ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေလုံခြုံရေးအတွက် ကားဝယ်ဖို့ သိန်း၉ထောင်နီးပါး အသုံးစရိတ်တင်ပြတောင်းဆိုမှုအပေါ် အများပြည်သူအကြားဝေဖန်မှုတွေ မြင့်တက်နေသလို ရန်ကုန်တိုင်းလွှတ်တော်မှာလည်း အချေအတင်ဖြစ်နေပါတယ်။ အသုံးစရိတ်ချွေတာမယ် ဆိုတဲ့ အစိုးရသစ်လက်ထက် ခုလို ဈေးမြင့်ကားတွေဝယ်ဖို့ လိုအပ်ရဲ့လားလို့ မေးခွန်းထုတ်နေကြတဲ့အပေါ် ၊ တိုင်းအစိုးရဖက်ကတော့ ဒါဟာ အမှန်တကယ်လိုအပ်ချက်ဖြစ်တယ်လို့ပဲ ခုခံ ပြောဆိုပါတယ်။ မမေခ စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်း ခြေ ငွေစာ ရင်း (လျာထားချက်)တင်ပြတာမှာရန်ကုန်တိုင်းဒေသကြီး အစိုးရ အသုံးပြုဖို့ကားဝယ်ဖို့ သိန်း ၉၀၀၀နီးပါး တောင်းခံခဲ့တဲ့ အတွက် ဝေဖန်မှု တွေရှိ လာခဲ့တာပါ။
ဒီလိုတောင်းဆိုတဲ့ အတွက် လွှတ်တော်မှာ အချေအတင် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အရ အသုံးခန့်မှန်း ခြေငွေ စာရင်း (လျာထားချက်)ကို အတည်မပြုနိုင်ခဲ့ပါဘူး။ အရင် အစိုးရလက် ထက်က လွှဲပြောင်းရယူခဲ့တဲ့ အစိုးရသုံးကားများဟာ ကြံ့ခိုင်မှုမကောင်းတာမို့ ကားအသစ်များကို အစားထိုးရန် လိုအပ်တာမို့ ဝယ်ယူရန် လျာထားချက်ထဲ ထည့်သွင်းရခြင်းဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းကဆိုပါတယ်။ ဒီအပြင် ဇိမ်ခံဖို့သက်သက် စီးဖို့ဝယ်ယူတာမျိုးမဟုတ်သလို ဇိမ်ခံကား မဟုတ်ကြောင်း ဝန်ကြီးက ဗွီအိုအေကိုခုလိုပြောပြပါတယ်။
"သူတို့ ဖြတ်ပြီးတော့ တင်ပြသွားကြတာဗျ ဒီတင်ပြတဲ့ ၁၀ စီးကိစ္စကိုပဲ ဘတ်ဂျက်မှာထည့်မှာ ထည့်တဲ့အကြောင်းပဲ ပြောလိုက်တယ်ဗျ။ ပြည်သူတွေလိုအပ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက တင်ပြတဲ့ လမ်းတို့ တံတားတို့ အကုန်လုံးထည့်သွင်းတယ် ဒါကတော့ အစိုးရအဖွဲ့ရဲ့ သုံးတဲ့ ကား ၁၀ စီးကို အားလုံးဝေဖန်ကြတာပါ။ ဝယ်မယ့် ဘားဂျက်မှာထည့်ထားတာက တိုယိုတာ (သို့) ဖော်ကျူနာ (သို့မဟုတ်) Ford ဆိုတော့ ဒီဟာတွေက ရန်ကုန်မြို့မှာ အလွယ်တကူပေါ့နော် တိုယိုတာ၊ ဖော်ကျူနာဆိုရင် ရန်ကုန်မြို့ ကားShow room မှာ အလွယ်တကူ ပေါက်ဈေးအတိုင်းဝယ်လို့ရနေတာပေါ့နော်။"
လုံခြုံစွာစီးနင်းရန် ဖို့ဒ်(သို့) တိုယိုတာအမျိုးအစား တစ်မျိုးမျိုးကို ဝယ်ဖို့တင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ကာလမှာ ခြိုးခြံနေရတာကတကြောင်း လိုအပ်ချက်ထက်ကျော်လွန်တောင်းဆိုမှုတွေကြောင့် ဒါကိုလက်မခံသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။
အရင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကတော့ လက်ရှိ NLD အစိုးရ ဘတ်ဂျက်သုံးစွဲမှု ကမေးခွန်းထုတ်စရာတွေရှိနေတယ်လို့ ဝေဖန်လိုက်ပါတယ်။
"အဲဒီတုန်းကတော့ ကားအသစ်ဝယ်ခဲ့တာပဲ။ အစိုးရအဖွဲ့ဝင်တွေအားလုံးအတွက် ဝန်ကြီးချုပ်အပါအဝင်ပေါေ့နာ်။ တကယ့်ကို ကားအသစ်ကိုပဲ တင်သွင်းခဲ့တာလေ။ အဲဒီတော့ အဲဒီတုန်းကတောင်မှ အဲဒီလောက်ဘားဂျက်ကို မသုံးခဲ့ဘူး Ford ကားဆိုတာက ဝေလာဝေးပေါ့နော် ဒါကြောင့်မို့လို့လဲ အဲဒါထက်စာရင် လွန်ခဲ့တဲ့ ၇ နှစ် က ကားသွင်းထားတာတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအစိုးရအဖွဲ့ဝင်တွေဘက်က အမှန်တော့ မလိုဘူးပေါ့နော် ။ ဘေးမကင်းဘူး မလုံခြုံဘူးဆိုရင်တောင်မှ Ford ကားမဟုတ်တဲ့ ဘေးကင်းလုံခြုံတဲ့ ကားတွေ အများကြီး အစိုးရအဖွဲ့အနေနဲ့ တင်သွင်းလို့ရတယ်။ အဲဒီတော့ သိန်း ၆၀ ၊ ၇၀ လောက်နဲ့ ကားအသစ်တွေ တင်သွင်းနိုင်တယ်ပေါ့ ။ဘာကြောင့် သိန်း ၁ ထောင်တန်ကားကို အစိုးရအဖွဲ့ဝင်တွေအတွက်မှာယူတယ်ဆိုတာကတော့ သိပ်ထူးဆန်းတယ်။ ဒါကကြံခိုင်ဖွံ့ဖြိုးရေးလက်ထက်တုန်းကတောင်မလုပ်ခဲ့ဘူး ။ ဒါကြောင့် ပြည်သူနဲ့ တသားထဲနေရမယ်ဆိုတဲ့ ဒီအရပ်သားအစိုးရလက်ထက်မှာတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးပေါနော်။"
လက်ရှိ ဘတ်ဂျက် သုံးစွဲဖို့ လျာထားစာရင်းဟာ မကျေမလည် ဖြစ်နေတာမို့ ကိုယ်စားလှယ်များ ဆွေးနွေးချက်များနဲ့ ၂၀၁၈-၁၉ဘဏ္ဍာနှစ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)ကို ရန်ကုန်တိုင်း အစိုးရဖက်က ပြန်လည်စီစစ်ပြီး၊ ပြည်ထောင်စုအစိုးရရဲ့ သဘောထားကိုလည်း ခံယူသွားမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ် ၄၅ မြို့နယ်ရှိ စီမံကိန်းပေါင်း ၈၀၀ ကျော်အတွက် သုံးစွဲရန် ငွေကျပ် ၇၀၀ ဘီလီယံ နီးပါး သုံးစွဲဖို့လျာထား သတ်မှတ်ထား ပါတယ်။
Your browser doesn’t support HTML5