[[Zawgyi/Unicode]]
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းက ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို တောင်ကိုရီးယား ဘုန်းတော်ကြီးတွေက ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံနိုင်ငံရဲ့အခြေအနေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာနေပြီလို့ဆိုပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှေ့မှာ တောင်ကိုရီးယား ဘုန်းတော်ကြီးတချို့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းက မူလတန်းအရွယ်ကလေးငယ်တွေကို လေကြောင်းကနေ ပစ်ခတ်သတ်ဖြတ်ခဲ့တာကို ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ကိုရီးယားနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက မြန်မာသံရုံးရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာဦးဆောင်သံဃာဖြစ်တဲ့ ဂျိုဂဲဗုဒ္ဓဘာသာဂိုဏ်းလူမှုဝန်ထမ်းကော်မတီ ဥက္ကဋ္ဌ (Chairperson of Jogye Order Social Labor Committee)ဆရာတော် Ji Mong က ဘာကြောင့်ဆန္ဒပြရသလဲဆိုတာ VOA ကို အခုလိုပြောပြပါတယ်။
“တောင်ကိုရီးယားကလည်း အရင်က စစ်အာဏာသိမ်းဖူးတဲ့သမိုင်းလည်း ရှိခဲ့ပါတယ်။ အဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စိတ်အားထက်သန်မှု၊ ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို အပြည့်အဝ ကိုယ်ချင်းစာပါတယ်။ အဲ့အတွက် မြန်မာစစ်တပ်က အာဏာသိမ်းပြီး သတ်ဖြတ်ခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူမရှုနိုင်ပါဘူး။ သိပ်မကြာခင်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ကလေးငယ်တွေကို စစ်တပ်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်မဟုတ်လား။ အဲ့ဒီအတွက် ကလေးငယ် ၁၁ ယောက်က သေဆုံးခဲ့ပြီး လူများစွာ ထိခိုက်ခဲ့ရတယ်။ အဲ့အတွက် ကျနော်တို့က စစ်တပ်က မဆင်မခြင်နဲ့ လူသားမဆန်တဲ့လုပ်ရပ်ကို ပြည် သူတွေကို အသိပေးဖို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။” ...ဆိုပြီးကိုရီးယားဘာသာစကားနဲ့ပြောဆိုသွားပါတယ်။
မြန်မာသံရုံးဘက်က ဘယ်လိုတုံ့ပြန်သလဲမေးတဲ့အခါမှာတော့ တုံ့ပြန်မှုမရှိဘဲ လျစ်လျူရှုခဲ့တယ်လို့လည်းပြောပါတယ်။
ဆရာတော် ဂျီမုန်းက ဒီလိုဆန္ဒပြရတာဟာ မြန်မာ့အရေးဟာ ကမ္ဘာငြိမ်းချမ်းရေးကိုပါထိခိုက်လာတယ်လို့ ယူဆတာကြောင့် ဖြစ်ကြောင်းကိုပြောပြပါတယ်။
“ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံတွေက မိမိနိုင်ငံ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးကို ရည်မှန်းကြတဲ့အတွက် မြန်မာက ရင်ဆိုင်နေရသော လက်ရှိအခြေအနေကို လျစ်လျူမရှုနိုင်ကြပါဘူး။ မြန်မာ့အာဏာသိမ်းမှု၊ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုတွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ်က နောက်ပြန်ဆုတ်သွားမှာ ဖြစ်ပါတယ်။ အဆုံးသတ်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိရင် ကမ္ဘာ့ငြိမ်း ချမ်းရေး ရလာမှာမဟုတ်ဘူး။” လို့လည်းပြောသွားပါတယ်။
မြန်မာစစ်ကောင်စီကို ကိုရီးယားအစိုးရအပါအဝင် နိုင်ငံတကာကအင်အားစုတွေက ဒီထက်ဖိအားပေးဖို့တွေ လိုအပ်တယ်လို့လည်း အခုလိုပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ အင်အားတွေ စုစည်းဖို့လိုအပ်တယ်လို့လည်း ကျနော် ထင်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် စစ်တပ်ကို ဖိအားပေးနိုင်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေအပါအဝင် နယ်ပယ်အသီးသီးက လုပ်ဆောင်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ အခုလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်နေပေမယ့် ဒီတခေါက် ကလေးငယ်တွေကို သတ်ဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပီး နိုင်ငံအသီးသီးက အာရုံစိုက်မှုကိုရယူပြီး အခုထက် ပိုပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေအပါအဝင် လုပ်နိုင်တဲ့ နိုင်ငံခြားမူဝါဒအားလုံးကို အသုံးပြုပြီး အကြမ်းဖက်မှုကို ရပ်တန့်အောင် လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။” လို့ ကိုရီးယားဘာသာစကားနဲ့ပြောသွားတာပါ။
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ ကလေးငယ် ၁၁ ဦးအပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့တဲ့အကြာင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ မဟုတ်ဘူးလို့ငြင်းဆိုပါတယ်။
စစ်ကောင်စီကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းနေပြီး ကလေးငယ် ၁၁ ယောက်သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA မြန်မာပိုင်းကို ပြောပေမယ့် ကလေးငယ် သေဆုံးတဲ့ အရေအတွက် အတိအကျကိုတော့ ပြောကြားခြင်း မရှိပါဘူးရှင်။
#တောင်ကိုရီးယားဘုန်းကြီး #လက်ယက်ကုန်းရွာ #မြန်မာ့အရေးဆန္ဒပြ #Jogye #JiMong
==============
[[Unicode]]
ဆန်ဒထုတျဖောျရာမှာဦးဆောငျသံဃာဖွဈတဲ့ ဂြိုဂဲဗုဒ်ဓဘာသာဂိုဏျးလူမှုဝနျထမျးကောျမတီ ဥက်ကဋ်ဌ (Chairperson of Jogye Order Social Labor Committee)ဆရာတောျ Ji Mong က ဘာကွောင့ျဆန်ဒပွရသလဲဆိုတာ VOA ကို အခုလိုပွောပွပါတယျ။
==============