Zawgyi/Unicode
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းကတိုက်ခန်းတခုကို စက်တင်ဘာလ၂၅ ရက် မနက် ၁ နာရီကျော်မှာ စစ်ကောင်စီဘက်က ရှာဖွေစီနင်းခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဘက်လုံးမှာ သေဆုံးမှုတွေရှိတယ်လို့ မှုခင်းရဲတပ်ဖွဲ့အစီရင်ခံစာ လူမှုကွန်ယက်မှာ ပြန့်နှံခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီလူငယ်လေးဦးဟာ တိုက်ပေါ်က ဆွဲချခံရပြီး လမ်းပေါ်ပစ်သတ်ခံရတာလို့ ပြောကြပါတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်လို့ နှစ်ဘက်ပြောဆိုရာမှာ ကွဲလွဲမှုတချို့ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာစစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေတုန်း အပြန် အလှန်ပစ်ခတ်ရင်းနဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီးတဦးတု့ိ သေဆုံးပြီး စစ်ကောင်စီဘက်က လုံခြုံရေးတပ် သား ၃ ဦးသေဆုံးခဲ့တယ်လို့ မှုခင်းရဲတပ်ဖွဲ့အစီရင်ခံစာ လူမူ့ကွန်ယက်မှာပြန့်နှံခဲ့ပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ရဲ့လျှို့ဝှက်အဆင့် သတ်မှတ်ချက်ပါ ပုံမှန်ဖြစ်ရပ်အစီရင်ခံစာဖြစ်တယ်လို့ နီးစပ်သူတဦးက VOA ကိုအတည်ပြုပြောပါတယ်။ ဖြစ်ပွားစဉ်ကြားရတဲ့ ပစ်ခတ်သံတွေဟာ တိုက်ပွဲတခုလိုပဲလို့ အနီးအနားကြားရသူတွေက VOA ကို ပြောပါတယ်။
ခေတ်သစ် သတင်းမီဒီယာက ဖော်ပြတဲ့ ရုပ်သံဖိုင်တခုမှာတော့ လမ်းမပေါ် ပစ်ခတ်သံတွေကြားရပြီး လမ်းမပေါ် လဲကျနေတဲ့လူငယ်တွေကို လုံခြုံရေးတပ်သားတွေက ကန်ကျောက်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ရဲအစီရင်ခံစာမှာပါသလို အရပ်သားသေဆုံးသူ ၄ ဦးဟာ တိုက်ပွဲပစ်ခတ်စဉ် သေဆုံးတာလား၊ ခေတ်သစ်မီဒီယာက ရေးသလို တိုက်ခန်းပေါ်ကဆွဲချပြီးမှ လမ်းမပေါ်မှာပစ်သတ်တာလားဆိုတာဟာ ကွဲလွဲမှုဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်၊ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ကတော့ အရပ်သားသေဆုံးသူ ၄ ဦးထဲ ဒေါက်တာဇင်လင်းနဲ့ သူနာပြုမခင်ခင်ကြွယ်တို့ပါဝင်တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အသီးသီးထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူကျောင်းသားတဦးကတော့ ဒီဖြစ်စဉ်မှာ လူငယ်တွေကို တိုက်ခန်းပေါ်က ဆွဲချပြီးမှ သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။
“သူနာပြု မခင်ခင်ကြွယ်သေဆုံးမှုနဲ့ပတ်သက်လို့ ၂၅ ရက်နေ့မနက် ၁ နာရီလောက်မှာ စစ်ကောင်စီက တိုက် ခန်းပါ်ကနေ ဆွဲချပြီး သတ်ဖြတ်တာကိုခံခဲ့ရတယ်။ အမက အိမ်မှာသေဆုံးခဲ့တာမဟုတ်ဘူး။ တိုက်အပြင်ကိုထုတ်ပြိးမှ သတ်ဖြတ်ခံရတာ ဟုတ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ဘယ်လို ပါဝင်ခဲ့လဲဆိုရင် သူဟာ အာဏာသိမ်းပြီးကတည်းက အိမ်မှာမနေတော့ဘဲ Medical Cover အနေနဲ့လည်း ပါဝင်ပါတယ်။ Defence အဖွဲ့မှာလည်း ပါဝင်ပါတယ်။ သူတို့ပါဝင်ခဲ့တဲ့အဖွဲ့က အတော်များများက မိပြီးတော့အမက ရှောင်တိမ်းနေရချိန်မှာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ ကျနော်တို့အကြမ်းဖျင်းသိရပါတယ်။”
