၈၈ ငြိမ်း/ပွင့်တချို့နဲ့ တက်ကြွလှုပ်ရှားသူများ နှစ်ရှည်ထောင်ချခံရ 

ဒေါ်ခက်ခက်အောင်၊ ကိုမြတ်သူ၊ ဒေါ်ခင်မြတ်သူ၊ မနုနုအောင် (ဝဲမှယာ)

[[Zawgyi/Unicode]]

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် မနုနုအောင်၊ မခက်ခက်အောင်နဲ့ သူ့ရဲ့ သားဖြစ်သူ ကိုမြတ်သူတို့သုံးဦးကို စစ်ကောင်စီကထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီဘက်က ဒီရက်ပိုင်းမှာ ထောင်ဒဏ်အသီးသီး ချမှတ်နေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်၊ မခက်ခက်အောင်နဲ့ သားဖြစ်သူကိုမြတ်သူတို့ကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချလိုက်ပါတယ်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့‌ ထောင် ၁၀ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့ ထောင် ၅ နှစ် စုစုပေါင်း ၁၅ နှစ် အလုပ်နဲ့ထောင်ဒဏ်ချခဲ့တာဖြစ်တယ်လို့ မခက်ခက်အောင်မိသားစုဝင်တဦးက VOA ကို ပြောပါတယ်။

“အမကြီးကိုစွဲထားတာကတော့ ပုဒ်မ ၅၀/ည နဲ့ ၅၁/ဈ နဲ့လို့ပြောတာ။ ဒီနေ့ကျတော့ ပုဒ်မ ၅၀/ည နဲ့ ဆယ်နှစ်ချမှတ်ပြီးတော့ ၅၁/ (၈) နဲ့ ငါးနှစ်ချမှတ်လိုက်တာပါ။ ၂ ခုပေါင်း ၁၅ နှစ်ချလိုက်ပါတယ်။ အခုလောလောဆယ်ပေါ့နော်၊ မကြီးက ကျန်းမာရေးက နဂိုကတည်းက အကြောအားနည်းတဲ့ရောဂါရှိတာပေါ့နော်၊ အခုကသိတဲ့အတိုင်းပဲ ထောင်ထဲက သက်တောင့်သက်သာနဲ့ဘယ်သူမှနေရတာမရှိဘူးလေ။ အရမ်းအေးတဲ့အခါကျရင် မကြီးက ကိုက်တာခဲတာရှိတယ်။ နောက်ပြီးနှလုံးအားနည်းတဲ့ရောဂါရှိတယ်။ အဲဒါကို စိတ်ပူပါတယ်။”

ကျန်းမာရေးမကောင်းတဲ့ မနုနုအောင်နဲ့ မခက်ခက်အောင်တို့ ၂ ယောက် ဘားအံမှာ ကျန်းမာရေး ဆေးကုသမှုခံယူဖို့ကြိုးစားချိန် သူတို့နှစ်ဦးနဲ့အတူ မခက်ခက်အောင်ရဲ့သား ကိုမြတ်သူကိုပါ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီကဖမ်းခဲ့တာဖြစ်ပါတယ်။

အလားတူ ဖမ်းဆီးထားတဲ့ NLD အစိုးရအဖွဲ့ဝင်တချို့နဲ့ ပါတီဝင်တချို့ကိုလည်း ဒီရက်ပိုင်းထဲ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကပဲ နေပြည်တော် ဒုမြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးရဲမင်းဦးကို ထောင်ဒဏ် ၂ နှစ်၊ ဝန်ကြီး ဦးမင်းသူကို စစ်ကောင်စီက ထောင် ၁ နှစ်ခွဲ ချလိုက်ပါတယ်။

နောက်ဆုံးချတဲ့တဲ့ထောင်ဒဏ်တွေအရဆိုရင် ဦးရဲမင်းဦးက စုစုပေါင်းထောင်ဒဏ် ၂၅ နှစ်၊ ဦးမင်းသူက စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ခွဲ ချခံထားရတာဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်သူဟာလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ် ချခံရတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

“ခရိုင်ကနေပြီး ၅၀ (ည) နဲ့တရားစွဲဆိုထားတာမှာ ဒီနေ့အမိန့်ချတာပါ။ ထောင်ဒဏ်က ၁၃ နှစ်ပေါ့နော်။ သူဘယ်ရောက်ရောက် သူ့ရဲ့ယုံကြည်ချက်အတိုင်း ရပ်တည်မယ်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်အတိုင်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအာမခံနိုင်ရေး ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်တဲ့အထိ သူ့ရဲ့ယုံကြည်မှုအတိုင်း ရပ်တည်ပါမယ်တဲ့။”

ဒီပြစ်ဒဏ်ပါဆိုရင် ဒေါ်ခင်မြတ်သူချမှတ်ခံရတဲ့ ထောင်ဒဏ်စုစုပေါင်းက ၁၃ နှစ်ဖြစ်ပါတယ်။

NLD ပါတီရဲ့ဧရာဝတီတိုင်းအတွင်းရေးမှူး၊ ၂၀၂၀ ပန်းတနော်မြို့နယ်ရဲ့တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လည်းဖြစ်၊ ၁၉၉၀ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ခဲ့သူ အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်ကိုလည်း ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ မှာ ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ သူ့အပေါ်စွဲချက်ကတော့ CRPH နဲ့ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွဲချက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ကြောင်း
ဧရာဝတီတိုင်း NLD တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

ရန်ကုန်တိုင်း ၊ ကြည်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက ဆန့်ကျင်ဆန္ဒပြပွဲမှာ သတင်းယူရင်း အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်းတို့အပါ တခြား လူငယ် ၇ ဦးကိုလည်း ပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထောင်ဒဏ် ၃ နှစ် စီချခဲ့ပါတယ်။ မမှူးရတနာခက် မို့မို့ထွန်းဟာ ကားနဲ့တိုက်ခံထားရလို့ အပြင်းအထန်ဒဏ်ရာရထားချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ သူ့အပေါ် ပုဒ်မ ၅၀ (ည) နဲ့ပါတရားစွဲဆိုထားတာမို့ ဆက်လက် တရားရင်ဆိုင်ရဖို့ရှိပါတယ်။

ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မှာ အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပြီးခဲ့တဲ့ ဩဂုတ်လက ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကိုလည်း တရားစွဲထားတာမှာ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို အီလက် ထရောနစ်ပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ဒီနေ့ချခဲ့ပါတယ်။ သူတို့နှစ်ဦးကိုလည်း နိုင်ငံရေးပယောဂနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ယူဆမှုတွေရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ ဖမ်းဆီးခံရသူ စုစုပေါင်း တသောင်းခြောက်ထောင်ကျော်ရှိပြီး တသောင်းသုံးထောင်ကျော်ဟာ အကျဉ်းထောင်တွေဆဲ ရှိနေဆဲပဲလို့ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

၈၈ ငြိမ်း/ပွင့်တချို့နဲ့ တက်ကြွလှုပ်ရှားသူများ နှစ်ရှည်ထောင်ချခံရ.mp3

=============

[[Unicode]]











