[[Zawgyi/Unicode]]
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ရွှေကူမြိုံ့နယ်အတွင်းက အထက်တန်းကျောင်းတွေ မီးရှိုခံရတာနဲ့ ဗုံးခွဲ တိုက်ခိုက်ခံတာနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး KIO က စုံစမ်းသွားမှာဖြစ်ကြောင်း ပြောသလို ဒေသခံတွေကလည်း ပညာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာကို လက်မခံကြောင်း ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်အတွင်းက အခြေအနေကို အလိမ္မာက တင်ပြထားပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဒီလ ၁၅ရက်နေ့က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အထက်တန်းကျောင်းက ကျောင်းဆောင်တစ်ဆောင်မီးလောင်ခဲ့သလို ဒီလ ၉ ရက်နေ့ ညပိုင်းကလည်း ရွှေကူမြို့နယ် ဘိုကုန်းရွာ အထက်တန်းကျောင်းအနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာပါ။
မြစ်ကြီးနားမြို့ အထက်တန်းကျောင်းကတော့ နှစ်ထပ်ကျောင်းဆောင်တစ်ခုလုံး မီးလောင်ပျက်ဆီးခဲ့ရပြီး ရွှေကူမြို့နယ် ဘိုကုန်းရွာ အထက်တန်းကျောင်းကတော့ လုံခြုံရေးအာမခံချက် မရှိတာကြောင့် ပိတ်ခဲ့ရကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီတိုက်ခိုက်မှုဟာ ဘယ်သူဘယ်ဝါ လက်ချက်ဖြစ်ကြောင်း မသိရပေမဲ့ သူတို့အဖွဲ့အနေနဲ့ ပြည်သူပိုင်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့ မူဝါဒမရှိသလို ဒီလို တိုက်ခိုက်တာမျိုးလည်း မလုပ်သင့်ကြောင်း အခုလို ပြောဆိုပါတယ်။
“ ကျနော်တို့ KIO အနေနဲ့ကတော့ အဲဒါမျိုး စာသင်ကျောင်းတွေကိုပေါ့နော်။ ပြည်သူပိုင် ဖျက်ဆီးဖို့ မီးရှိုတယ်ဆိုတာကတော့ ကျနော်တို့ မူ၊ ပေါ်လစီကတော့ မရှိဘူးခင်ဗျ။ ကျနော်တို့ KIO အနေနဲ့ကတော့ ၊ အများပြည်သူပိုင်ပေါ့။ စာသင်ကျောင်းတို့၊ ဘုရားကျောင်းတို့ ပြည်သူပိုင်တဲ့အဆောင်တွေကို ဖျက်ဆီးတာကတော့ မကောင်းဘူးပေါ့နော်။ မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ် ဆိုတာတော့ ပြောလိုပါတယ်။ ”
စစ်ကောင်စီကတော့ မြစ်ကြီးနားမြို့ မန်ခိန်ရပ် အထက်တန်းကျောင်းရှိ ရွှေနဒီကျောင်းဆောင်ကို PDF အမည်ခံ အကြမ်းဖက်သမားတွေက မီးပုလင်းနဲ့ ပစ်ပေါက်မီးရှိုခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စာသင်ခန်း၃ခန်းတွဲ ၂ထပ်ကျောင်းဆောင်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။
တဆက်တည်းမှာပဲ ပါဝင်ပတ်သက်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။
KIO အနေနဲ့လည်း မြစ်ကြီးနားအထက်တန်းကျောင်းမီးလောင်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။
“ မီးလောင်တယ်ဆိုတာကတော့ ဘယ်သူကြောင့် မီးလောင်တယ်။ ပေါ့ဆမှုကြောင့်လား။ ဒါမှ မဟုတ် မသမာမှုတွေကြောင့် မီးလောင်တာလားဆိုတာ သဲသဲကွဲကွဲတော့ ကျနော်တို့လည်း မရသေးပါဘူး။ စုံစမ်းနေဆဲပဲဖြစ်ပါတယ်။”
မြစ်ကြီးနားနဲ့ ရွှေကူ ဒေသခံတွေကတော့ စာသင်ကျောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ လက်သည်တရားခံကို ဖမ်းဆီးဖော်ထုတ်နိုင်တာ မရှိသေးသလို ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုတာလည်း မရှိကြောင်း ပြောပါတယ်။
မြစ်ကြီးနား ဒေသခံတစ်ဦးကတော့ စာသင်ကျောင်းတွေ ကို တိုက်ခိုက်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းက လုပ်လုပ် လူထုလက်ခံမှာမဟုတ်ကြောင်း အခုလို ပြောပါတယ်။
“ ပညာရေးနဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဒါတွေက ဘယ်အဖွဲ့အစည်းတွေပဲ လုပ်လုပ်။ ဘယ်သူတွေပဲလုပ်လုပ် ပြည်သူတွေကတော့ ဘယ်သူမှ လက်ခံမယ့် ကိစ္စမဟုတ်ဘူးပေါ့နော်။ ကျနော်က ဒီလိုပဲမြင်တယ်ဗျ။ ဒီအပေါ်မှာကျတော့ တာဝန်ရှိတဲ့ဟာတွေပေါ့။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ တတိယအဖွဲ့အစည်းတွေကနေ ဒီကိစ္စကို ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်း ဆောင်ရွက်ပေးသင့်တယ်လို့ပဲ မြင်တာပေါ့နော်။”
တတိယအဖွဲ့အစည်းဆိုတာက PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့လို၊ ကချင်အတိုင်ပင်ခံ ကောင်စီလို အဖွဲ့တွေကို ရည်ရွယ်ကြောင်းလည်း ပြောပါတယ်။
ရွှေကူဒေသခံတစ်ဦးကလည်း ရွှေကူမြို့နယ် ဘိုကုန်းရွာအထက်တန်းကျောင်း ဗုံးပေါက်ကွဲပြီး ပိတ်လိုက်ရတာနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလို ပြောပါတယ်။
“ ကျမတို့အနေနဲ့တော့ ပညာရေးကို အဲလိုမျိုးလုပ်တာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကျမတို့ ကချင်ပြည်နယ်က အရင်တုံးတည်းကလည်း မဖွံ့ဖြိုးဘူးလေ။ မဖွံဖြိုးတဲ့အခါ ပညာရေးနဲ့ပတ်သက်ရင် အားလုံးအရာရာနောက်ကျနေတာပေါ့။ သူများမြို့ထက်စာလို့ရှိရင်။ ကလေးတွေက ပညာရေးကို အရမ်းနောက်ကျနေတဲ့အချိန်မှာ ကိုဗစ်တုံးကလည်း တစ်နှစ်နားရတယ်။ မနှစ်တုံးကလည်း ကလေးတွေက ကျောင်းတက်တဲ့ကလေးက တက်တယ်။ မတက်ရတဲ့ကလေးက မတက်ရဘူး။ အခုဒီနှစ် အဲလို ၃နှစ်ဆက်တိုက်ဖြစ်လာတဲ့အချိန်မှာ ကလေးတွေက ဘာဖြစ်လာလဲဆိုတော့ တချို့ဆိုရင် အိမ်ထောင်ကျသွားတာရယ်။ အပြင်လောက အမှောင်လောကထဲ ရောက်သွားတဲ့ဟာတွေရယ်။ ပညာနဲ့ မိဘနဲ့ နှစ်ဘက်ညှပ်ထိန်းရမယ့်အနေအထားမှာ မိဘတွေကလည်း အခြေခံလူတန်းစားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို သားသမီးကို ဖိဖိစီးစီးမထိန်းသိမ်းနိုင်တဲ့အချိန်မှာ ကျောင်းနဲ့ပဲ ထိန်းရတဲ့အချိန်မှာ ကျောင်းကို အဲလိုမျိုး လုပ်လိုက်တဲ့အတွက်ကြောင့် ကလေးတွေရဲ့အနာဂတ်ပေါ့။ ပညာရေးအနာဂတ်က အားလုံးကို မဲ့သွားပြီလို့ ထင်တယ် ကျမကတော့။ ”
မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာတော့ ပြီးခဲ့တဲ့စာသင်နှစ်မှာ ကျောင်းပေါင်း ၅၀၀ကျော် မီးရှို့၊ ဗုံးခွဲခံရပြီး ဆရာ၊ ဆရာမ ၃၇သေဆုံးခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီက စာသင်ကျောင်းတွေ ဖွင့်လှစ်တာဟာ ကလေးငယ်တွေကို သူတို့နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချနေတာဖြစ်ကြောင်း၊ အတုအယောင် ကျောင်းဖွင့်လှစ်တာကို ဆက်လက်သပိတ်မှောက်ဖို့တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီကြေညာချက်မှာ မလွဲမရှောင်သာလို့ ကျောင်းတက်နေသူတွေရဲ့ လုံခြုံရေးကို စစ်ကောင်စီက တာဝန်ယူဖို့နဲ့ စာသင်ကျောင်းတွေကို မည်သူက တိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်မခံကြောင်းလည်း ဖော်ပြထားပါတယ်။
မေလ ၃၁ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပညာရေးဝန်ထမ်း ၈ဦး အပြင်းအထန် ဒဏ်ရာရခဲ့သလို တစ်ဦးသေဆုံးခဲ့ပါတယ်။
GCPEA ခေါ် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု-ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့က စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအနေနဲ့ စာသင်ကျောင်းတွေကို မိမိတို့စစ်ရေးအတွက် အသုံးမပြုဖို့နဲ့ ကျောင်းတွေကို တိုက်ခိုက်တာ မျိုးကို ရှောင်ကြဉ်ဖို့ ဇွန်လ ၁ရက်နေ့က တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5
=========
[[Unicode]]