ကော့ကရိတ်မှာ စစ်တပ်ထိုးစစ်အတွင်း အရပ်သားတချို့သေဆုံး 

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၂ မှာ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ခိုက်ပစ်ခတ်မှုတွေကြး သေဆုံးခဲ့သူ တဦး။

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ပြီး ပြင်းထန်နေတာမှာ ဒီနေ့သောကြာနေ့မှာလည်း စစ်တပ်က လေကြောင်းသုံးပြီး ဆက်တိုက်တိုက်ခိုက်နေပါတယ်။ ကျေးရွာတွေအပေါ်လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အရပ်သားတချို့ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ကရင်နှစ်သစ်ကူးနေ့ကစပြီး ၂ ရက် ဆက်တိုက် လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒီနေ့ သောကြာနေ့မှာလည်း လေကြောင်းကတိုက်ခိုက်တာတွေရှိပြီး လက်နက်ကြီးကျည်ဆံတွေကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတချို့ သေဆုံးဒဏ်ရာရခဲ့တာတွေရှိကြောင်း ကော့ကရိတ်ဒေသခံတဦးကပြောပြပါတယ်။

“ ကော့နွဲ့ရွာမှာ မနေ့က တိုက်ပွဲဖြစ်တယ်။ ဒီနေ့ကျတော့ ၈ နာရီခွဲ ၉ နာရီလောက်က သူတို့လေကြောင်းကနေ နှစ်ခါလာပြီး တခါကတော့ ဗုံးကြဲသွားတယ်။ အမြောက်တွေနဲ့လည်း လာပစ်တယ်။ ကျိုက်သလဲ့ရွာမှာ ဒီနေ့မနက်က လက်နက်ကြီးနဲ့ပစ်တော့ ငါတို့ဆီက အသက်ကြီးကြီး အရပ်သား လက်ဝှေ့ထိုးတဲ့အဖိုးကြီးတယောက်သေတယ်။ ကလေးတယောက်လည်းမှန်သွားတယ်။ နွား ၈ ကောင် ဒီနေ့ ထပ်သေတယ်။ အိမ်နှစ်အိမ် လက်နက်ကြီးမှန်တယ်။”

မနေ့က ကရင်နှစ်သစ်ကူးနေ့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ ကျဆုံးတာရှိတယ်လို့ ဒေသခံတွေကတော့ဆိုပါတယ်။

“မနေ့ကတော့ ခလရ ၉၇ အရာရှိ ယာယီတပ်ရင်းမှူးသေတယ်။ အရာရှိတယောက်သေတယ်။ ခလရ ၉၇ က ရဲဘော် ၃ ယောက်သေတယ်။ သူတို့ပြောတာပေါ့နော်။”

နှစ်ဘက်လုံးက သေဆုံးဒဏ်ရာရကြတဲ့အရေအတွက်တွေနဲ့ပတ်သက်လို့တော့ VOA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီဘက်ကလည်း မြေပြင်မှာစစ်ကူတွေခေါ်ပြီး အင်အားတိုးချဲ့နေပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့်ကော လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်နေတာတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဆက်လက်ပိတ်ဆို့နေဆဲဖြစ်ပြီး နယ်ဝေး ခရီးသွားယာဉ်တွေကိုလည်း ပိတ်ထားပါတယ်။ မြဝတီ ကော့ကရိတ်လမ်းက တံတားတစင်းလည်း မိုင်းထိပြီး ပျက်စီးနေတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲနေပါတယ်။ အလားတူ တပ်မဟာ (၆) နယ်မြေမှာ အခုလိုတိုက်ပွဲတွေပြင်းထန်နေသလို ကေအန်ယူထိန်းချုပ်ရာတပ်မဟာ (၅) နယ်မြေ မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်ရှင်။

Your browser doesn’t support HTML5

ကော့ကရိတ်မှာ စစ်တပ်ထိုးစစ်အတွင်း အရပ်သားတချို့သေဆုံး .mp3

=============

[[Unicode]]








