မြန်မာအပါအဝင် ပဋိပက္ခဒေသတွင်းနေထိုင်ကြတဲ့ ကလေးတွေအရေး မမေ့ကြဖို့ UNICEF ပန်ကြား

မြန်မာအပါအဝင် ပဋိပက္ခဒေသတွင်းနေထိုင်ကြတဲ့ ကလေးတွေအရေး မမေ့ကြဖို့ UNICEF အစီရင်ခံစာ

ကမ္ဘာ့နိုင်ငံတော်တော်များများက ပဋိပက္ခတွေအတွင်း ရက်စက်ကြမ်းကျုပ်မှုတွေရဲ့ဒဏ်ကိုခံနေရတဲ့ကလေးငယ် အရေ အတွက်ဟာ အခု ၂၀၁၈ ခုနှစ်အတွင်းသိသိသာသာတိုးလာခဲ့တယ်လို့ UNICEF လို့ခေါ်တဲ့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က ပြောလိုက်ပါတယ်။ ရက်စက်မှုဒဏ်တွေကိုခံနေကြရသူတွေထဲမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာလည်း ပါဝင်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က စုစည်းတင်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကုန်ဆုံးတော့မယ့် ၂၀၁၈ ခုနှစ်အတွင်း ပဋိပက္ခတွေကြားမှာ ဒုက္ခခံစားနေကြရတဲ့ ကလေး ငယ်တွေကို ကမ္ဘာက အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန် တဲ့ UNICEF ကုလ သမဂ္ဂကလေးများရံပုံငွေအဖွဲ့ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၁၂ လကာလ အတွင်း လက်နက်ကိုင် ပဋိ ပက္ခတွေဖြစ်ပွါးတဲ့ကမ္ဘာတဝှမ်းက ဒေသတွေမှာ အကြမ်းဖက်မှုတွေအကြား ကလေးငယ်တွေ နေထိုင်ရတဲ့အခြေအနေတွေက ဆိုးဆိုးဝါးဝါး ဆက်ပြီး ကြုံတွေ့ခဲ့ကြရတယ်လို့UNICEF အဖွဲ့ရဲ့ အရေးပေါ်အစီအစဉ်ဆိုင်ရာညွန်ကြားရေးမှူး Manuel Fontaineက ပြောပြပါတယ်။ အကြမ်းဖက် ရက်စက်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေဟာလည်း အရေးယူ မခံရသလောက်ဖြစ်နေတာမို့ အခြေအနေတွေဟာ ပိုပြီးဆိုးလာခဲ့တယ်၊ ကလေးငယ်တွေကို ကူညီကာကွယ်ဖို့ အခုထက်ပိုပြီး လုပ်ဆောင်မှဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွါးနေတဲ့တိုင်းပြည်တွေမှာ ရှိနေကြတဲ့ ကလေးငယ်တွေဟာ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ၊ တိုက်ခိုက်ရေးမှာသုံးဖို့ စုဆောင်းခံရတာ၊ အတင်းအဓမ္မ ပေးစားခံရတာ၊ မုဒိန်းကျင့်ခံရတာ၊ အဖမ်းခံရတာတွေဟာ လုပ်ထုံးလုပ်နည်းတွေအဖြစ်ရှိလာနေပြီး ဒီအဖြစ်အပျက်တွေက ဆီးရီးယား၊ ယီမင်၊ ကွန်ဂို၊ နိုက်ဂျီးရီးယား၊ တောင်ဆူဒန်နဲ့မြန်မာ စတဲ့တွေမှာသိသိသာသာရှိခဲ့တယ်လို့ UNICEF အဖွဲ့ကပြောပါ တယ်။ နှစ်သစ်ကူးကာလမှာ ဒုက္ခရောက်နေတဲ့ကလေးငယ်တွေကို မမေ့ကြဖို့ UNICEF အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် Henrietta Foreက ဗွီဒီယိုသတင်းစကားပါးပါတယ်။

“လာမယ့်နှစ်သစ်ကိုကြိုဆိုဖို့ လူတွေ ပြင်ဆင်နေကြချိန်မှာ ကံမကောင်း အကြောင်းမလှကြသူတွေကိုလည်း သတိရကြလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ဒီကနေ့ ကမ္ဘာတဝှန်းမှာ သန်းနဲ့ချီရှိတဲ့ ကလေးနဲ့ လူငယ်တွေဟာ ပဋိပက္ခ ဖြစ်ပွားရာနိုင်ငံတွေမှာ နေထိုင်နေကြရပါတယ်။ ဆီးရီးယား၊ ယီမင်၊ တောင်ဆူဒန်၊ အလယ်အာဖရိက၊ နိုင်ဂျီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ ကွန်ဂိုတို့အပြင် တခြားနိုင်ငံ အများအပြားတွေမှာ ဖြစ်ကြပါတယ်။”

