မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ ရခိုင်ပြည်နယ်အတွင်း လူ့အဖွဲ့အစည်းတွေကြား ကွဲပြားချက်တွေ ပိုပြီး ပေါ်ပေါက်စေနိုင်သလို မြန်မာနိုင်ငံ ပြိုကွဲရေးအထိ အားပေးရာရောက်နေတဲ့အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ကနေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“ဒီအစီရင်ခံစာကို လေ့လာကြည့်တဲ့အခါမှာ တဖက်သတ် ရေးထားတဲ့အစီရင်ခံစာဖြစ်တယ်။ နောက်တခုက ဒီလိုမျိုးအစီရင်ခံစာ သူ့အစီရင်ခံစာကြောင့် ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ လူမူသဟဇာတဖြစ်မှု ပေါ့နော်၊ အသိုင်းဝိုင်းတွေအားလုံးကို ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံသာမက ကျနော်တို့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး နောက်အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီဟာတွေကို အထိအခိုက် ဖြစ်စေနိုင်တယ်။ အဟန့်အတားဖြစ်စေနိုင်တယ်ဆိုပြီးတော့ ကျနော်တို့ကတွေ့ပါတယ်။ နောက်ဒီ Facts Finding Mission ရဲ့ report က သမာသမတ်ကျမှုနဲ့ ကျနော်တို့ ဓမ္မဓိဌာန် ချမှုကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အကြောင်းအချက်တွေအများကြီးရှိတယ်။ အဲဒီထဲကမှ ဘာတွေရှိသလဲဆိုတော့
၁- တိုင်းရင်းသားလူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ဖေါ်ညွန်းတဲ့အခါမှာ အထင်အမြင်လွဲမှားမှုတွေကို ဖြစ်ပေါ်စေတယ်။ အဲဒီတော့ ကျနော်တို့က အခုသွားနေတဲ့ ပြန်လည်ညီညွတ်ရေးပေါ့နော် ပေါင်းစည်းရေး၊ သဟဇာတဖြစ်ရေးကို အားမပေးဘဲနဲ့ ဒီတိုင်းရင်းသားတွေကြားမှာ ပိုပြီးတော့ ကွဲပြားစေပြီးတော့ ကျနော်တို့ နိုင်ငံ ပြိုကွဲရေးအထိ အားပေးတဲ့သဘောဖြစ်နေတယ် ဆိုတာ ကျနော်တို့တွေ့တယ်။”
မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်း စစ်ဆေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့လည်း ဦးဇော်ဌေးက အခုလို တုန့်ပြန်ပါတယ်။
“ကျနော်တို့ statement တွေလည်းထုတ်ထားပါတယ် အဓိက ကတော့ ကြီးမားတဲ့ဖိအားတွေ Facts Finding Mission အပေါ်မှာရှိနေတယ်လို့ ကျနော်ယူဆတယ်။ အဲဒါကြောင့်ပဲ သူလိုချင်တဲ့ အချက်တွေကိုပဲ ကောက်နုတ်ပြီး သူဖော်ပြတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းလွဲစေနိုင်တဲ့ အခုနကလို အချက်တွေပါလာတာ။ အဲဒီပါလာတဲ့ဟာတွေတွေနဲ့ ပတ်သက်လိုတော့ လက်ရှိကျနော်တို့ နိုင်ငံကတော့ ကျနော်တို့ဦးတည်ချက်ရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဲဒီအပေါ်မှာလည်း ကြားထဲမှာ စိန်ခေါ်မူ တွေအများကြီးရှိနေတယ်။ ဒီစိန်ခေါ်မူတွေ တည်ရှိနေတဲ့ အချိန်မှာပဲ ဒီလိုမျိုးကျနော်တို့နိုင်ငံအတွင်းမှာ အဓိက key stakeholders တွေပေါ့နော်၊ အရေးကြီးတဲ့ လူတွေကြားမှာ စည်းလုံးညီညွတ်မူတွေ ပြိုကွဲပျက်စီးအောင် တိုင်းရင်းသားပြည်သူတွေ ကြားထဲမှာ စည်းလုံးညီညွတ်မူတွေပြိုကွဲပျက်စီးအောင် ဖျက်စီးမူမှန်သမျှကို ကျနော်တို့ ပြင်းထန်စွာ ကန့်ကွက် တယ်လို့ပြောထားပြီးသားပါ။ အဲဒါနဲ့ Facts Finding Mission မှာပါတဲ့ အချက်ပေါ့နော်။ ကျနော်တို့ကတော့ အဲဒါတွေကို ကန့်ကွက်တယ် သို့သော်လည်း ကျနော်တို့ကတော့ ကိုယ်လုပ်ရမဲ့ အလုပ် ကိုယ်လျှောက်ရမယ်လမ်း လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင် ဒါကိုတော့ ကျနော်တို့ မမှိတ်မသုန်သွားမယ် ဒီတိုင်းပဲ ဖြေကြားချင်တယ်။”
ဒီနေ့ကနေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသွားတာပါ။ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အပြင်းအထန် ဝေဖန်ပြောဆိုထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်ပေါ်လာတဲ့အချိန်၊ မြန်မာစစ်တပ်ခေါင်းဆောင်တချို့ကို နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC ကို လွှဲပြောင်း စစ်ဆေးဖို့ တောင်းဆိုနေချိန်မှာပဲ မြန်မာအစိုးရဘက်က အခုလို တုံ့ပြန်ပြောဆိုတာပါ။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေး နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt ကတော့ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ဘယ်လို သတ်ဖြတ်မှုမျိုးအတွက်မဆို လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တာဝန်ခံမှုရှိစေရေး အရေးကြီးတယ်ဆိုတာ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5