ရန်ကုန်-စစ်တွေ ကားလမ်းပေါ်အထိ တိုက်ပွဲတွေဖြစ်

တိုက်ပွဲကြော်င့ ထိခိုက်သေဆုံးသူကို ဒေသခံများ ကူညီနေပုံ

ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ပိုပြီးအရှိန်တက်လာနေပြီး မြို့နဲ့နီးစပ်လာတဲ့ နေရာတွေထိပါ တိုက်ပွဲတွေ ကူးစက်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာရှိပြီး ထိခိုက်သေဆုံးတာလည်း ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေသတင်းထောက် မေခကပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာအနီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာ အရှေ့ဘက်တောင်တန်းတွေနဲ့ ရန်ကုန်စစ်တွေ ကားလမ်းတလေ ျှာက်မှာပါ တိုက်ပွဲတွေဟာ မနေ့က မနက်ပိုင်းကနေစပြီး ပြင်းထန်လာတာဖြစ်တယ်လို့ စစ်တွေဒေသခံတဦးလည်းဖြစ် တိုက်ပွဲဖြစ်ရာနေရာအနီး တဝိုက်နားကို သွားရောက်ခဲ့တဲ့ ဒုက္ခသည်တွေကိုကူညီကယ်ဆယ်ပေးနေတဲ့ ဦးဇော်ဝင်းက လက်ရှိမြေပြင် အခြေအနေကို အခုလို ပြောပြပါတယ်။

"မနက်အစောကြီးသွားကြည့်လိုက်တော့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်မှာ အစပ်မှာ ချောင်းရှိတယ်လေ။ အဲဒီတံတားလေးနားမှာပဲ ကပ်လျက်ပဲဖြစ်နေတာ။ အဲဒီတော့ တံတားညာဘက်ခြမ်းမှာ လမ်းအလည်မှာ အမြောက်ထုတာ ၂ နေရာရှိပါတယ်။ အမြောက်ကျလို့ ဖြစ်နေတဲ့ နေရာ ၂ နေရာတွေ့တယ်လေ ။ ပြီးတော့ တံတားတောင်ဘက် ထောက်ကြံရွာနဲ့ တံတားကြားပေါ့ တံတားနဲ့ ကပ်လျက်ပဲ အဲဒီနားမှာ သွေးတွေကတော့ ကြည့်မကောင်းအောင်များနေတာပဲ အဲဒါကို ရဲ တပ်ဖွဲ့က ဖုံးနေကြတယ်။ အဲဒီမှာ အသားစတွေက နည်းနည်းရှိတယ်ခင်ဗျ။"

ဒီနေ့ နံနက်ပိုင်းကနေစတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ တပ်မတော်ဘက်ကစစ်ရဟတ်ယာဉ်၂စီးနဲ့ တိုက်ခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေဘက်ကကော AA ဘက်ကကောပြောပေမဲ့ တပ်မတော် ဘက်ကို အတည်ပြုလို့ မရနိုင်သေးပါဘူး။

ဒါအပြင် တိုက်ပွဲတွေ ပြင်းထန်မှုကြောင့် အမျိုးသမီးတဦး သေဆုံးတယ် ဆိုပြီး လူမှုကွန်ယက်မှာ တက်လာပေမယ့်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်က အတည်ပြုချက်မပေးနိုင်ပါဘူး။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သတ်လို့ AA ရက္ခိုင့်တပ်မတော်ပြောခွင့်ရ ခိုင်သုခက

