ရိုဟင်ဂျာဒုက္ခသည်တွေ အခြေချမယ့် ကျွန်း ယန်ဟီးလီ သွားရောက်

၂၀၁၇ တုန်းက မစ္စယန်ဟီးလီ Cox's Bazar ရှိ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်စခန်းကို သွားရောက်စဉ်

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောင်းရွှေ့ချထားဖို့ စီစဉ်နေတဲ့ Bhashan Char ကျွန်းကို မနေ့က ဇန်နဝါရီလ ၂၄ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေနဲ့အတူ မစ္စယန်ဟီးလီ ရဟတ်ယာဉ်နဲ့သွားရောက်ခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေနေထိုင်ဖို့စီစဉ်နေတဲ့ အဆောက် အဦးတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ AFPသတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံ တွေဖြစ်ကြတဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ၁၁ရက်ကြာခရီးစဉ်နဲ့ မစ္စယန်ဟီးလီသွားရောက်နေတာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်အဆုံးသတ်တဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာမှာ သူ့ရဲ့ သတင်း စာရှင်းလင်းပွဲကိုကျင်းပမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ညနေငါးနာရီခွဲ၊ ဒါကာစံတော်ချိန်ငါးနာရီကျရင် ဒါကာမြို့က La Meridien ဟိုတယ် သတင်းစာရှင်းလင်း ပွဲကိုကျင်းပမှာဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ အခုနောက်ဆုံးသူ့ရဲ့ခရီးစဉ်က တွေ့ရှိချက်တွေကို လာမယ်မတ်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့အကြိမ်၄၀မြောက်ညီလာခံမှာ အစီခံ တင်ပြဖို့ရှိပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်တွေ အခြေချမယ့် ကျွန်း ယန်ဟီးလီ သွားရောက်