စစ်အာဏာသိမ်း ၂ နှစ်နီးပါးကြာတဲ့အထိ စစ်ကောင်စီကို ဆက်လက်ကန့်ကွက် ဆန္ဒပြနေဆဲ

စစ်အာဏာသိမ်းမှု ၁၀ လပြည့် အမျိုးသမီးဆန္ဒပြလှုပ်ရှားမှု( ကလေးမြို့၊ ဒီဇင်ဘာ ၁၊ ၂၀၂၁)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာလာပေမဲ့ စစ်ကိုင်းတိုင်းအပါအဝင် တချို့နေရာမှာတွေ စစ်ကောင်စီကို လက်မခံဆန္ဒပြမှုတွေရှိနေတုန်းပါ။ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းနေမှုတာတွေကြောင့် မြို့ပြတွေမှာ စစ်ကောင်စီကိုလက်မခံဘူးဆိုတဲ့ ဆန္ဒပြမှုတွေကို လျှို့လျှို့ဝှက်ဝှက်လုပ်ကိုင်ကြပေမဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြီးစိုးတဲ့နေရာတွေမှာတော့ ဆန္ဒပြမှုတွေက ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲပါ။ ဒီအကြောင်း ရန်ကုန်က စုံစမ်းမေးမြန်းထားတာကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းတာကြောင့် ရန်ကုန်အပါအဝင်မြို့ပြတွေမှာတော့ Signature Campaign ခေါ်တဲ့ စစ်ကောင်စီကို လက်မခံဘူးဆိုတဲ့ သင်္ကေတသဘော ဆန္ဒပြမှုတွေပဲ လုပ်နိုင်ပါတယ်။ မကြာခင်ကလည်း ရန်ကုန်မြို့ပြက လူစည်ကားတဲ့နေရာတချို့မှာ တက်ကြွလှုပ်ရှားသူတချို့ ကပ်ခွာစာတွေကပ်ပြီး စစ်တပ်ကို ဆန့်ကျင်မှုပြကြပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ စစ်တပ်ကအာဏာသိမ်းလို့ နှစ်နှစ်နီးပါးကြာပေမဲ့ ဒေသခံတွေဟာ အလျဉ်းသင့်သလို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေကြတုန်းပါ။ မြို့ပြနဲ့အလှမ်းဝေးပေမဲ့ ဒီဆန္ဒပြမှုတွေဟာ လူထုက စစ်ကောင်စီကိုလက်မခံဘူးဆိုတဲ့ သဘောထင်ရှားစေတယ်လို့ ဆားလင်းကြီးမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုလွမ်းသူက ခုလို ပြောပါတယ်။

"ရှေ့မှာ ဦးကျော်မိုးထွန်းဟာ ကျနော်တို့ သံအမတ်ကြီးဖြစ်တယ်ဆိုတဲ့ အဲ့ဒီ Issue နဲ့ပေါ့နော် လှုပ်ရှားခဲ့ကြတယ်။ ဒါဟာ ပြည်တွင်းရေးဆိုပေမယ့်လည်း နိုင်ငံတကာကလည်း ဒါကိုစောင့်ကြည့်ပြီးတော့မှ ကူညီဆောင်ရွက်ပေးဖို့ဆိုတဲ့ အခင်းအကျင်းတွေကိုလည်း ကျနော်တို့က ကဏ္ဍမျိုးစုံနဲ့ လူထုလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တဲ့အခါမှာ အဲ့ဒီရဲ့ အကျိုးရလာဒ်တွေရတယ်လို့ ကျနော်တို့ မြင်တယ်ပေါ့ဗျာ။ ဒါက တပိုင်း၊ ကျနော်တို့ ဒီ ကုလလုံခြုံ‌ရေးကောင်စီကနေ ဆုံးဖြတ်ချက်ချလိုက်ခြင်းကလည်း ဒီအာဏာရှင်ကိုလက်မခံဘူး၊ ဆန့်ကျင်တော်လှန်တယ်ဆိုတဲ့ ဒီအချိန်ထိ ၂ နှစ်ပြည့်ခါနီးထိ ဆန့်ကျင်နေတယ်ဆိုတဲ့အရာတွေကနေ ကျနော်တို့ ရရှိလာသော အကျိုးပါတယ်လို့ ကျနော်တို့ကတော့ မြင်တယ်ပေါ့လေ။"

စစ်အာဏာရှင်ကိုဆန့်ကျင်‌ကြောင်း ပြနိုင်ခွင့်မရသူတွေအတွက်နဲ့ စစ်အာဏာရှင် လက်အောက်မှာ ပုံမှန်သွားလာလှုပ်ရှားနေကြရသူတွေအတွက် ဒီဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်သေးကြောင်း သတိပေးမှု ဖြစ်စေတယ်လို့လည်း ကိုလွမ်းသူက ပြောပါတယ်။

"ဒီလှုပ်ရှားမှုတွေကနေ နိုင်ငံတကာ မီဒီယာတွေရော၊ ပြည်တွင်းမီဒီယာတွေရောကို ချပြနိုင်ခြင်းအားဖြင့် အကြောင်းကြောင်းကြောင့် လှုပ်ရှားဖို့ ခက်ခဲနေတဲ့သူတွေ၊ ပုံမှန်ပြန်ဖြစ်နေတဲ့သူတွေတောင် ဒါကို မြင်လိုက်ခြင်းအားဖြင့် သူတို့ ပုံမှန်ဖြစ်နေတယ်ဆိုတာကို ငါတို့တိုင်းပြည်ဟာ ပုံမှန်ဖြစ်မနေဘူးပေါ့၊ အာဏာရှင်အောက်မှာ ရောက်နေတယ်‌ပေါ့။ ငါတို့သွေးအေးပြီး တိတ်ဆိတ်သွားတာမျိုး မဖြစ်သင့်ဘူးလို့ပေါ့- ကျနော်ကတော့ အဲ့လို ပြောချင်တယ်ဗျ။ အဲ့လိုမျိုး အကျိုးသက်ရောက်မှု ရမယ်လို့တော့ ကျနော်ကတော့ ရှုမြင်တယ်ပေါ့လေ။"

