ဘောလုံး ကမ္ဘာ့ဖလား မြန်မာတို့ စိတ်လှုပ်ရှား

ကမ္ဘာ့ဖလား ဘောလုံးပွဲ။

၄ နှစ် တစ်ကြိမ်မှသာ ကျင်းပလေ့ ရှိတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေဟာ မကြာခင်နာရီပိုင်းတွေမှာ စတင် ကျင်းပတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ က ဘောလုံး ဝါသနာရှင်တွေ စိတ်လှုပ်ရှားနေကြပါပြီ။ ဘောလုံး အားကစားကို ချစ်မြတ်နိုးကြတဲ့ မြန်မာတွေအနေနဲ့ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ကြမယ့် ဘယ်နိုင်ငံ အသင်းတွေကို အဓိကအားပေးဖို့ ပြင်ဆင်နေကြလဲ ဆိုတာနဲ့ ပတ်သက်ပြီး
ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြ မှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ဒီကနေ့ ဘရာဇီးလ်နိုင်ငံမှာ စတင်တော့မှာနဲ့အတူ နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်နေချိန်မှာပဲ မြန်မာနိုင်ငံ က ဘောလုံးအားကစားကို စွဲလမ်းကြတဲ့ ဝါသနာရှင်တွေ အနေနဲ့လည်း ဒီနေ့ ည ၁၂ နာရီမှာ စတင်တော့မယ့် ကမ္ဘာ့ဖလားဖွင့်ပွဲကို စိတ်စောနေကြပြီ လို့ ပြောဆိုကြပါတယ်။

ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမယ့် ပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှုဖို့ အားခဲသူတွေလည်း ရန်ကုန် ၊ မန္တလေး နဲ့ နယ် မြို့တွေ မှာ ဒုနဲ့ဒေး ရှိနေကြတယ်လို့ ဘောလုံး ဝါသနာရှင် အသိုင်းအဝိုင်း က ပြောဆိုပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာ ဖွင့်ပွဲအဖြစ် Sao Paulo မြို့တော်မှာ ဘရာဇီးလ်နဲ့ ခရိုအေးရှား ကန်ကြမယ့် အဖွင့်ပွဲစဉ် စတင်မှာ ဖြစ်ပါတယ်။

၄နှစ် တစ်ကြိမ်မှသာ ကြည့်ရတဲ့ ဘောလုံးပွဲ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံထဲမှာ ကမ္ဘာဖလား ကြည့်ရှုခွင့်ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ Sky Net ဂြိုလ်တု စလောင်းကို လတ်တလောမှာပဲ တပ်ပြီး ဘောလုံးပွဲ ကြည့်ဖို့ ပြင်ဆင်နေတယ်လို့ မီဒီယာသင်တန်းဆရာ ဦးရဲနိုင်မိုးက အခုလို ပြောပါတယ်။

" ကျနော်တို့တော့ စောင့်စားနေတာ ကြာပြီပေါ့ဗျာ။ ပုံမှန်လေးနှစ် တစ်ကြိမ်ကြည့်တယ်။ အမှန်အတိုင်းပြောရရင် ကမ္ဘာ့ဖလားမဟုတ်ပဲနဲ့ ကျန်တဲ့ ကလပ်အသင်းတွေကို မကြည့်တာကြာပြီ။ ဒါပေမဲ့ လေးနှစ်တစ်ကြိမ်ကတော့ ကြည့်ချင်တယ်။ အဲ့တာကြောင့် မတပ်ချင်တဲ့ Sky Net တောင် တပ်လိုက်တယ်ဗျာ။ ကျနော့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကြည့်ရင်တော့ အားလုံးက ကမ္ဘာ့ဖလား နဲ့ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားနေကြတယ်။ ပုံမှန်ကလပ်အသင်းကို ကြည့်နေသူတွေတင် မကဘူး။ အမျိုးသမီး ပရိတ်သတ်တွေ ကျနော်တို့ မိသားစု သူငယ်ချင်းတွေ အားလုံး ကလည်း ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ ကျနော်ထင်တယ် မြန်မာပရိတ်သတ်က အမြဲတမ်း ဘောလုံးနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ဒီနှစ်ကမ္ဘာ့ဖလားကတော့ အားလုံးက စောင့်ကြည့်နေမယ်လို့ မျှော်လင့်ပါတယ်။"

