စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ၂၀ ရဲ့ G-20 ထိပ်သီးဆွေးနွေးပွဲအတွင်း အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်မှာတော့ ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး နှစ်နိုင်ငံကြား သဘောတူညီချက်လေး တခု ရရှိခဲ့ပါတယ်။
အာဂျင်တီးနား နိုင်ငံကနေ အမေရိကန်ကို အပြန်လမ်းမှာဘဲ Air Force One လေယာဉ်ပေါ်မှာ သမ္မတ Trump က ကြေညာချက် ထုတ်ပါတယ်။ အဲဒီကြေညာချက်ထဲမှာတော့ အခု ဆွေးနွေးပွဲက အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံး အတွက် အလားအလာကောင်းတွေနဲ့ ကောင်းမွန် အလုပ်ဖြစ်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ သမ္မတ Trump က ပြောဆိုထားပါတယ်။ တရုတ် သမ္မတ Xi နဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့ အပေါ်မှာ ဂုဏ်ယူကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။
သိပ်ကောင်းတဲ့ သဘောတူညီချက် ဖြစ်ကြောင်းလည်း အမေရိကန် သမ္မတက Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သွင်းကုန်ခွန်တွေကို သူ့ဘက်က ပြန်လည် ရုပ်သိမ်းပေးမှာ ဖြစ်သလို တရုတ်ဘက်ကလည်း သွင်းကုန်ခွန်တွေကို ဖယ်ရှားပေးမယ့်အကြောင်း၊ တရုတ်ဘက်က အမေရိကန် ထုတ်ကုန် အများအပြားကိုလည်း ဝယ်ယူမှာ ဖြစ်ကြောင်း အမေရိကန်ကို အပြန်လမ်းမှာဘဲ သမ္မတ Trump က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းတွေ အပေါ် အမေရိကန်ဘက်က အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံ ထားတာကနေ အခု ဇန်နဝါရီလ ၁ ရက်နေ့မှာ ထပ်တိုးမယ်လို့ ပြောဆိုထားတဲ့ ၂၅ ရာခိုင်နှုန်း အထိ တိုးပြီး မကောက်ဖို့ လောလောဆယ် အမေရိကန် သမ္မတဘက်က သဘောတူထားကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။
သဘောတူညီချက် မရသေးပေမယ့်လည်း တရုတ် အနေနဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး ကွာဟချက်ကို လျှော့ချနိုင်ရေး အတွက် အမေရိကန်ရဲ့ စက်မှုထုတ်ကုန်တွေ၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ တခြား ထုတ်ကုန် ပမာဏ အများအပြား ဝယ်ယူဖို့ သဘောတူမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ အမေရိကန် လယ်သမားတွေဆီက လယ်ယာ ထွက်ကုန်တွေကို တရုတ်ဘက်က စပြီး ဝယ်ဖို့ သဘောတူကြောင်းလည်း ပြောပါတယ်။ နည်းပညာတွေ လွှဲပြောင်းပေးဖို့ ဖိအားပေးတာတွေ၊ ညဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ပေးရေး၊ ကုန်သွယ်ရေး အတားအဆီးတွေ၊ ဆိုက်ဘာ ထိုးဖောက်ဝင်ရောက်မှုတွေနဲ့ ခိုးယူုမှုတွေ၊ ဝန်ဆောင်မှုနဲ့ စိုက်ပျိုးရေး ကဏ္ဍတို့မှာ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲရေး စပြီး ဆွေးနွေးကြဖို့လည်း တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေ သဘောတူခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။
Your browser doesn’t support HTML5