စစ်ကိုင်းဒေသ တိုက်ပွဲပြင်းထန်၊ နေအိမ်တချို့ မီးရှို့ခံရ 

Sagaing စစ်ကိုင်း / စစ်ကိုင်းတိုင်း

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တောင်မြို့နဲ့ တောင်ကြား ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်အတော်များများ မီးရှို့ခံခဲ့ရပါတယ်။ ဒီပဲယင်းမြို့မှာ ဆိုရင်လည်း စစ်ဘေးရှောင်တွေ ဆက်လက် ပုန်းခိုနေဆဲဖြစ်ပြီး အကူအညီ လိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်း အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့အစပ်မှာရှိတဲ့ တောင်မြို့ကျေးရွာနဲ့ တောင်ကြားကျေးရွာတွေကို မနေ့က သြဂုတ် ၂၉ ရက်က စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ချိန် မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာပါ။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“တောင်မြို့ရွာကို စစ်ကြောင်းထိုးတာ တောင်ကြားရွာကိုအရောက်မှာ တောင်ကြားရွာကိုလည်း မီးရှို့တယ်။ စစ်ကိုင်းခရိုင် ရင်း ၂ ရယ်၊ ဒေသခံ ပကဖ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ပေါင်းပြီးတော့ ထိတွေ့မှုဖြစ်တာ။ တိုက်ပွဲက နည်းနည်းလေးတော့ ပြင်းထန်မှုရှိတယ်။ ရွာကတော့ တော်တော်များများ မီးရှို့ခံရတယ်။”

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း တောင်မြို့ရွာက နေအိမ် ၃၇ လုံး မီးလောင်ကျွမ်းသွားပြီး တောင်ကြားရွာက နေအိမ် ၃ ပုံ ၂ ပုံနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ပြောပါတယ်။ တိုက်ပွဲမှာ ၂ ဘက် အကျအဆုံး ရှိခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရရာတဲ့သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာစစ်တပ်ဟာ အရပ်သားကျေးရွာတွေကို မီးရှို့နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ငြင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ကျေးရွာတွေ မီးရှို့ခံနေရတဲ့ သတင်းတွေ ရက်ဆက်နီးပါး ထွက်ပေါ်နေပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းချိန် နေအိမ်တွေ မီးလောင်ကျွမ်းခဲ့လို့ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင် ၃ ထောင်နီးပါးရှိနေပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“အိုးမဲ့အိမ်မဲ့လူဦးရေက ၇၀၀ ကျော် ၈၀၀ လောက်ရှိတယ်။ ရွာတရွာကို စားဝတ်နေရေးက ခက်ခဲတယ်။ ကျန်းမာရေးက အဆင်ပြေတယ်။ စားနပ်ရိက္ခာပဲလိုအပ်တာ။ သူတို့က ဒီပြသာနာတွေပြီးသွားရင်လည်း သူတို့နေရပ် ပြန်ရောက်သွားရင် လည်း စားစရာသောက်စရာက မရှိဘူး။ ဒီရပ်ရွာက မီးဘေးသင့် ပြန်လည် ထူထောင်ရေး ကော်မတီတို့က အခုလောလောဆယ်တော့ စီမံပေးနေတယ်ပေါ့။”

ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက သြဂုတ်လဆန်းကတည်းက နယ်မြေရှင်းလင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ သြဂုတ်လ တတိယတပတ်ထဲမှာတင် ကျေးရွာ ၄ ရွာက နေအိမ် ၇၀၀ နီးပါး မီးရှို့ခံရခဲ့ရတယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Data For Myanmar အဖွဲ့ရဲ့ စစ်တမ်းတွေအရ စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း ၁ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းထဲက နေအိမ် ၂ သောင်းကျော် မီးရှို့ခံခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်းမှာ မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြောဆိုနေပေမယ့် စစ်ကောင်စီဘက်ကလည်း PDF ဒေသခံကာကွယ်ရေးတပ်ဖွဲတွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ မီးရှို့ဖျက်ဆီးတာဆိုပြီး ပြောဆိုလေ့ရှိပါတယ်။

Your browser doesn’t support HTML5

စစ်ကိုင်းဒေသ တိုက်ပွဲပြင်းထန်၊ နေအိမ်တချို့ မီးရှို့ခံရ .mp3

---------------------

[[Unicode]]









