့ ခက်ခဲ

htan ta lan

[[Zawgyi/Unicode]]

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေဖျားနာပြီး ဆေးဝါးကုသဖို့လိုအပ်တဲ့အခါ ပြည်နယ်မြို့တော် ဟားခါးမြို့က ဆေးရုံဆေးခန်းတွေလို ဆေးဝါးပြည့်စုံတဲ့နေရာတွေမှာ သွားရောက်ကုသနိုင်ဖို့မှာ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ထန်တလန်မြို့မှာ နေအိမ်အများအပြားမီးလောင်ကျွမ်းတာ တနှစ်ကျော်ကြာခဲ့ပေမယ့် ပြန်လည်တည်ဆောက်ရေးတွေ မစနိုင်သေးသလို စစ်ဘေးဒုက္ခသည်အများအပြား နေရပ်မပြန်နိုင်ကြသေးပါဘူး။ ထန်တလန်မြို့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ စက်တင်ဘာကစလို့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး မြို့ခံအများအပြား အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတာပါ။

မြို့ခံတွေဟာ တောတောင်တွေအပြင် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြရပါတယ်။ ဖျားနာသူတွေကြား လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“တချို့က တခါတလေကျရင် ရာသီတုပ်ကွေးလိုမျိုးနဲ့ ရွာတိုင်းရွာတိုင်းလိုလို တော်တော်များများ ဖျားကြတယ်ပေါ့နော်။ အစားအသောက်ကော ကျန်းမာရေးအတွက်လည်း တော်တော်လည်း ဒုက္ခရောက်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျန်းမာရေးဆိုရင်လည်း ခွဲစိတ်လို့ရတဲ့ဆေးရုံဆို မရှိသလောက်ပဲ။ အဲ့လိုသူတို့ဆေးခန်းသွားပြဖို့ဆိုရင် နည်းနည်းပိုက်ဆံရှိမှပဲ အဆင်ပြေမယ့်ပုံ ဖြစ်နေတယ်။ တခါတလေကျရင် ဖျားတယ်သိတယ်။ ဒါပေမယ့် သွားဖို့ ပိုက်ဆံမရှိတဲ့အခါကျတော့ အဲ့လိုပဲ ခံနေကြရတာပေါ့။ အစားအသောက်ဆို အာဟာရရှိတဲ့ အစားအသောက်ဆို ပို့ဆောင်ရေးက မရတာပေါ့။ ဥပမာ ပြောရရင် ကော်ဖီမစ်တောင်မှ လွယ်လွယ်နဲ့ ဝယ်မရဘူးပေါ့။”

ထန်တလန်မြို့ဟာ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးနဲ့ ၂၃ မိုင်သာ ကွာဝေးပါတယ်။ ချင်းပြည်နယ်ရဲ့ မြို့တော်နဲ့ သိပ်မဝေးကွာပေမယ့် ဟားခါးမြို့ကိုသွားပြီး ဆေးဝါးကုသသူတွေကို စစ်တပ်ဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းတာတွေလုပ်တာကြောင့် သွားရောက် ဆေးဝါးကုသဖို့ စိုးရိမ်နေကြရတဲ့အကြောင်း စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

ဆေးဝါးကုသဖို့ မလုံလောက်တာအပြင် နေရပ်ပြန်ဖို့ အခက်အခဲရှိနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ထန်တလန် စစ်ဘေးရှောင်ဒေသခံဦးက အခုလိုပြောပါတယ်။

“ဒီမှာက လမ်းပန်းလည်း မကောင်းဘူး။ ကျနော်တို့ထန်တလန်က ပြင်တာလည်းမလုပ်ဖူး။ လမ်းကလည်း အရင်ကလိုပဲ နည်းနည်းဆိုးတယ်။ ကျန်းမာရေးလည်းဆိုးတယ်။ ဆေးတွေလည်းမရှိဘူး။ သိပ်မစုံဘူးဆိုတော့ အခက်အခဲတွေက များတာပေါ့နော်။ ကျနော်တို့ထန်တလန်က ဟားခါးသွားရင်လည်း ဟိုမှာက စစ်တာတွေများတယ်။ ဖမ်းတယ်ဘာတယ်ဆိုတော့ ကျနော်တို့လည်း မလိုအပ်ဘဲ မသွားရဲဘူး။ အရေးပေါ်ဖြစ်မှပဲသွားရတာ။ သွားရတာတောင် သိပ်မနေရဲဘူး။ မပြန်ချင်တာက မပြန်ချင်တာမဟုတ်ဘူး။ စစ်တပ်ကရှိနေသရွေ့ ပြန်လို့မရဘူး။ သူတို့ပစ်မှာပဲ။ ပြန်ရင်ပစ်မှာ။ ပြန်ရင်လည်းပဲ ဒီအချိန်မှာ အိမ်လည်းမရှိဘူး။ ရေလည်းမရှိဘူး။ မီးလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ စားစရာလည်းမရှိဘူးဆိုတော့ ကျနော်တို့က ပြန်လို့ကိုမရတာ။”

ထန်တလန်မြို့ကနေ ဒေသခံတွေ စွန့်ခွာသွားချိန်မှာ စစ်တပ်က မြို့ထဲမှာ ဆက်လက် တပ်စွဲထားပါတယ်။ ထန်တလန်မြို့ဟာ အကြိမ်ရေ ၂၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၁ ထောင်ကျော်အပြင် မြို့ရဲ့ အထင်ကရ ဘာသာရေး အဆောက်အဦးတွေပါ မီးလောင်ကျွမ်းခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နေအိမ်တွေ မီးလောင်တာနဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား နှစ်ဖက် အပြန်အလှန် အပြစ်ဖို့ ပြောဆိုကြပါတယ်။ မြို့ခံတချို့က လူမရှိတဲ့နေအိမ်တွေကို စစ်တပ်က မီးရှို့တာလို့ ပြောဆိုနေပေမယ့် မြန်မာစစ်ကောင်စီဘက်ကလည်း အရပ်သားနေအိမ်တွေကို မီးမရှို့ဘူးဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။ ထန်တလန် မြိုခံတွေကတော့ မီးလောင်ပြင်ဖြစ်ခဲ့တဲ့ မြို့တွင်းက အိုးအိမ်တွေဆီ ပြန်မရောက်သေးဘဲ နီးစပ်ရာ တောတောင်တွေနဲ့ တချို့လည်း အိန္ဒိယနိုင်ငံဘက်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေကြပါတယ်။

Your browser doesn’t support HTML5

ထန်တလန် စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးကုသဖို့ ခက်ခဲ.mp3

================

[[Unicode]]