ကမ္ဘာ့ဖလားဆိုရင် မြန်မာပရိသတ်တွေ အသည်းခိုက်အောင် အားပေးလေ့ရှိတဲ့ အင်္ဂလန် ပြီးတော့ အိမ်ရှင် ဘရာဇီးလ်အသင်းတွေကို ဒီနှစ် မြန်မာ ပရိသတ် တွေ ဦးစားပေး အားပေးဖို့ ရှိလိမ့်မယ်လို့လည်း ဦးရဲနိုင်မိုးက သုံးသပ်ပါတယ်။

"ကျနော်ထင်တယ်ဗျ။ မြန်မာ ပရိတ်သတ်ကတော့ ပုံမှန် သူအားပေးနေလေ့ရှိတဲ့ ဘရာဇီးလ် ကို သူအားပေးမယ်။ နောက်တခါ အင်္ဂလန်အသင်းကို အားပေးမယ်။ သူတို့ အသည်းနှလုံးကို ခဏ၊ ခဏ ခွဲပေမဲ့လည်း အင်္ဂလန်အသင်းကို အားပေးလိမ့်မယ်။ နောက် စပိန်နဲ့ အီတလီ ကိုလည်း အားပေးနေကြမယ်လို့ထင်တယ်။ ဒီနှစ် အားကောင်းတဲ ဂျာမနီကိုလည်း ပရိတ်သတ် ရှိနေနိုင်ပါတယ်။"

Sky Net တပ်ဆင်ထားမှသာ ၂၀၁၄ ကမ္ဘာ့ဖလားကို နေအိမ်ကနေ ကြည့်ရှုခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Sky netာ မြန်မာ နိုင်ငံမှာ နေထိုင်တဲ့ သာမာန်လူလတ်တန်းစားတွေ အားလုံးတောင် တပ်နိုင်တဲ့ ကုန်ကျစရိတ် မျိုး မဟုတ်တဲ့အတွက် လက်ဖက်ရည် ဆိုင်တွေ နဲ့ဘီယာဆိုင်တွေမှာသာ ကမ္ဘာ ဖလား ကြည့်ဖို့ ပြင်ဆင်နေသူတွေ လည်း ရှိနေပါတယ်။

ဒီထဲ မြို့ပြအင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ ဦးသော်ဇင်ထွန်းလည်း ပါဝင်ပါတယ်။ သူကတော့ ၂၀၁၄ ကမ္ဘာ့ ဖလား ကြည့်ရှုဖို့ ဘယ်လို ပြင်ဆင်နေလဲ ဆိုတာကို အခုလို ပြောပါတယ်။

" ကျနော်ကတော့ Sky Net မတပ်နိုင်ပါဘူးဗျာ။ အဲ့တာကြောင့် ကျနော် အိမ်မှာတောင် ပြောဖြစ်သေးတယ်။ Sky Net က ဈေးကြီးတဲ့အကြောင်းနဲ့ နောက် တခြားနိုင်ငံတွေမှာလို ဥပမာ ပွဲအကုန်လုံး မဟုတ်ရင်တောင်မှ နိုင်ငံပိုင် ရုပ်မြင်သံကြားတွေကနေပြီးတော့ အလကား ပြသင့်တယ်လေ။ Sky Net ကို တပ်ပြီး ကြည့်နိုင်ဖို့ဆိုတာက သန်းခြောက်ဆယ် ထားပါတော့ လူဦးရေ ဘယ်လောက်က တတ်နိုင်မှာတုန်း။ အိမ်ထောင်စုဦးရေ ရာခိုင်နှုန်းနည်းနည်းလောက်ပဲ တတ်နိုင်မှာ။ အဲ့ဒီ့တော့ လက်ဘက်ရည်ဆိုင်တွေမှာပဲ သွားဆုံကြတာပေါ့ဗျာ။"

