ကန်ပက်လက်စစ်ပြေးဒုက္ခသည်တွေ ခရစ္စမတ်အကြို စိတ်ခွန်အားပေး ဆုတောင်းပွဲလုပ်ဖို့ စီစဉ်

ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News) Kanpetlet IDPs

[[Zawgyi/Unicode]]

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ဆောမြို့နယ်ဘက်ကို တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ခရစ္စမတ်အကြိုပွဲတွေကို အချင်းချင်း စိတ်ခွန်အားပေးမှုအနေနဲ့ ဆုတောင်းပွဲလေးတွေ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။ ဒေသတွင်း စစ်ရေးတင်းမာမှုတွေနဲ့ ငွေရေးကြေးရေးအခက်အခဲကြောင့် ပွဲတော်ကို ခမ်းခမ်းနားနားကျင်းပနိုင်မှာတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန် ကနေ ဆက်သွယ်မေးမြန်းထားတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေအဖို့ ဘာသာရေးအရအထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို ဒေသတွင်းမှာ အရင်လို ကြီးကျယ်ခမ်းနားတဲ့ပွဲတော်အဖြစ်တော့ မကျင်းပနိုင်ဘူးလို့ ကန်ပက်လက်မြို့နယ် စစ်ရှောင်တဦးက ပြောပါတယ်။

“နယ်မြေက မအေးမချမ်း မတည်ငြိမ်ဖြစ်နေတဲ့ခါကျတော့ ကြီးကြီးကျယ်ကျယ်တော့ လုပ်လို့လည်း အဆင်မပြေဘူး။ ထမင်းလေးဘာလေးချက်ပြီးခါမှ အဲ့လိုလေးပဲ အစားကို စားပွဲတပွဲလေး အနည်းအကျဉ်းလေ အကျဉ်းချုံးလေးလုပ်ဖို့တော့ အစီအစဉ်ရှိတယ်။”

ကန်ပက်လက်မြို့နယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ အများအပြား ဆောမြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေရတာ တနှစ်နဲ့ ၈ လ ရှိလာပြီလို့ စစ်ရှောင်က ပြောပါတယ်။

ဒေသခံတွေ စစ်ဘေးဒုက္ခသည်တွေအများအပြား ဒုက္ခရောက်နေကြတာကြောင့် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ပွဲတော်ကို ခမ်းခမ်းနားနား မကျင်းပနိုင်တာ နှစ်နှစ်ရှိလာပြီလို့ ပြောကြပါတယ်။

“ခရစ္စမတ်က ကိုယ့်နယ်၊ ကိုယ့်ရွာ၊ ကိုယ့်ဘုရားကျောင်းမှာ မဖြတ်သန်းရတာကတော့ နှစ်ခေါက်ပေါ့ ၂ နှစ်ရှိသွားပြီဆိုတော့နော်၊ ကျနော်တို့ ကိုယ့်မြေမှာဆိုလို့ရှိရင် ခရစ္စမတ်လရောက်ပြီဆိုလို့ရှိရင် ချီးမွမ်းသီချင်းလေးတွေနဲ့ပေါ့နော်၊ ကဏ္ဍပေါင်းစုံနဲ့ ပျော်ရွှင်နေတဲ့ လကြီးဆိုတော့လေ ဘယ်နှစ်ဖြစ်ဖြစ် ဒီဟာကြီးကို မကျင်းပလာရတော့ လုံးဝစိတ်တော့ မကောင်းဘူး။”

ယေရှုခရစ်တော်ဖွားမြင်တဲ့ အထိမ်းအမှတ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန် ဘာသာဝင်တွေ အမြတ်တနိုး ကျင်းပကြလေ့ရှိပါတယ်။ မိသားစုတွေ စုဝေးစားသောက်ကြ၊ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ပျော်စရာပွဲတော်ကို အရင်ပုံမှန်အချိန်ကကျင်းပနိုင်ပေမဲ့ ခုချိန်မှာ ဒါတွေ မလုပ်နိုင်တော့ဘူးလို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

နောက်ထပ်စစ်ရှောင်တဦးက စစ်ရှောင် မိသားစုအချင်းချင်း ငွေကြေးထည့်ဝင်ကြပြီး ပွဲတော်ကို အကျဉ်းချုပ်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

“နိုင်ငံရေးကောင်းတဲ့အချိန်မှာတော့ ကျနော်တို့ ဒီလိုပွဲကြီးတွေ လုပ်ကြတာပေါ့။ ကိုယ့်ဘုရားကျောင်းနဲ့ကိုယ်၊ အဲ့လိုပေါ့ အသင်းတော်နဲ့ အသီးသီးအဲ့လိုလေးတွေ နနောက်တွေ (နွားနောက်)၊ ဝက်တွေ သတ်ပြီးမှ အဲ့လိုခရစ္စမတ်ကို ကြိုဆိုကြတာပေါ့။ အခုစစ်ရှောင်ကာလမှာဆိုတော့ မနှစ်ကလည်း ကျနော်တို့ အဲ့လိုလေး အကျဉ်းချုံးလေး ကိုယ့်ရှိတဲ့ပိုက်ဆံလေးလှူပြီးတော့ တအိမ်ထောင်ကို ဘယ်လောက်ဆိုပြီးမှ အဲ့လိုလေးတွေ ပိုက်ဆံစုပြီးမှ ကျနော်တို့ အကြီးအကျယ်မဟုတ်ဘူးပေါ့။ ခရစ္စမတ်အထိမ်းအမှတ်လေးနဲ့ ကြိုဆိုတဲ့အနေနဲ့ လုပ်ဖြစ်ကြတာပေါ့။”

ချင်းပြည်နယ်မှာ နေထိုင်သူလူဦးရေ ၉ဝ% လောက်က ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပါတယ်။ နှစ်စဉ် ခရစ္စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကျင်းပနိုင်ဘဲ တိုက်ပွဲတွေကြောင့် ဒေသခံအများစုက အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။

ဒေသခံတွေ ရောက်ရှိနေကြတဲ့ စစ်ရှောင်စခန်းတွေမှာပဲ အချင်းချင်း စိတ်ခွန်ပေးတာ၊ ထမင်းဟင်း ချက်ပြုတ်ပြီး စားပွဲလေးတွေနဲ့ ခရစ္စမတ် ကြိုဆိုပွဲကို ဖြတ်သန်းသွားမယ်လို့ ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

ကန်ပက်လက်စစ်ပြေးဒုက္ခသည်တွေ ခရစ္စမတ်အကြို စိတ်ခွန်အားပေး ဆုတောင်းပွဲလုပ်ဖို့ စီစဉ်.mp3

=================

[[Unicode]]











