၂၀၁၅ နှစ်သစ် ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုဆို

ကမ္ဘာတလွှားက နှစ်သစ်ကူးပွဲတော်အခမ်းအနားများ သတင်းဓာတ်ပုံ

၂၀၁၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး အခါသမယကို ကမ္ဘာအနှံ့မှာ မီးရှုးမီးပန်းတွေ ပစ်ဖေါက်၊ သီချင်းတွေ သီဆိုကြ၊ ကပွဲသဘင်တွေနဲ့ မြူးမြူးကြွကြွ ကြိုဆိုခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ မကြာသေးခင်က မုန်တိုင်းနဲ့တိုးမိလို့ AirAsia ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်ရပ်ကြောင့် သေဆုံးသွားခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ပြီး မပျော်ရွှင်နိုင်ပဲ ဖြစ်ခဲ့ကြပါတယ်။ VOA သတင်းထောက် Zalatica Hoke ရဲ့သတင်းပေးပို့ချက်နဲ့ အတူ နှစ်သစ်ကူးကာလ အခါသမယ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ပြောကြားချက်တွေကို တင်ပြပေးချင်ပါတယ်။

သြစတေးလျနိုင်ငံ Sydney မြို့ရဲ့ ဆိပ်ကမ်းမှာ ကျင်းပတဲ့ နှစ်သစ်ကူး မီးရှုးမီန်းတွေ ပစ်ဖေါက်ထွန်းညှိတဲ့ပွဲကို လူပေါင်း တသန်းကျော် စုဝေးပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ တခြားကမ္ဘာအနှံ့က မြို့ကြီးတွေမှာလဲ အလားတူ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့တာပါ။

တရုတ်နိုင်ငံရဲ့မြို့တော် Beijing မှာတာ့ ငှက်သိုက်လို့ တင်စားခေါ်ကြတဲ့ အိုလံပစ် အားကစားရုံကြီးထဲမှာ လေးနာရီကြာ ဆောင်းရာသီ အားကစား သရုတ်ဖေါ်ပြသ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ လက်ခံ ကျင်းပဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်နေမှုကို ပြသတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။ သမ္မတ Xi Jinping ရဲ့ ငြိမ်းချမ်းရေးမိန့်ခွန်းမှာတော့ …

"လူတွေ ဆာလောင်မွတ်သိပ်မှု၊ ချမ်းအေးတဲ့ ရာသီဥတုရဲ့ဒဏ်၊ နှိပ်စက် ညှင်းပမ်းခံရမှု စတာတွေကနေ ကင်းဝေးရေး၊ စစ်မက်နဲ့ ခြိမ်းခြောက်မှု မခံရရေး အတွက် ကျနော်တို့ဟာ တခြားတိုင်းပြည်တွေနဲ့အတူ ချစ်ကြည်ရင်းနှီးစွာနဲ့ လုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာအနှံ့က ကလေးတွေအားလုံး ငြိမ်းချမ်းရေးမှုရဲ့ အရိပ်အာဝါသအောက်မှာ ရှင်သန်ကြပါစေ။"

တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံမှာတော့ နှစ်သစ်ကူး မီးရှုးမီးပန်း ပစ်ဖေါက်မှုကို ၁၅ မိနစ်ပြုလုပ်ခဲ့ပြီး၊ ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ ရာနဲ့ချီပြီးရှိတဲ့ မိုးပျံဗူဘောင်းတွေ ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် Kim Jong Un ကလည်း အဆင့်မြင့် အစည်းအဝေးတွေ လုပ်ဖို့ အခြေအနေတွေ တောင်ကိုးရီးယားဘက်မှာ ရှိနေရင် ဒီလိုအစည်းအဝေးတွေ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး၊ ဒီလို ပူးပေါင်းဆောင်ရွက်မယ့် တွေ့ဆုံဆွေးနွေးရေးတွေဖြစ်လာဖို့ ကျုပ် တို့ဘက်က အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ဥရောပမှာတော့ St. Peter’s Basilica မှာ ကျင်းပတဲ့ နှစ်သစ်ကူးအကြို ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က …

