တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့ မိန့်ခွန်းအတွင်း သူ့အနေနဲ့ ရာထူးက နုတ်ထွက်မှာမဟုတ်ကြောင်း ပြောကြားလိုက်တဲ့အတွက် ဇင်ဘာဘွေသမ္မတ Robert Mugabe ဟာ တရားစွဲခံရမယ့် အရေးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
တနင်္ဂနွေနေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း တိုင်းပြည်ကို သူ့ရဲ့ ၃၇ နှစ်ကြာ သက်ဦးဆံပိုင် အုပ်ချုပ်ခဲ့မှု အဆုံးသတ်တော့မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ စောင့်ဆိုင်း နားထောင်နေခဲ့ကြတာပါ။
ဒါပေမယ့် ရှေ့လအတွင်း ကျင်းပမယ့် လက်ရှိအာဏာရ ZANU-PF ပါတီ ညီလာခံကို သူ့အနေနဲ့ သဘာပတိအဖြစ် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်တဲ့အချိန်မှာတော့ ပြည်သူ အများစုဟာ စိတ်ပျက်ခဲ့ကြပြီး တချို့ဆို မျက်ရည်တောင် ကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ပေးမယ့်စကား၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် စစ်တပ်က အာဏာသိမ်းလိုက်ရတဲ့ ကိစ္စအပေါ် အလေးအနက် ထားကြောင်းတို့ကို ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။
ZANU-PF ပါတီက သူ့အနေနဲ့ တနင်္လာနေ့ မွန်းတည့်ချိန် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုထားတာကိုလည်း သူ့အနေနဲ့ အသိအမှတ် ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
တိုင်းပြည်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ဖွဲ့စည်းပုံကို ခြိမ်းခြောက်တာ မဟုတ်သလို သူ့ရဲ့ တိုင်းပြည်ခေါင်းဆောင်နဲ့ နိုင်ငံတော်စစ်သေနာပတိချုပ်အဖြစ် တည်ရှိမှုတို့ကို ခြိမ်းခြောက်ခြင်းလည်း မဟုတ်ကြောင်း သမ္မတ Mugabe က ပြောပါတယ်။
ဒါပေမယ့် သမ္မတ တိုင်းပြည်ကို မိန့်ခွန်းမပြောခင် နာရီအနည်းငယ် အလိုမှာဘဲ သူရာထူးက ဖယ်ရှားလိုက်တဲ့ ဒုသမ္မတဟောင်း Emmerson Mnangagwa ကို ပါတီအကြီးအကဲအဖြစ် ZANU-PF ပါတီက ရွေးချယ် ခန့်အပ်လိုက်ပါတယ်။ သမ္မတကတော် Grace Mugabe ကိုလည်း ပါတီရဲ့ အမျိုးသမီးအဖွဲ့ရာထူးက ဖယ်ရှားလိုက်ပြီး အာဏာရပါတီရဲ့ အဖွဲ့အဖြစ်ကပါ ထုတ်ပစ်လိုက်ကြပါတယ်။
Your browser doesn’t support HTML5