ဖွင့်ပွဲမှာတော့ စီစဉ်ထားတဲ့အတိုင်း နာမည်ကြီးအဆိုတော် Jennifer Lopez နဲ့ Pitbull တို့က ဒီနှစ် ကမ္ဘာ့ဖလားပွဲ သီချင်းဖြစ်တဲ့ 'We Are One (Ole Ola)' ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ တော့ ကမ္ဘာ ဖလား ပြိုင်ပွဲဝင် အသင်းတွေ ရဲ့ ဘောလုံး ကန် အကျီတွေ မြန်မာ နိုင်ငံ အတွင်းမှာ ထိပ်တန်းအရောင်းရဆုံးကတော့ ဂျာမနီ အကျီဖြစ်နေတယ်လို့ အားကစား ပဒေသာ အားကစားပစ္စည်း အရောင်းဆိုင်ရဲ့ MD ဖြစ်တဲ့ ကိုမျိုးပိုင်ဆင့် က ဗွီအိုအေကို ပြောပါတယ်။

" ထူးခြားတဲ့အသင်းအနေနဲ့ ဒီနှစ်မှာတော့ ဂျာမနီပေါ့နော်။ ဂျာမနီကတော့ အသင်းကြီးလည်း အစကတည်းက ဖြစ်တယ်။ နောက်ပြီးတော့ သူ့ရဲ့ ဒီဇိုင်းကလည်း ထူးထူးခြားခြား ကောင်းမွန်တယ်။ ဒီဇိုင်း ကောင်းမွန်တဲ့ အတွက်ကြောင့်မို့လို့ ဒီနှစ်မှာတော့ ရောင်းအားအကောင်းဆုံး
အသင်းကိုပြောရင် ဂျာမနီအကျီကို ပြောလို့ရတယ်။ ဂျာမနီပြီးရင်တော့ ဘရာဇီးလ်ပေါ့နော်။ အင်္ဂလန်ကတော့ ဒီနှစ်မှာ နည်းနည်းလေး သူ့ရဲ့ ဝယ်လိုအား ကျသွားတယ်။ သို့ပေမဲ့လည်း ကျနော်တို့က အင်္ဂလန်ဆိုတဲ့အတိုင်း လူစိတ်ဝင်စားမှုရှိတဲ့ အသင်းပီပီ၊ တခြားအသင်းတွေနဲ့ယှဉ်ရင် သူကလည်း ဂျာမနီတို့ ဘရာဇီးလ်တို့ ပြီးရင် ရောင်းရတယ်။"

ကမ္ဘာ့ဖလားပွဲမတိုင်ခင် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဘရာဇီးလ်မှာ ရှိခဲ့ပေမဲ့ ဘောလုံးပွဲကာလ အတွင်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ပြောထားပါတယ်။ လုံခြုံရေးကိုလည်း အထူး တင်းကျပ်ထားပါတယ်။

ဗိုလ်လုပွဲဝင်ကြမယ့် နိုင်ငံတကာ အသင်းတွေလည်း ဘရာဇီးလ်မှာ ရောက်နေကြပြီး ပြင်ဆင်လေ့ကျင့်နေကြပါတယ်။
ပွဲစဉ်တွေ လက်ခံကျင်းပမယ့် မြို့ကြီး ၁၂ မြို့မှာ အားကစားရုံတွေ တည်ဆောက်ပြီး သွားလာရေး စီမံ ဆောက်လုပ်မှုတွေအတွက် အစိုးရက ဒေါ်လာ ၁၁ ဘီလီယံကျော် အကုန်အကျခံမယ့်ကိစ္စနဲ့ ပတ်သက်လို့ မကြာသေးခင်လတွေတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

အခုလို ငွေတွေ အများအပြား သုံးစွဲလိုက်တဲ့အတွက် ကျန်းမာရေး၊ ပညာရေး လို ကိစ္စရပ်တွေ အတွက် ငွေကြေး သုံးစွဲနိုင်ခြင်း မရှိတော့သလို၊ အစိုးရ အရာရှိတွေကြား အကျင့်ပျက် ခြစားမှုတွေလည်း ဖြစ်လာစေတယ်လို့ ကန့်ကွက်သူတွေက ကမ္ဘာ ဖလား မတိုင်ခင်က ဘရားဇီလ်မှာ ဝေဖန်ခဲ့တာပါ။