"ဒီနေ့လည်း တိုက်ပွဲကတော့ ဆက်ပြီးတော့ ဖြစ်နေတယ်ခင်ဗျ ။ ကျနော်တို့မှာ တိုက်ပွဲဖြစ်နေတာ မြို့နယ် ၃ ခုလို့ ပြောလို့ရတာပေါ့နော်။ ရသေ့တောင်မြို့နယ်မှာလည်းဖြစ်နေတယ်၊ မြောက်ဦးဘက်မှာလည်း ဖြစ်တယ်။ ဒီနေ့မနက် ၇ နာရီ ၂၀ မှာ ရသေ့တောင်မြို့ရဲ့ အနောက်ဘက် မင်းဖူးကျေးရွာ ကြားမှာ တိုက်ပွဲဖြစ်နေတယ်ခင်ဗျ ။ အဲဒီမှာ မြန်မာစစ်တပ်ကတော့ ၁၀ ယောက်ထက်မနည်း ကျဆုံးပြီးတော့ ဒဏ်ရာရတာ အများအပြားရှိတယ်။မြောက်ဦးမြို့နယ်ထဲမှာလည်း တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်နေတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၇ နာရီ မိနစ် ၂၀ ကစပြီးတော့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနားမှာ မြန်မာစစ်တပ်ဘက်ကတော့ ရဟတ်ယာဉ်တွေသုံးပြီးတော့ တိုက်ခိုက်နေတာတွေရှိတယ်။ တိုက်ပွဲကတော့ ဆက်ပြီးတော့ ပြင်းထန်နေတယ်။ နောက်ဒီ ပလက်ဝမြို့နယ် အရှေ့ဘက်တောင်တန်းပေါ်မှာလည်း မနက် ၈ နာရီလောက်က စပြီးတော့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။"

လက်ရှိမှာ ပေါက်ပင်ကွင်းကျေးရွာ၊ နလိပ်ဘက်ကွင်းနဲ့ ဘိုးတောင်တောင်ကြောကြားနှင့် ကာချောင်းတောင်ကြောကြားတွင် အခုညနေ ၅နာရီအထိ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံတွေကဆိုပါ တယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သတ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့သာ ဆက်လက်ညှိုနှိုင်းဖို့ ရှိမရှိကို မေးမြန်းရာ AA ရက္ခိုင့်တပ်မတော်ပြောခွင့်ရ ခိုင်သုခက

"ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နေပြည်တော်အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရက္ခိုင့်တပ်မတော်ကို အမြစ်ပြုတ် တိုက်ခိုက်ဖို့အတွက် အမိန့်ပေးထားတယ်။ ဆိုတော့ အဲဒီနောက်ဆက်တွဲအဖြစ် ရက္ခိုင့်တပ်မတော်ကို သူတို့ အင်အားအလုံးအရင်းနဲ့ လုပ်ပြီး ထိုးစစ်ဆင်နေတာ ။ ဆိုတော့ အဲဒါကြောင့်မို့လို့ တိုက်ပွဲ ဧရိယာက ပိုပြီးတော့ ကျယ်ပြန့်လာတယ်ပေါ့နော်။ ရခိုင်ဒေသတခုတည်းကိုပဲ သူတို့က တပ်မ ၂၂ ရယ် ၊ တပ်မ ၅၅ တပ်မ ၉၉ နောက်ပြီးတော့ အခြား တပ်ရင်းတပ်မတွေ ၊ နောက်ပြီးလေကြောင်းအကူအညီတွေနဲ့ အင်အားအလွန်အကျွံသုံးပြီးတော့ ရက္ခိုင့်တပ်မတော်ကို သူတို့ အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်တယ်ခင်ဗျ။ တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတယ်။ တိုက်ပွဲကလည်း ပိုပြီးတော့ ပြင်းထန်လာတာပေါ့။ ခုခံတိုက်ခိုက်တာကလွဲပြီးတော့ အခြားနည်းလမ်းမရှိဘူး။ အဲဒါကြောင့် ကျနော်တို့က တိုက်နေရတာပေါ့။ ငြိမ်းချမ်းရေးကိစ္စကတော့ ကျနော်တို့ သိပ်မျှော်လင့်ချက်မရှိဘူး အခုလောလောဆည်အနေအထားမှာ။ လောလောဆည်အနေအထားမှာ ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေပါတယ်လို့ ကျနော်မြင်တယ်။"

ခုလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်ဦးရေ များလာနေပြီး ဒီလိုဒုက္ခသည်တွေ အတွက် စားဝတ်နေထိုင်ရေး အခက်အခဲတွေ ရှိနေတဲ့အကြောင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။ လက်ရှိ ဒုက္ခသည် အရေအတွက် အတိအကျ စာရင်းသိရဖို့ ခက်ခဲပေမယ့် ခန့်မှန်းခြေအရ ကတော့ စစ်ရှောင် ဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနိုင်တယ်လို့ အရင်ကမှန်းပေမယ့် အခုလို တိုက်ပွဲပြင်းလာတာကြောင့် တိုးလာနိုင်တယ်လို့ ကူညီ ကယ်ဆယ်သူတွေက ဆိုပါတယ်။