ဒီးမော့ဆိုမြို့အနီး လက်နက်ကြီးပစ်ခတ်မှုတွေရှိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ သြဂုတ်လ ၁၀ ရက် ဒီနေ့မနက်ကနေ နေ့ခင်းပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုတွေမှာ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မနေ့ကတော့ လွိုင်လင်လေးမြို့နယ်ဘက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားတဦးသေဆုံး ၂ ဦးဒဏ်ရရှိပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်းမှာလည်း လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှုရှိနေတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ သြဂုတ်လ ၁၀ ရက် ဒီနေ့ မနက်ပိုင်းကနေ နေ့ခင်းပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်လက်ကြားနေရကြောင်း ဒီးမော့ဆို အရှေ့ခြမ်း စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ဒီမနက် ၁၀ နာရီ ၁၀ နာရီကျော်လောက်မှာ စဖြစ်တာ။ အကြာကြီးပဲ အခုထက်ထိပဲ။ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းထုနေကြတာလားတော့ မသိဘူးပေါ့နော်။ ညီမတို့လည်း သူတို့ရှိတဲ့ဘက်ကို ကိုယ်တိုင်သွားမတွေ့ ရဘူးဆိုတော့ သူတို့ အချင်းချင်းပစ်နေကြတာလား၊ ဒါမှမဟုတ် တခြားနေရာဘက်ကို လှမ်းပစ်နေတာလား တော့ မသေချာဘူးပေါ့နော်။”

မနေ့က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးကျလို့ အရပ်သား ပြည်သူ ၃ ဦးဒဏ်ရာရရှိတာလို့ ဆိုပါတယ်။

“မနေ့က လက်နက်ကြီး ၅ လုံး၊ ၇ လုံး ကျလာတယ်။ ရွာထဲမှာကျလာတာ သုံးယောက် ထိခိုက်သွားတယ်ပြောပါတယ်။ မနေ့ကတော့ တနေကုန်လောက်ဖြစ်တယ်။ မနေ့က တနေကုန်ဖြစ်ပြီးတော့မှ ညနေ ၅ နာရီ ၆ နာရီလောက်မှာ သူတို့က လက်နက်ကြီးနဲ့ ရွာတွေထဲကို ပစ်လာတာ။ တိုက်ပွဲမရှိတဲ့နေရာမှာ သူတို့ကပစ်လာတာ။”

မနေ့က ဒီးမော့ဆို စံပြ (၆) မိုင်ကျေးရွာဘက် တနေကုန် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဒါပေမယ့် တိုက်ပွဲမရှိတဲ့ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ လှမ်းပစ်ခံရလို့ အရပ်သားပြည်သူတွေ ထိခိုက်ရတာပါ။

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ အမြဲတမ်း တိုက်ပွဲဖြစ်နေတာပါ။ ဒါပေမယ့် တိုက်ပွဲမရှိချိန်လည်း ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းသုံး တိုက် ခိုက်မှုတွေလည်း မကြာမကြာလုပ်ဆောင်တယ်လို့ နောက်ထပ် စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“မနေ့က လွိုင်လင်အရှေ့ဘက်ကမ်းလည်း လေယာဉ်နဲ့ ဗုံးကြဲတာဆိုတော့ ကလေးတွေ၊ စာသင်ကျောင်းတွေပါ ထိကုန်တာပေါ့။ အဲဒီဘက်တိုက်ပွဲမဖြစ်ဘူး။ မဖြစ်ဘဲနဲ့ကြဲတာ။ ကလေးတွေ စာသင်နေရင်း ထွက်ပြေးရတာ။ မနေ့ကတော့ ဒီးမော့ဆိုဘက်ကတော့ အရှေ့ဘက်ခြမ်းလည်း လက်နက်ကြီးနဲ့ထုခံရတာရော၊ တိုက်ပွဲမဖြစ်ဘူးလေ။ ဖြစ်တာတော့ ၆ မိုင်(ရွာ) ဘက်ဖြစ်တာ။ ဒါပေမယ့် သူတို့က ထုံစံအတိုင်းပေါ့။ တနေရာဖြစ်ရင် မဖြစ်တဲ့နေရာတွေပါ လိုက်ရမ်းထုတာ၊ သူတို့ စစ်ကြောင်းထိုးရင် ဟိုဘက်က ကလေးတွေနဲ့ ဖြစ်ကြတာပေါ့။ စစ်ကြောင်းထိုးရင်တော့ အမြဲတမ်းဖြစ်တာပဲ။ စစ်ကြောင်းထိုးတာနဲ့ ဖြစ်တာပဲ၊ တခါကျလည်း မဖြစ်ဘဲနဲ့ လက်နက်ကြီးက ထုတာပဲ။ သူတို့က မသင်္ကာတဲ့နေရာတွေ။”

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကနေ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်မှာ မနေ့က တရက်တည်းတင် အရပ်သား တဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ မနေ့က တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ် ထား တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မနေ့က ၁၀ နာရီခွဲကနေ ၁၁ နာရီအထိ လွိုင်လင်လေးမြို့နယ်၊ တီးလုံးကျေးရွာအုပ်စု၊ ဒေါပါပါးကျေးရွာထဲကို စစ်ကောင်စီရဲ့ ဂျက်လေယာဉ်နဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ တဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာဆေးအေးခန်းကြီးနဲ့ လူနေအိမ်တလုံး ပျက်စီးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မနေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်ပွဲနဲ့ မဆိုင်တဲ့ကျေးရွာကို ရည်ရွယ်ရှိရှိ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ KNDF က ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Your browser doesn’t support HTML5

ဒီးမော့ဆိုမြို့အနီး လက်နက်ကြီးပစ်ခတ်မှုတွေရှိ.mp3

=================

[[Unicode]]

ဒီးမော့ဆိုမွို့အနီး လကျနကျကွီးပဈခတျမှုတှရှေိ










