မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်မှု အခြေအနေဟာ မနှစ် ၂၀၁၇ ခုနှစ်ကထက်စာရင် ပိုဆုတ်ယုတ်လာကြောင်း RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်မှုဟာ မနှစ်က အဆင့် ၁၃၁ မှာ ရှိခဲ့ရာက ဒီနှစ် အစီရင်ခံစာမှာ ၆ ဆင့် လျော့ကျပြီး အဆင့် ၁၃၇ ကို ရောက်သွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
NLD အစိုးရ လက်ထက်မှာ အစိုးရနဲ့ စစ်တပ်ကို ဝေဖန် ရေးသားတဲ့အတွက် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတာမျိုး ရှိတော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေဘက်က မျှော်လင့်ခဲ့ကြကြောင်း၊ ဒါပမေယ့်လည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအတွက် ဦးစားပေး လုပ်ငန်းရပ်ထဲမှာ မပါဝင်ကြောင်း RSF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ်အတွင်း သတင်းထောက် ၂၀ ဖမ်းဆီး အရေးယူခံခဲ့ရပြီး အများစုဟာ ၆၆(ဃ) ပုဒ်မနဲ့ စွဲချက် တင်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လက တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို တပ်မတော်က ကိုင်တွယ် ဆောင်ရွက်တဲ့နောက်ပိုင်းမှာ သတင်းထောက်တွေရဲ့ အခြေအနေဟာ ပိုပြီး ဆိုးရွားလာတယ်လို့လည်း RSF ရဲ့ အီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတင်းအမှောင် ချခံထားရတဲ့ ရခိုင်ပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားတဲ့ သတင်းထောက်တွေဟာလည်း ဖမ်းဆီး ထောင်ချခံခဲ့ကြရသလို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကိုလည်း သတင်းယူခွင့် ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။
အလားတူဘဲ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဟာ စတိတ်တပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ လွတ်လပ်ခွင့်အရှိဆုံးဖြစ်တဲ့ အဆင့် ၁ ကနေ လွတ်လပ်ခွင့် မရှိတဲ့ အဆင့် ၇ အကြားက တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၅ မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အလားတူဘဲ နိုင်ငံရေး ဆိုင်ရာ လွတ်လပ်ခွင့်၊ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေမှာလည်း မြန်မာနိုင်ငံဟာ အဆင့် ၅ မှာ ရှိနေကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံပေါင်း ၁၉၅ နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်ခွင့်တွေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်တမ်း ကောက်ယူပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူတဲ့နေရာမှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဌာန်းချက်တွေအတိုင်း တိုင်းပြည် အသီးသီးက လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာပြီး စစ်တမ်းကို ကောက်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5