ကမ္ဘာမှာဖြစ်ပွါးနေတဲ့ပဋိပက္ခတွေက ပိုပြင်းထန်လာနေတာမို့ ကလေးငယ်တွေရင်ဆိုင်နေရတဲ့အခြေအနေ တွေဟာလည်း ပိုပြီးဆိုးဝါးလာနေတယ်လို့ Henrietta Fore ကပြောပါတယ်။

“ဒီကနေ့ ပဋိပက္ခတွေ ပိုဖြစ်ပွားနေပါတယ်။ ပိုရက်စက်ကြမ်းကြုတ်လာတယ်။ ပိုကြာရှည်လာတယ်။ ကလေးတွေဟာ ဒီဒုက္ခကို အများဆုံး ပေးဆပ်ကြရတာ ဖြစ်ပါတယ်။ သူတို့တတွေရဲ့ဘဝဟာ အိပ်မက်ဆိုးပါပဲ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့အခွင့်အရေးချိုးဖေါက်ခံနေရတာနဲ့ပတ်သက်တဲ့ သတင်းတွေကို ကုလသမဂ္ဂ က ဆက်ပြီးလက်ခံရရှိနေတဲ့အကြောင်း၊ ဒီသတင်းတွေထဲမှာ အသတ်ခံရတာ၊ ပျောက်ဆုံး သွား တာနဲ့ အဖမ်းခံရတာတွေ ပါဝင်ပြီး၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်မရှိတာ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေလည်းမရှိပဲဖြစ်နေ တယ်လို့ UNICEF အဖွဲ့ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒီအခွင့်အရေးတွေကို ရိုဟင်ဂျာကလေးငယ်တွေမရရင် လူ့အဖွဲ့အစည်းကို အထောက်အကူပေးဖို့ လိုအပ်တဲ့ အရည်အချင်းတွေ သူတို့မှာ မရှိဘဲ ဖြစ်နေလိမ့်မယ်လို့လည်း ဆိုပါတယ်။

၂၀၁၈ ခုနှစ်အတွင်း UNICEF အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့် နိုက်ဂျီးရီးယားနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်ဖို့ စုဆောင်း ခံခဲ့ရတဲ့ ကလေး ၈၃၃ ဦး အောက်တိုဘာလတုန်းက ပြန်လွတ်မြောက်လာခဲ့ကြောင်း၊ တောင်ဆူဒန် မှာ မိဘတွေနဲ့ကွဲကွာနေတဲ့ ကလေး ၆,၀၀၀ မိသားစုတွေပြန်ဆုံစည်းနိုင်ခဲ့ကြောင်း၊ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာတိုးတက်မှုတွေရှိလာအောင် ကူညီပေးခဲ့ကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဘက်မှုခံခဲ့ရတဲ့ အီရတ်နိုင်ငံက အမျိုးသမီးနဲ့ကလေးငယ်တွေကို တိုးတက်မှုတွေ ရှိလာအောင်ကူညီနိုင်ခဲ့ကြောင်းလည်း မနေ့ကထုတ်ပြန် တဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အခုလာမယ့်နှစ်သစ်မှာ ကလေးတွေအပေါ်အကြမ်းဘက်မှုတွေကိုရပ်တန့်ကြဖို့ UNICEF အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် Henrietta Foreက တိုက်တွန်းပါတယ်။

ကလေးတွေကိုအကြမ်းဖက်မှုလုပ်တာဟာ နိုင်ငံတကာဥပဒေကိုချိုးဖေါက်ရာရောက်တာကြောင့် တိုက်ခိုက်နေ ကြတဲ့ အဖွဲ့တွေအားလုံးက နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့နဲ့ ကလေးတွေရှိနေကြတဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေမလုပ်ကြဖို့နဲ့ ကလေးငယ်တွေကိုကာကွယ်ရေး ကမ္ဘာ့နိုင်ငံ တွေက ဝိုင်းပြီးကြိုးပမ်းကြဖို့ကိုလည်း UNICEF အဖွဲ့ကတိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မြန်မာအပါအဝင် ပဋိပက္ခဒေသတွင်းနေထိုင်ကြတဲ့ ကလေးတွေအရေး မမေ့ကြဖို့ UNICEF ပန်ကြား