စစ်ကိုင်းတိုင်း ကလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းဟာ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ၂ နှစ် ပြည့်ခါနီး ဒီကနေ့အထိ တရက်မပျက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတာပါ။ ကလေးမြို့မှာ စစ်ကောင်စီက မြို့နဲ့အနီးတဝိုက်ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးထိုးစစ်တွေလုပ်လေ့ရှိပေမဲ့ ဒေသခံတွေကတော့ နေ့စဉ်မပျက် အခက်အခဲတွေကြားက ဆန္ဒပြနေကြဆဲပါ။ ကလေးမြို့ အမျိုးသမီးသပိတ်ဦးဆောင်သူကတော့ ဒီနှစ်နှစ်အတွင်းမှာ တော်လှန်ရေးမပြီးသေးပေမယ့် တိုးတက်မှုတွေ ရှိလာနေတယ်လို့ ပြောပါတယ်။

"များသောအားဖြင့် ကျမတို့ ခု မြို့ပေါ်လေးတနေရာပဲ စစ်ကောင်စီပိုင်တာပေါ့နော်၊ ကျန်တဲ့နေရာတွေ အကုန်လုံးက ကျမတို့ PDF တွေ၊ လက်နက်ကိုင်တွေက အကုန်လုံး သိမ်းထားနိုင်တဲ့အခြေအနေပေါ့နော်။ မြို့ပေါ်တနေရာလေးပဲ ကျမတို့ သွားလို့မရတာပေါ့နော်။ ကျန်တဲ့နေရာတွေအကုန်လုံးက လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်ဗျ။ အခု ၂ နှစ် ကြာလာတာနဲ့ တော်လှန်ရေး ကြာတယ်၊ မပြီးသေးဘူးပေါ့ ထင်နေတဲ့သူတွေ ရှိတယ်။ တော်လှန်ရေးက လုံးလုံးကြီး မပြီးတာတော့ ဟုတ်တယ်။ ဒါပေမယ့် ၂ နှစ်ဆိုတဲ့အလျောက်မှာ အရင်က သွားချင်တဲ့နေရာကို သွားလို့မရတဲ့ အနေအထားမှာ အခုဆိုရင် ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွာပိုင်းတွေဆို သွားနေနိုင်ပြီပေါ့။ အဲ့ဒီကတည်းကစ ကျွန်မတို့ တော်လှန်ရေးမှာ အောင်နေပြီလို့ ပြောလို့ရမှာပေါ့။ မြို့ပေါ်လေးတနေရာမှာပဲ သွားလို့မရတဲ့ အနေအထားလေ။"

စစ်အာဏာသိမ်းမှု ကြာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းကပြည်သူတွေဟာ စစ်ဒဏ်ကို ခံကြရပေမယ့် အာဏာသိမ်းမှုဆန့်ကျင်ရေးတွေမှာ အရင်ကထက် ပိုပြီး တက်တက်ကြွကြွ ပါဝင်လာနေကြတယ်လို့ ပြောပါတယ်။

"အာဏာသိမ်းခါစထက်စာရင် ပိုဆိုးတယ်ဗျ၊ ကိုယ်တွေက ခံထားရတဲ့သူတွေဆိုတော့ အရင်တုန်းက တော်လှန်ရေးနဲ့ ဒီအာဏာသိမ်းတာကို လုံးဝဖာသိဖာသာ၊ လုံးဝ စိတ်မဝင်စားခဲ့တဲ့သူတွေတောင်မှ ကိုယ်ကိုယ်တိုင်ခံရတာတွေ၊ မတရားတာတွေကို လက်တွေ့မြင်နေရတာဖြစ်တဲ့အတွက် အရင်တုန်းကထက် ပိုတက်ကြွတယ်ဗျ။ ကျနော်တို့က ပြည်သူတွေနဲ့အတူ သွားလာလှုပ်ရှားပြီး လက်ပွန်းတတီး နေနေကျ ဆိုတော့ သူတို့စိတ်တွေကို အကုန်မြင်နေရတယ်ဗျ။ ကျမတို့ထက်တောင်မှ သူတို့ က အရမ်း တက်ကြွနေပါတယ်။ စစ်ကောင်စီရဲ့ ထိုးနှက်မှုနဲ့ မတရားနှိပ်စက်ခံရတဲ့ ရွာတွေဆိုရင် ပိုပြီးတော့ တက်ကြွတယ်ဗျ။"

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်တွေက တနေ့ထက် တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲပါတယ်။ ဒါပေမဲ့လည်း ဒေသခံတွေကတော့ ဒေသတွင်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးသူဟာ စစ်ကောင်စီတပ်တွေဖြစ်တယ်လို့ပဲ အခိုင်အမာပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်း ၂ နှစ်နီးပါးကြာတဲ့အထိ စစ်ကောင်စီကို ဆက်လက်ကန့်ကွက် ဆန္ဒပြနေဆဲ.mp3

===============

[[Unicode]]