"မကြာသေးမီ ရက်တွေအတွင်း ထုတ်ဖေါ်လိုက်တဲ့ အဂတိလိုက်စားမှု အတိုင်းအတာ ကြီးမားမှုကို ကြည့်ချင်းအားဖြင့် လူတွေရဲ့ စိတ်ဓါတ်နဲ့ ကျင့်ဝတ်သိက္ခာ တွေကို လေးလေးနက်နက် အသိတရားရှိရှိ ပြုပြင်ကြသင့်ပြီဆိုတာ ရှင်းပါတယ်။ ဒါ့အပြင် မရှိ ဆင်းရဲသူတွေ၊ အားအင် ချိနဲ့သူတွေ၊ လူမှုအဖွဲ့အစည်းမှာ ဥပေက္ခာပြုခံရသူတွေအပေါ် တရားမျှတ ကြင်ကြင်နာနာ ဆက်ဆံကြဖို့နဲ့ အလေးဂရုထားကြဖို့ တိုက်တွန်းချင်ပါတယ်။"

ရုရှားသမ္မတ Vladimir Putin ကတော့ ရုရှားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု အပေါ် ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး၊ ၂၀၁၅ ခုနှစ်မှာ ပိုမိုထူးခြားအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ရုရှားနိုင်ငံအတွက်၊ ရုရှား ကလေးငယ်တွေ အတွက်၊ ကျနုပ်တို့အတွက် ပြင်ဆင်ထားတဲ့ အစီစဉ်တွေတခုချင်းကို ပြီးမြောက်အောင် အကောင်ထည်ဖေါ် လုပ်ဆောင်ကြရလိမ့်မယ် လို့ ပြောသွားပါတယ်။

ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကတော့ ဥရောပမှာ အလျှင်အမြန် ကြီးထွားလာနေတဲ့ လူမျိုးရေး လှုပ်ရှားမှု ဖြစ်စဉ်တွေကို ဝေဖန်ပစ်တင် လိုက်ပါတယ်။ ဥရောပတိုက်ဟာ ရုရှားနိုင်ငံနဲ့ အတူ လုံလုံခြုံခြုံ အေးအေး ချမ်းချမ်း နေထိုင်ချင်တယ်ဆိုတာ မေးစရာ မလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရုရှားကို ဆန့်ကျင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တန်းတူညီမျှမှု ရှိရပါမယ်။ အင်အားကြီးတဲ့သူက နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ဥရောပက လက်မခံနိုင်ပါဘူး။ ဘယ်တော့မှလည်း လက်ခံမှာ မဟုတ်ပါဘူး။

ပြင်သစ်သမ္မတ Francois Hollande ကတော့ စည်းလုံးညီညွတ်မှုရှိဖို့နဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ ဘာသာဝင်တွေကြားမှာ အပြန်လှန် လေးစားမှု ရှိကြဖို့ ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်တွေ ကျင်းပရာ အထင်ရှားဆုံးနေရာဖြစ်တဲ့ နယူးယောက် မြို့တော်မှာတော့ အခုနှစ် နှစ်သစ်ကူးပွဲကို ဇွဲကောင်းသူတို့ရဲ့ ဆုလာဒ်လို့ တင်စား ကဗျည်းထိုးထားပါတယ်။

Times Square စုစည်းမှုရဲ့ သဘာပတိ Tim Tompkins က ….

"အခုနှစ်အတွက် ကျနော်တို့ရဲ့ အထူးဧည့်သည်တော်တွေကတော့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာအနှံ့မှာရှိတဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသူတွေ၊ ဒုက္ခသည်တွေကို အကူညီပေးနေတဲ့ အဖွဲ့ဖြစ်လို့ ဂုဏ်ပြုတာပါ။ ဘေးဒုက္ခဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ဟာ ဇွဲကောင်းမှုတွေ၊ ပင်ပမ်းဆင်းရဲ ခံနိုင်မှုတွေ ပြသနိုင်ကြသူတွေဖြစ်ကြပါတယ်လို့ ပြောသွားပါတယ်။

ကမ္ဘာအနှံ့မှာရှိကြတဲ့ လူတွေအားလုံးဟာ ဆိုရင်လည်း နှစ်သစ် မှာ အေးချမ်းသာယာ ပျော်ရွှင်ကြစေဖို့ တဦးနဲ့တဦး ဆုမွန်ကောင်းတွေ ပို့သခဲ့ကြပါတယ်။