လူမှုကွန်ယက်မှာပြန့်နှံ့နေတဲ့ ရဲအစီရင်ခံစာမှာတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ပြီး အမျိုးသား ၃ ဦး၊အမျိုးသမီး ၁ ဦး နေအိမ်မှာ သေဆုံးကြောင်းရေးသားထားပေမယ့် အရပ်သားသေဆုံးသူတွေဟာ ဘယ်သူတွေဆိုတာ ဖော်ပြတာမရှိပါဘူး။ ဒါပေမယ့် သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲဝင် ၃ ဦးကိုတော့ အမည်၊ ရာထူးနဲ့တကွ ဖော်ပြထားပါတယ်။ အစီရင်ခံစာပါ လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးသူ သုံးဦးဖော်ပြရာမှာ၊ သေဆုံးတဲ့တပ်ကြီးကြီးတဦးသေဆုံးတာအမှန်ဖြစ်ကြောင်း VOA က အတည်ပြုနိုင်ပါတယ်။
လမ်းပေါ်ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တင်ထားတဲ့ ခေတ်သစ်သတင်းမီဒီယာကတော့ ဆရာဝန်တဦးနဲ့သူနာပြုတဦးအပါအဝင် လူငယ်တွေသတ်ဖြတ်ခံရတာကိုသာ အတည်ပြုထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတွေ သေဆုံးတယ်ဆိုတာ တိကျတဲ့သတင်းမရဘူးလို့ ပြောပါတယ်။
ဒီရုပ်သံသတင်းရင်းမြစ်ဟာဘယ်လောက်ထိခိုင်မာတိကျရှိပါသလဲလို့ ခေတ်သစ်မီဒီယာအယ်ဒီတာချုပ်ကိုသာလွန်ဇောင်းထက်ကိုမေးကြည့်တဲ့အခါအခုလိုပြောပါတယ်။
“ပြည်သူတွေကပေးပို့လာတဲ့ ဗွီဒီယိုတွေရှိလာတယ်။ network တွေကနေပေးပို့လာတဲ့သတင်းအချက်အလက်တွေရှိလာတယ်။ တကယ်တော့ အဲဒီ video ဟာ သတင်းရင်းမြစ် Source၂ ခုလောက်ကနေ ပုံစံအမျိုးမျိုးကို ရရှိတာကို ကျနော်ရထားတယ်။ ရထားတာကို ပြန်ပေါင်းပြီးစီစစ်လိုက်တော့ လူငယ် ၃ ယောက်ကို လမ်းမပေါ်မှာပစ်သတ်တယ်။ သေနတ်သံကို ပီပီသသကြားရတယ်။ လူငယ်တွေကသွေးအိုင်ထဲမှာလဲနေတာကို စစ်ဖိနပ်နဲ့လေးချက် ငါးချက်လောက် ပလက်ဖောင်းနဲ့ခေါင်းနဲ့ တိုက်ပြီး ကန်ကျောက်နေတာတွေကိုလည်းတွေ့ရတယ်။”
သတ်ဖြတ်ခံရတယ်လို့စွတ်စွဲခံထားရတဲ့လူငယ် ၄ ဦးလုံးဟာဘယ်သူတွေဖြစ်တယ်ဆိုတာကို ခေတ်သစ်မီဒီယာသိရှိပေမယ့် ဒေါက်တာဇင်လင်းနဲ့ သူနာပြုမခင်ခင်ကြွယ်ကိုသာ အတည်ပြုဖော်ပြခဲ့ပြီး နောက်ထပ်၂ ဦးနဲ့ ပတ်သက်လို့ မိသားစုခွင့်ပြုချက်မရတဲ့အတွက် ဖော်ပြတာမလုပ်ခဲ့ဘူးလို့လည်း ကိုသာလွန်ဇောင်းထက်ကပြောပြပါတယ်။
နိုင်ငံတကာနဲ့ သတင်းသမားတွေသိရှိအောင် သတင်းတွေထုတ်ပြန်လေ့ရှိတဲ့ MRTV မြန်မာ့အသံနဲ့ မြဝတီသတင်းတွေမှာလည်း အခုချိန်ထိ ဒီသတင်းကိုဖော်ပြတာတာတွေတော့မရှိသေးတာကတော့ ထူးခြားပါတယ်လို့ ကိုသာလွန်ဇောင်းထက်ကဆိုပါတယ်။
“စစ်ကောင်စီမီဒီယာ၊ မြန်မာ့အသံတို့မှာ သတင်းထုတ်ပြန်တာမရှိဘူး။ ကြေးမုံတို့၊ မြန်မာ့အလင်းတွေမှာ ထုတ်ပြန်တာမရှိဘူး။”
ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိတဲ့အခြေအနေများနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့AAPP ကလည်း စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ရာမှာတော့ စစ်ကောင်စီဘက်က လူငယ် လေးဦးကို တိုက်ခန်းပေါ်ကဆွဲချခဲ့ပြီး လမ်းပေါ်တွင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း သတ်ဖြတ်ခြင်းခံရသူများထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနဲ့ ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ ပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။ AAPP စာရင်းအရဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ ၁,၁၄၆ ဦး ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP စာရင်းတွေဟာ ချဲ့ကားထားတယ်လို့ ယခင်က တုံ့ပြန်ခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5
---------
Zawgyi/Unicode