ကုလကိုယ်စားလှယ် ဒေါ်စုနဲ့ လူ့အခွင့်အရေးကိစ္စ ဆွေးနွေး

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee lee နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ (MOFA)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်တွေကို ဆွေးနွေးသွား တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန က ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပါမယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ခရီးစဉ် ပထမနေ့၊ ဒီနေ့ မနက် ၉ နာရီခန့်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမယ့် အစီရင်ခံစာအတွက်လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ အကြံပြုချက်တွေကို အဓိကထားဆွေးနွေးသွားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“Ms. Yanghee Lee က မြန်မာနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းသူက report တွေရေးတယ်၊ အကြံပြုချက်တွေရှိတယ်။ သူစိတ်ထဲမှာ မြန်မာနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေရှိတယ် ဆိုတော့ ဒီ အကြံပြုချက်တွေကိုပဲ အဓိက အခြေခံပြီးတော့ ဆွေးနွေးသွားပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြင့်တင်ရေးနှင့် ကာကွယ်ရေး ကိစ္စရပ်တွေ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး အခွင့်အရေးများဆိုင်ရာ ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံအနေနဲ့ ပါဝင်ဖို့ ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များ လက်မှတ်ထိုးရေးကိစ္စ စတဲ့ အကြောင်းအရာတွေ ဆွေးနွေး ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မစ္စယန်ဟီလီ အနေနဲ့ ဒီခရီးစဉ်မှာ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ တိုးတက်လာဖို့ မြန်မာအစိုးရနဲ့ရော ပြည်သူလူထုနဲ့ပါ အနီးကပ်တွေ့ဆုံ သွားဖို့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

၁၂ ရက် ကြာမြင့်မယ့် မစ္စယန်ဟီလီရဲ့ စတုတ္ထကြိမ်မြောက် မြန်မာခရီးစဉ်မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကိုလည်း သွားရောက်လေ့လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ စာနယ်ဇင်းကောင်စီ စတဲ့အဖွဲ့အစည်းတွေအပြင် အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။

Your browser doesn’t support HTML5

ကုလကိုယ်စားလှယ် ဒေါ်စုနဲ့ လူ့အခွင့်အရေးကိစ္စ ဆွေးနွေး